မန္တလေး ၁၁ နိုဝင်ဘာ 

 

မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်လက်ရာများကို တစ်နေ့ထက်တစ်နေ့ ကမ္ဘာက သိလာသည်နှင့်အမျှ အဆိုပါလက်ရာမွန်များကို လေ့လာရန်အတွက် နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိသည်။ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့၏ မြောက်ဘက် ၂ မိုင် ၄ ဖာလုံ ၊ မန္တလေးမြို့၏ အနောက် တောင်ဘက် မိုင်(၂၀) ခန့်အကွာ ဧရာဝတီမြစ် နှင့် ဒုဌဝတီမြစ် (မြစ်ငယ်မြစ်) တို့ဆုံရာတွင် တည်ရှိသော အင်းဝမြို့ဟောင်း ဒေသသို့ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ရှိကြောင်း သိရသည်။

 

''ဒီဒေသကို ဝါကျွတ်ပြီးကတည်းက ပြည်တွင်းပြည်ပခရီးသွားတွေ လာရောက်လေ့လာတာတော်တော် များလာတယ်၊ ပြည်ပခရီးသွားတွေကတော့ မန္တလေးမြို့၊ စစ်ကိုင်းမြို့တို့ဘက်ကနေ တစ်ဆင့် ကားကြီးတွေနဲ့ အဖွဲ့လိုက် လာကြတာများတယ်၊ တစ်ချို့ကလည်း ဧရာဝတီမြစ်ကြောင်းအတိုင်း ကူးတို့လှေတွေ စီးလာကြတယ် ဒီရောက်တော့ မြင်းလှည်းတွေစီးပြီး လှည့်လည်လေ့လာကြကြောင်း၊ မယ်နုအုတ်ကျောင်း၊ နန်းမြင့်မျှော်စင်၊ ဗားကရာကျောင်း၊ လေးထပ်ကြီးဘုရား၊ ဒေါ်ဂျမ်းဘုရားစု၊ ရတနာဆီမီးဘုရားစု၊ လောကမာရ်အောင် စေတီတော်၊ ရွှေစည်းခုံစေတီ၊ ထီးလှိုင်ရှင်စေတီ၊ ညောင်ရမ်းခေတ်ဘုရားတွေ နှင့် အခြားရှေးဟောင်းအဆောက်အဦများ သွားရောက်လေ့လာကြကြောင်း '' ဒေသခံတစ်ဦးမှ ပြောပြ၍ သိရသည်။

 

အင်းဝမြို့ကို သက္ကရာဇ် (၇၂၆) ခုနှစ်တွင် သတိုးမင်းဖျား စတင်တည်ထောင်ခဲ့ပြီး ရှေးဘုရင်မင်းဆက် (၃၁) ဆက် ထီးနန်းစိုးစံခဲ့ကြသည်။ ခေတ်အဆက်ဆက် (၈) ကြိမ်နန်းတည်ခဲ့ပြီး ရှေးဟောင်းသာသနိက အဆောက်အဦများ၊ နန်းတော်ဆောင်၊ မြို့ရိုးနှင့် ပြသာဒ်တို့၏ ဗိသုကာတည်ဆောက်ပုံနှင့် အမွမ်းပန်းလက်ရာများ တွေ့ရှိနိုင်သည်။ အင်းဝမြို့ဟောင်းတွင် နံရံဆေးရေးပန်းချီများရှိသော ဘုရား(၅)ဆူ၊ ရှေးဟောင်းကျောက်စာ ရှိသောဘုရား (၇) ဆူ နှင့် ကြေးခေါင်းလောင်းစာရှိသောဘုရား (၃) ဆူ၊ ရှေးဟောင်း အဆောက်အဦ စုစုပေါင်း (၆၂၄) ခုရှိကြောင်း မှတ်တမ်းများအရ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)

 

62209520..