တံတားဦး  ၂၁ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ အင်းဝဒေသရှိ လက်ရိုက်သပိတ်လုပ်ငန်းများမှ စက်ရိုက်သပိတ်လုပ်ငန်းများအဖြစ်သို့ ပြောင်းလဲလုပ်ကိုင်လာကြောင်း အဆိုပါဒေသတွင် သပိတ်လုပ်ငန်းလုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်များထံမှ သိရသည်။

 

သပိတ်ပြုလုပ်တာက ရှေးခေတ်နည်းနှင့်ခေတ်ပေါ်နည်းဆိုပြီး နှစ်မျိုးနှစ်စားရှိကြောင်း၊ ရှေးခေတ်နည်းက ရိုးရာလက်မှုသပိတ်လုပ်ငန်းဖြစ်ပြီး သစ်စေးနဲ့ပြုလုပ်ကာ အရည်အသွေးကောင်းမွန်ပြီး ရေရှည်အသုံးခံတဲ့အတွက် သံဃာတော်များလည်း နှစ်သက်သဘောကျကြောင်း၊ လက်မှုသပိတ်လုပ်ငန်းမှာ အချိန်ပေးရပြီး ဈေးနှုန်းလည်း မြင့်မားကြောင်း၊ ခေတ်ပေါ်နည်းကျတော့ နုန်းနှင့် ကော်များရောမွှေပြီး အသုံးပြုလုပ်တာဖြစ်တဲ့အတွက် အရည်အသွေးပိုင်း အားနည်းပြီး ဈေးနှုန်းချိုသာကြောင်း၊ လက်ရှိ ဈေးကွက်အတွင်းမှာ  အဆိုပါသပိတ်များသာ နေရာယူနေကြောင်း၊ အင်းဝနေပြည်တော် သပိတ်လုပ်ငန်းပိုင်ရှင် ဒေါ်ခင်ပြုံးကြည်က ပြောပြသည်။

 

ရိုးရာလက်မှုသပိတ်နှင့် စက်ရိုက်သပိတ်ထုတ်လုပ်ရာမှာ သပိတ်တစ်လုံးဖြစ်ပေါ်ရန် ရိုးရာလက်မှုလုပ်ငန်းက တစ်လခန့်အချိန်ပေးရပြီး စက်ရိုက်သပိတ်မှာတစ်ပတ်ခန့်သာ အချိန်ပေးရကြောင်း ဈေးကွက်လိုအပ်ချက်အရ အင်းဝဒေသတွင် စက်ရိုက်သပိတ်များသာ တွင်ကျယ်စွာ လုပ်ကိုင်လာကြခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

 

လက်ရှိတွင် စက်ရိုက်သံသပိတ်များသာ ဈေးကွက်တွင် ရောင်းချနေရပြီး ယွန်းသပိတ်မှာယူကတော့ အနည်းငယ်သာရှိတော့ကြောင်း၊ လက်ရိုက်သံသပိတ်များသည် အရည်အသွေးကောင်းမွန်ပြီး တာရှည်အသုံးခံသော်လည်း လုပ်အားခမြင့်မားသည့်အတွက် ဈေးနှုန်းမြင့်မားကာ စက်ရိုက်သံသပိတ်ဈေးနှုန်းများနှင့် ဈေးနှုန်း မယှဉ်နိုင်သောကြောင့် ယခုလိုပြောင်းလဲလုပ်ကိုင် လာရခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် ပြည်ပကဝင်လာတဲ့ ဖိုက်ဘာ သင်္ဘောဆေးသုတ်သပိတ်များ၊ ကြွရေည်သုတ်သပိတ်များ နေရာယူလာသဖြင့် သစ်စေးသုတ်ယွန်းသပိတ်များမှာလည်း ဈေးကွက်ပျောက်ကွယ်လုနီးပါးဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

 

လက်ရှိတွင် ယွန်းသပိတ်တစ်လုံးကို ငွေကျပ် တစ်သောင်းနှစ်ထောင်ကျော် ရှိပြီး စက်ရိုက်သပိတ်တစ်လုံးမှာ အရည်အသွေးပေါ်မူတည်ကာ ငွေကျပ် ၃၅၀ဝ မှ ၅၀ဝ၀ အထိ ရှိကြောင်း၊ မှာယူသည့်အပေါ်မူတည်ကာ ဆွမ်းတော်သပိတ်၊ ကိုရင်သုံးသပိတ်၊ ရဟန်းသုံးသပိတ်ကြီးနှင့် ဂန္ဓာရုံသုံး သပိတ်အလတ်များ ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း ၎င်းကပြောကြားသည်။

 

အင်းဝဒေသမှ ထွက်ရှိသော စက်ရိုက်သပိတ်များကို မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ဝါတွင်းကာလများတွင် အရောင်းအဝယ်အေးကာ ကျန်ကာလများတွင် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)