မန္တလေး ၃၀ သြဂုတ်

 

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းမြို့ရိုး ကျိုးပေါက်နေသည့်နေရာသုံးခုကို အကြီးစား ပြုပြင်မွမ်းမံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အကြီးစားပြုပြင်မည့်နေရာများမှာ စန္ဒာပူရီနှင့် ကျိုင်းရုံး မြို့တံခါးကြား၊ အာသံနှင့် ဇင်းမယ်တံခါးကြား၊ အင်းဝမြို့ဟောင်း အပြင်ဘက်မြို့ရိုးများမှာ ဖြစ်သည်။

 

ယင်းသုံးနေရာတွင် မြို့ရိုးကျိုးပေါက်နေပြီး နှစ်စဉ်ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေမြင့်တက်ချိန်တို့၌ မြစ်ရေများ ဝင်ရောက်လျက်ရှိသည့်အတွက် အလှူရှင်တစ်ဦး၏ လှူဒါန်းငွေ ကျပ်သန်း ၃၀ ကျော်အကုန်ကျခံ၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

"ရှေးဟောင်းသုတေသနဌာနနဲ့ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒီကအဖွဲ့အစည်းတွေ ကော်မတီဖွဲ့ပြီး ကြီးကြပ်ဆောင်ရွက်သွားပါမယ်။ လုပ်ငန်းစဖို့ တိုင်းဒေသကြီးအစိုးရဆီ တောင်းခံတင်ပြ ထားပါတယ်။ နည်းပညာနဲ့ ဆောက်လုပ်ရေးကတော့ ရှေးဟောင်းသုတေသနက အင်ဂျင်နီယာပညာရှင်တွေ ဆောင်ရွက်မှာပါ။ ဒီနှစ်ထဲမှာ လုပ်ငန်းစဖြစ်မှာပါ" ဟု တံတားဦးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးဝဏ္ဏအောင်က ပြောသည်။

 

ထို့ပြင် အင်းဝမြို့ဟောင်း တတိယမြို့ရိုးအတွင်း ဟံသာဝတီကျေးရွာအုပ်စုရှိ ကျေးရွာများတွင် ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီမြစ်ရေတို့မြင့်တက်လာချိန်၌ ရေကြီးနစ်မြုပ်မှုဒဏ်ကို အချိန်ကြာမြင့်စွာ ခံစားနေရသည့်အတွက် ကျေးရွာများရှိ အိမ်ထောင်စုများ ထည့်ဝင်လှူဒါန်းငွေများဖြင့် ကိုယ့်အားကိုယ်ကိုး ရေကာတာများ တည်ဆောက်ထားကြောင်း သိရသည်။

 

"ဧရာဝတီမြစ်ရေ၊ ဒုဋ္ဌဝတီမြစ်ရေလျှံပြီး ရေဝင်ရင်နှစ်တိုင်း သဲအိတ်ဖိုး သုံးသိန်း လောက်အကုန်ခံပြီးလုပ်ရတယ်။ တစ်နှစ်ပြီးလို့ ပျက်စီးသွားတော့ နောက်တစ်နှစ်ပြန်လုပ်ရတယ်။ ရေဝင်ရင်ရေက လေးလ၊ ငါးလလောက် ထိပြန်မထွက်တော့ ကျန်းမာရေးကအစ ဒုက္ခရောက်ရပါတယ်။ အဲ့ဒါကြောင့် ရေကာတာ လုပ်ထားရတာပါ " ဟု ဟံသာဝတီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရဲနိုင်စိုးက ပြောသည်။

 

ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ဆုံရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အင်းဝမြို့ဟောင်းကို ခြောက်နှစ်အတွင်း မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးမှာ ပေ ၃၀ဝဝခန့် ပြိုကျပျက်စီးမှုများရှိခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်း ပေ ၆၀ဝဝခန့်ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သူရိန်လင်း