အင်းဝ၊    ဇန်နဝါရီ

 

အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် စိတ်ဝင်စားဖွယ်ရာများစွာတည်ရှိပြီး ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များကို အထူးဆွဲဆောင်နိုင်သည့် သမိုင်းဝင်နေရာတစ်ခုပင်ဖြစ်သည်။ စိတ်ဝင်စားဖွယ်လေ့လာစရာ များစွာတည်ရှိသော အင်းဝမြို့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်း တည်ရှိသည်။

 

အင်းဝရှေးဟောင်းနယ်မြေရှိ စိတ်ဝင်စားဖွယ်ရာစေတီများထဲတွင် ဝင်္ကပါစေတီလည်း ပါဝင်သည်။ ဝင်္ကပါစေတီမှာ စိတ်ဝင်စားဖွယ်ရာကောင်းပြီး လိုဏ်ဂူကြီးသဏ္ဌာန်တည်ထားသည်။ အတွင်းဘက်တွင် အကွေ့အကောက်များဖြင့် လှည့်ပတ်၍တက်နိုင်သော လှေကားများပါရှိသည်။ စေတီအတွင်းပိုင်းကို ဝင်လိုက်သည်နှင့်အေးမြပြီး ဝင်ပေါက်ထွက်ပေါက် မမှားအောင်သွားရသည်မှာ ပိုမိုစိတ်ဝင်စားဖွယ် ကောင်းလှသည်။

 

စေတီကြီး၏ ပြင်ပနံရံပတ်လည်တွင် ညောင်ရမ်းခေတ်လက်ရာ အင်္ဂတေပန်းတော့ ကြာမှောက်တစ်ချို့တစ်ဝက်ကို လေ့လာနိုင်သည်။ ဝင်္ကပါပေါက်များကို ကျော်လွန်ကာ စေတီတော်အပေါ်ပိုင်းသို့ရောက်သည်နှင့် အနီးနားရှိ ဘုရားစုမြင်ကွင်းများကို မြင်တွေ့နိုင်ပြီး ပြည်တွင်းခရီးသွားဧည့်သည်များနှင့် နိုင်ငံတကာခရီးသွားဧည့်သည်များကို အထူးဆွဲဆောင်စေသည့်နေရာအဖြစ် တည်ရှိနေသည်။

 

အင်းဝမြို့ကို မင်းလေးပါးက လေးကြိမ်လေးခါတိတိ ပြန်လည်တည်ခဲ့သည့်အတွက် ဗိသုကာအနုပညာလက်ရာ မျိုးစုံတည်ရှိသည်။ အင်းဝမြို့ကို သတိုးမင်းဖျားက သက္ကရာဇ် ၇၂၆ ခုနှစ် တပေါင်းလဆန်း ရက် အင်္ဂါနေ့တွင် ပထမဆုံးတည်ခဲ့သည်။ မြို့နန်းကို လနှင့်အပြီးတည်ကာ မြို့ကို ရတနာပူရမြို့၊ နန်းကို ရွှေဘုံသာနန်းဟု ကမ္ပည်းတင်ခဲ့သည်။ ရတနာပူရ ဟူသောအမည်၏အဓိပ္ပာယ်မှာ လောကီလောကုတ်နှစ်ဖြာသော ရတနာများဖြင့် ပြည့်စုံသောမြို့ဟုပင် ဆိုထားသည်။ အင်းဝမြို့သည် မြို့သက် (၄၇၃)နှစ်ကြာမြင့်ခဲ့ပြီး မင်းဆက် (၃၄)ဆက် စိုးစံခဲ့သော မြို့ဖြစ်သည်။

 

တိမ်တမန်

 

DSCN8379