အင်းဝ ၂၈ စက်တင်ဘာ

အင်းဝမြို့ဟောင်းရောက် ရှေးဟောင်းနံရံဆေးရေးပန်းချီ လေ့လာသူများမှာ အင်းဝမြို့ဟောင်း လောကထိပ်ဦးစေတီအနီးရှိ နိုင်ငံခြားသားပုံ နံရံဆေးရေးပန်းချီကို အားထားလေ့လာလေ့ရှိသည်။ အင်းဝမြို့ဟောင်းတွင် လေ့လာစရာနိုင်ငံခြားသား ပုံနံရံဆေးရေးပန်းချီရှိသည့် စေတီအပါအဝင် နံရံဆေးရေးပန်းချီရှိသည့် ရှေးဟောင်းအဆောက်အုံ (၅)ခုရှိသည်။ ထိုငါးခုမှာ မဟာမင်္ဂလာမာရ်အောင်စေတီ အရှေ့ဘက်တံတိုင်းမုခ်ဦး၊ အင်းဝမြို့တောင်မျက်နှာ အပြင်မြို့ကြီးအတွင်း တောင်ဘီလူရပ်ကွက်အတွင်းရှိ ရှေးဟောင်းအဆောက်အမှတ် ၁၉၃၊ ၂၃၃၊ ၂၃၄ နှင့် လောကသရဖူတံတိုင်းအတွင်း အရှေ့တောင်ထောင့်နေရာ ရှေးဟောင်းအမှတ် ၄၄၅တို့ ပင်ဖြစ်သည်။

ပန်းချီပုံများမှာ ရွှေရေးပန်းချီ ပန်းနွယ်ပန်းခက်ပုံ၊ အသီတိရှစ်ကျိပ်ဗုဒ္ဓဝင်ပုံ၊ တောထွက်ခန်းဗုဒ္ဓဝင်ပုံများ ဖြစ်သည်။ ထိုပုံများထဲတွင် လောကထိပ်ဦးစေတီအနီးရှိ ရှေးဟောင်း အမှတ် ၁၉၃ စေတီတွင် နိုင်ငံခြားသားစုံတွဲပုံဟု ခန့်မှန်းယူဆရသည့် ထူးခြားရှားပါးသော နံရံဆေးရေးပန်းချီကို ယနေ့တိုင် လေ့လာနိုင်သည်။ အခြားစေတီများရှိ နံရံဆေးရေးပန်းချီနှင့်မတူဘဲ တစ်မူထူးခြားသော နံရံဆေးရေးပန်းချီအဖြစ် မြင်တွေ့နိုင်သည်။

နံရံဆေးရေးပန်းချီသည် ခေတ်သမိုင်းကို ပြောပြကာ ထိုခေတ်ယဉ်ကျေးမှုကို ထင်ဟပ်စေသည်ဟု ဆိုထားသည်။ ရှေးခေတ်နံရံဆေးရေးပန်းချီများကို လေ့လာခြင်းဖြင့် ထိုခေတ်က ယဉ်ကျေးမှုအနုပညာလူမှုရေး စီးပွားရေးလုပ်ငန်းများကိုပါ ခန့်မှန်းနိုင်သည်။ ပန်းချီကို ရှေးနှစ်ပေါင်းများစွာကပင် ဂူနံရံများတွင် ရေးဆွဲခဲ့ကြသည်။ မြေဝါ၊ မြေနီများဖြင့် ရေးဆွဲခဲ့ရာမှ ယနေ့ခေတ် ဆီဆေးရေးဆေးအထိ အဆင့်ဆင့်တိုးတက်လာခဲ့သည်။

ရှေးဟောင်းသမိုင်းဝင် အဆောက်အဦးများကို လေ့လာရာတွင် ရှေးခေတ်နံရံဆေးရေးပန်းချီများကို လေ့လာခြင်းဖြင့် ထိုစေတီတည်ထားခဲ့သည့်ခေတ်ကို ခန့်မှန်းနိုင်သည်။ ရှေးခေတ် မြန်မာရှေးရိုးပန်းချီများမှာ ဆေးရေးမျဉ်းခြယ်နည်းကို အသုံးပြုမှုများပြားသည်ဟု ဆိုထားသည်။ တစ်နည်းအားဖြင့် ကောက်ကြောင်းနည်းကို အဓိကထားပြီး မြန်မာပန်းချီပညာသည် အေဒီ ၁၃၀၀ ခန့် ပုဂံခေတ်နှောင်းပိုင်းတွင် မြန်မာနည်းမြန့်မာဟန် မြန်မာဆန်ဆန် ရေးဆွဲလာကြကြောင်း ပညာရှင်များက ကောက်ချက်ချထားသည်။

နံရံဆေးရေးပန်းချီများမှာ သမိုင်းတန်ဖိုးအရ များစွာတန်ဖိုးရှိလှသည်။ ရှေးပညာရှင်တို့အဆိုအရ နံရံဆေးရေးပန်းချီဆွဲနည်းမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ပထမဦးစွာ နံရံဆေးရေးပန်းချီဆွဲလိုသော နံရံကို ထုံးခိုးသေအောင် မန်ကျည်းရွက်များဖြင့် ပွတ်တိုက်သုတ်လိမ်းရသည်။ ထုံးခိုးသေသည်ဟု ယူဆရသည့် ကာလ တစ်လနှစ်လအကြာတွင် နံရံအောက်ခံဆေးအဖြစ် မြေဖြူ၊ မြေနီ၊ မြေဝါကို သုတ်လိမ်းကြရသည်။ နောက်ပိုင်းမှ သဘာဝမှရရှိသော ဆေးများဖြင့် လက်ရာမြောက်ပန်းချီများကို ရေးဆွဲကြသည်။ အနက်ရောင်အတွက် မန်းကျဉ်းသား မီးသွေး၊ ရေနံမှိုင်း၊ ဆီမှိုင်းများမှ ရယူသည်။ အဖြူရောင်ကို ကန့်ကူဆံ၊ ဒုဠာမှ ရယူသည်။ အစိမ်းရောင်ကို ဆေးဒန်းမဲနယ် ရောစပ်ကာ ရယူသည်။ အနီရောင်ကို ကွေ့နီနှင့် ဟင်္သာပြဒါးမှ ရယူကာ တမာစေး၊ ငါးကြင်းသည်းခြေများနှင့် ရောစပ်ကာ ရေးဆွဲခဲ့ကြကြောင်း သိရသည်။ လက်ရှိကာလတွင် အင်းဝမြို့ဟောင်း လောကထိပ်ဦးစေတီအနီးရှိ ရှေးဟောင်းစေတီတွင် နိုင်ငံခြားသားများပုံဟု ယူဆရသော ရှားပါးနံရံဆေးရေးပန်းချီကို လေ့လာနိုင်ကြောင်း သိရသည်။

တိမ်တမန်