၃ ဒီဇင်ဘာ
တစ်နေကုန် အထိုင်များလို့ ဖြစ်ဖြစ်၊ အိမ်အလုပ်တွေ၊ ရုံးအလုပ်တွေကို ဇယ်ဆက်သလို လုပ်ရလို့ ဖြစ်ဖြစ် ခါးတွေက ညောင်းနေတာပဲ။ ကိုက်ခဲနေတာပဲ။ အနှိပ်ခံချင်လိုက်တာ၊ နှိပ်ပေးမယ့်သူက မရှိဘူးဆိုသူလေးတွေရှိလား။
ဒီပြဿနာကို ပြေလည်စေမယ့် လေ့ကျင့်ခန်းလေးတွေ ပြောပြပေးမယ်နော်။ ဖတ်ရင်း ကိုယ်တိုင် လိုက်လုပ်ကြည့်လို့ ညောင်းညာနေမှုတွေကို ဖြေလျှော့လိုက်ရအောင်လား…………….
ခါးကြောလေးတွေ ပြေလျော့စေဖို့
ခါးကြောလေးတွေ ပြေလျော့စေဖို့ အခုလို လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့ ရပါတယ်။
Butterfly wings
ဒီလေ့ကျင့်ခန်းမှာ အဓိကထားမယ့် အစိတ်အပိုင်းတွေက ခါးရိုးနဲ့ ဇက်ကြောပါ။ ကိုယ်နေဟန်ထား မှန်စေဖို့ ထောက်ပံ့ပေးသလို သွေးစီးဆင်းမှုကိုလည်း ကောင်းစေမှာပါ။
ဒီလေ့ကျင့်ခန်းကို စတော့မယ်ဆိုရင် ထိုင်ခုံပေါ်မှာ ခါးကို မတ်မတ်လေးထားပြီး ထိုင်ပါ။ ခြေထောက်ကို ပခုံးအကျယ်တိုင်းထားပြီး ခြေဖဝါးကို ကြမ်းပြင်မှာ အပြားလိုက် ချထားပါ။
ပြီးရင် လက်နှစ်ဖက်ကို အပေါ်ကို ဆန့်ထုတ်လိုက်ပါ။ ပြီးရင် လက်နှစ်ဖက်ကို ယှက်ပြီး ဦးခေါင်းနောက်ဖက်မှာ ထားလိုက်ပါ။ လေကို တဝရှုသွင်းပါ။ ပြီးရင် လက်ကနေ ဖိအားပေးရင်း ခန္ဓာကိုယ်ကို အရှေ့ကို ဖြည်းဖြည်းချင်း ကိုင်းချရင်း အသက်ရှူထုတ်ပါ။ ခဏနေပြီး ဖြည်းဖြည်းချင်း ပြန်မတ်ပါ။ ပြန်မတ်ရင်း လေကို ရှူသွင်းပါ။
၅ ကျော့လောက် လုပ်ပေးပါ။
Cat cow
ဒီလေ့ကျင့်ခန်းမှာ အဓိကထားမယ့် အစိတ်အပိုင်းက ခါးအောက်ပိုင်းပါ။ ခါးအောက်ပိုင်း တင်ပဆုံက ကြွက်သားတွေကို ပြေလျော့စေပြီး အနေအထား မှန်စေဖို့ပါ။
ဒီလေ့ကျင့်ခန်းကို စတော့မယ်ဆိုရင် ပထမ လေ့ကျင့်ခန်းလိုပဲ ခုံပေါ်မှာ မတ်မတ်ထိုင်ပါ။ လက်နှစ်ဖက်ကို ဒူးပေါ်မှာ သက်တောင့်သက်သာ အနေအထားနဲ့ထားပါ။
ပြီးရင် လေကို ဝအောင်ရှူသွင်းပြီး ခန္ဓာကိုယ်ကို အရှေ့ဘက်ကို ဖြည်းဖြည်းချင်း ကိုင်းလိုက်ပါ။ ခဏလေးနေပါ။ ပြီးရင်ပခုံးတွေကို ပြန်မတ်ပါ။ ပြန်မတ်နေချိန်မှာ လေကို ရှူထုတ်ပါ။
၈ ကျော့လောက် လုပ်ပေးပါ။
Chair twist
ဒီလေ့ကျင့်ခန်းက ခါးအောက်ပိုင်းနာကျင်တာကို သက်သာစေပြီး အစာခြေစနစ်ကို ကောင်းစေပါတယ်။
လေ့ကျင့်ခန်းကို စတော့မယ်ဆိုရင် ထိုင်ခုံပေါ်မှာ ခါးကို မတ်မတ်လေးထားပြီး ထိုင်ပါ။ ဒီလေ့ကျင့်ခန်းအတွက် နောက်မှီပါတဲ့ ထိုင်ခုံက အဆင်အပြေဆုံးပါ။ ခြေထောက်ကို ပခုံးအကျယ်တိုင်းထားပြီး ခြေဖဝါးကို ကြမ်းပြင်မှာ အပြားလိုက် ချထားပါ။
အရင်ဆုံး အရှေ့တည့်တည့်ကို မျက်နှာမူ ထိုင်ပြီး လေကို ရှူသွင်းပါ။ ပြီးရင်ခုံနောက်မှီကို ကိုင်ပြီး ခါးကို ဘယ်ဘက်ကို လှည့်ပါ။ စက္ကန့် ၃၀ နေပါ။ လေကို ရှူသွင်း ရှူထုတ် ၅ ကြိမ် လုပ်ပေးပါ။ ပြီးရင် ရှေ့တည့်တည့် ပြန်ထိုင်ပါ။ နောက်တစ်ဖက် လုပ်ပါ။
တစ်ဖက်ကို ၃ ကြိမ်စီ လုပ်ပေးပါ။
Side bend
ဒီလေ့ကျင့်ခန်းက သွေးလည်ပတ်မှုကို ကောင်းစေပြီး ဗိုက်ကြွက်သားနဲ့ ရင်ဘတ် ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။
လေ့ကျင့်ခန်း စတော့မယ်ဆိုရင် ထိုင်ခုံပေါ်မှာ မတ်မတ်လေး ထိုင်ပါ။ လက်တစ်ဖက်ကို ထိုင်ခုံ အထိုင်ပြားကို ကိုင်ပါ။ လေကို တဝရှူသွင်းပါ။ နောက်တစ်ဖက်ကို မြှောက်လို့ ဆန့်ကျင်ဘက်ကို ကိုင်းလိုက်ပါ။ စက္ကန့် ၃၀ လောက်နေပါ။ လေကို ရှူထုတ်ပါ။
ပြီးရင် ပြန်မတ်ပါ။ လေကို ရှူသွင်းပါ။ နောက်တစ်ဖက်ကို ကိုင်းပါ။ ၁၀ ကျော့စီလောက် လုပ်ပေးပါ။
Chair pigeon
ခြေဖဝါးတွေကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ခါးအောက်ပိုင်း ကြွက်သားတွေကို ပြေလျော့စေတယ်။
လေ့ကျင့်ခန်း စတော့မယ်ဆိုရင် ထိုင်ခုံပေါ်မှာ ခါးမတ်မတ်ထိုင်ပါ။ ခြေထောက်တစ်ဖက်ကို ဒူးကွေးပြီး အခြားတစ်ဖက်ပေါ် တင်လိုက်ပါ။ ဒူးပေါ်ကို ခြေချင်းဝတ်တင်လိုက်တဲ့ သဘောပါ။
ပြီးရင် ခြေထောက်ကို လက်နဲ့ ကိုင်ရင်း အသက်ကို ဝအောင်ရှူပြီး ခန္ဓာကိုယ်ကို အရှေ့ကို ကိုင်းနိုင်သမျှ ကိုင်းပါ။ စက္ကန့် ၃၀ လောက်နေပါ။ ပြီးရင် ပြန်မတ်ပါ။ နောက်တစ်ကျော့လုပ်ပါ။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”