မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း ဟံသာဝတီကျေးရွာအနီးတွင် တည်ရှိသော လေးထပ်ကြီးဘုရားသည် စတုတ္ထအင်းဝခေတ် ဗိသုကာလက်ရာများကို လေ့လာနိုင်သောကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ရှိကြောင်း သိရသည်။
“ပွင့်လင်းရာသီ ဖြစ်တဲ့အတွက် အင်းဝဒေသကို ပြည်တွင်းပြည်ပ ခရီးသွားတွေ လာရောက်လေ့လာမှု များပြားလျက်ရှိပါတယ်၊ လေးထပ်ကြီးဘုရားကို မနှစ်ကစပြီး ပြည်တွင်းခရီးသွား သိသိသာသာများ လာတာပါပဲ၊ ပြည်ပခရီးသွားက လာရောက်လေ့လာတာ နှစ်တိုင်းများပေမယ့် ပြည်တွင်းခရီးသွား လာရောက်လေ့လာမှု ထူးထူးခြားခြားများပြားလာတာ မနှစ်ကရော ဒီနှစ်ရောပဲ၊ ဒီဘုရားကြီးရဲ့ ဂန္ဓကုဋီတိုက် ကြီးမားခံ့ညားမှုတွေ၊ ရှေးခေတ်မြန်မာဗိသုကာ ပညာရှင်တွေရဲ့ ဗိသုကာလက်ရာတွေကို ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ ပြည်တွင်းပြည်ပ ခရီးသွားတွေ စိတ်ဝင်တစား လေ့လာကြကြောင်း” ဟံသာဝတီကျေးရွာမှ ဒေသခံတစ်ဦးက ပြောပြသည်။
အင်းဝမြို့ဟောင်းရှိ လေးထပ်ကြီးဘုရားကို ညောင်းရမ်းမင်းတရားက မြန်မာသက္ကရာဇ် (၉၆၃) ခုနှစ်တွင် စတင်၍ လေးထပ်ကျောင်းကြီးကို ကျောင်းရံ(၄၀)နှင့်တကွ တည်ဆောက်ခဲ့ပြီး သားတော်သာလွန်မင်းက ပြီးစီးအောင်ဆောင်ရွက်ခဲ့သည်။ သက္ကရာဇ် (၁၀၂၀) ခုနှစ်တွင် တရုတ်တို့နှင့် စစ်မက်ဖြစ်ပွားရာ၌ လေးထပ်ကျောင်းတော်ကြီးကို မီးတိုက်ခံရသည်။ သက္ကရာဇ် ၁၁၈၇ ခုနှစ်တွင် စတုတ္ထအင်းဝနန်းစံ ဘကြီးတော်မင်းသည် သကျသီဟရုပ်ပွားတော်ကြီးအား ကြေးနီ၊ သလွဲ၊ ရွှေ၊ ငွေ စုစုပေါင်း ပိဿာချိန် (၁၆၀၁၀)ဖြင့် သွန်းလောင်းခဲ့ပြီး လက်ရှိဂန္ဓကုဋီတိုက်ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့သည်။ လေးထပ်ကျောင်းနေရာတွင် ဆောက်လုပ်ခဲ့သဖြင့် လေးထပ်ကြီးကျောင်းဟု လူသိများသည်။ သက္ကရာဇ်(၁၂၀၀)ပြည့် ငလျင်ကြောင့် ဂန္ဓကုဋီတိုက်မှာ ပျက်စီးခဲ့ပြီး သကျသီဟရုပ်ပွားတော်ကြီးအား ပုဂံမင်းလက်ထက် သက္ကရာဇ် (၁၂၀၉)ခုနှစ်တွင် အမရပူရသို့ ပင့်ဆောင့်ကာ မဟာဝိဇယရံသီ စေတီတော်ကြီး၏တောင်ဘက် ဘုံငါးဆင့်ပြသာဒ်ဆောက်လုပ်၍ တည်ထားကိုးကွယ်ခဲ့သည်။
သီပေါမင်းလက်ထက် သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် ၎င်းရုပ်ပွားတော်ကြီးအား အမရပူရမှ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ ယခုလက်ရှိ ကိန်းဝပ်တော်မူသောနေရာသို့ ပင့်ဆောင်ကိုးကွယ်ခဲ့သည်။ လက်ရှိကြွင်းကျန်ရစ်သော ဂန္ဓကုဋီတိုက်ကို ဘကြီးတော်မင်းကောင်းမှု မုခ်ပေါက်(၄)ပေါက်ပါ လေးဘက်ညီ အုတ်ဂန္ဓကုဋီတိုက်မှာ ပြသာဒ်ဖြင့် တည်ဆောက်ခဲ့ပြီး မျက်နှာလေးဘက်တွင် မုခ်ခုံတပ်ထားသည်။ မုခ်တံကဲတွင် သိကြားရုပ်၊ မိကျောင်းရုပ်၊ ခြင်္သေ့ရုပ်တို့ကို အင်္ဂတေပန်းများဖြင့် ထုလုပ်ထားပြီး အုတ်ပြသာဒ်ကို အစောင့်ဘီးလူးရုပ်ပါ စိန်တောင်သုံးဆင့်ဖြင့် ကာရံထားရာ စတုတ္ထအင်းဝခေတ် ဗိသုကာလက်ရာများ လေ့လာနိုင်ကြောင်း မှတ်တမ်းများသိရသည်။
အင်းဝဒေသရှိ လေးထပ်ကြီးဘုရားသို့ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ရှိရာ ယခုနှစ် ခရီးသွားရာသီတွင် ယခင်နှစ်များထက် ပြည်တွင်းခရီးသွား လာရောက်လေ့လာမှု သိသိသာသာ ပိုမိုများပြားလျက်ရှိကြောင်း ဒေသခံများမှပြောပြ၍ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)