အံ့ချီးဖွယ်ရာ ရေအောက်ကမ္ဘာ

သိပ္ပံစာရေးဆရာ ကိုကိုအောင်

 

ကမ္ဘာအရပ်ရပ်ရှိ ပင်လယ်ရေပြင်တို့၏အောက်တွင် ကီလိုမီတာ ရာပေါင်းများစွာ ရှည်လျားပြီး အရောင်အသွေး စုံလင်လှပသော သန္တာကျောက်တန်းများကို တွေ့ရှိနိုင်သည်။ ပင်လယ်ရေတိမ်ပိုင်း ဒေသများ၌ ဖြစ်ပေါ်တည်ရှိနေသော အဆိုပါ သန္တာ ကျောက်တန်းများကို အမှီသဟဲပြု၍ ငါးမျိုးစုံ၊ ပင်လယ်လိပ်များ၊ ပုစွန်နှင့် ငါးရှဉ့် စသော ရေသတ္တဝါမျိုးစုံတို့ ရှင်သန်ပေါက်ပွား ကျက်စားလျက် ရှိနေကြသည်။

 

မဟာဗျူဟာမြောက်သည့် သဘာဝအရင်းအမြစ်များ

အကယ်၍ သန္တာကျောက်တန်းများ မရှိခဲ့လျှင် အရောင်အသွေးစုံလင်သည့် ကျောက်တန်းငါးများ၊ ရေဘဝဲများ၊ ကျောက်ပုစွန်နှင့် ပင်လယ်ကဏန်း စသော ပုံစံထူးခြားလှသည့် ရေသတ္တဝါများလည်း ပေါက်ပွားရှင်သန်နိုင်တော့မည် မဟုတ်ပေ။ သန္တာကျောက်တန်းများသည် အမျိုးအစားစုံလင်သော ပင်လယ်ဇီဝအမျိုးမျိုးတို့၏ ရှင်သန်ပေါက်ပွားရာ မဟာဗျူဟာမြောက် သည့် သဘာဝအရင်းအမြစ်များ ဖြစ်ကြသည့်အတွက်၊ ပင်လယ်ရေထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းကိုပါ အဓိကအားဖြင့် ထောက်ပံ့ပေးလျက်ရှိနေကြသည်။

 

အင်အားပြင်းသည့် မြေငလျင်ကြီးလှုပ်မှုကြောင့် ပင်လယ်နှင့် သမုဒ္ဒရာ ကြမ်းပြင်များ အက်ကွဲသည့်အခါ ဖြစ်ပေါ်လာတတ်သော ဧရာမဆူနာမီ ရေလှိုင်းကြီးများသည် ပင်လယ်ကမ်းခြေများဆီသို့ ပျမ်းမျှတစ်နာရီလျှင် ကီလိုမီတာ ၈၀၀ နှုန်းဖြင့် အရှိန်ပြင်းစွာ ဝင်ရောက် လာချိန်တွင် ပင်လယ်ကမ်းလွန် ရေပြင်အောက်ရှိ သန္တာကျောက်တန်းများသည် ဆူနာမီရေလှိုင်း၏ အရှိန်ကို သိသိသာသာ လျော့ကျသွားစေခြင်းဖြင့် ပင်လယ်ကမ်းခြေဒေသများ ပျက်စီးဆုံးရှုံးရမှုကို အတိုင်းအတာတစ်ရပ်အထိ ကာကွယ်ပေးနိုင်စွမ်းရှိသည်။

 

ထို့အပြင် ဆေးရောင်စုံ ပန်းချီကားတစ်ချပ် ရေးဆွဲထားသည့်အလား လှပဆန်းကြယ်လွန်းသော သန္တာကျောက်တန်းများသည် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို အရေးပါသော ကဏ္ဍတစ်ခုအနေဖြင့် ပံ့ပိုးရပ်တည် ပေးထားလျက်ရှိနေသည်။ ဩစတြေးလျ ကမ်းလွန်ရှိ မဟာသန္တာကျောက်တန်းကြီးနှင့် အမေရိကန်ပြည်ထောင် စု ဖလော်ရီဒါကမ်းလွန်ပင်လယ်ပြင်ရှိ ဖလော်ရီဒါသန္တာ

ကျောက်တန်းကြီးများကို အကြောင်းပြု၍ ကမ္ဘာလှည့်ခရီးသွားများထံမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ၍ ရရှိနေကြခြင်း သည် သန္တာကျောက်တန်းများ၏ ဆွဲဆောင်မှုကြောင့်ပင် ဖြစ်သည်။

 

သန္တာကျောက်တန်းများကို အီကွေတာနှင့်နီးသော ဒေသတစ်ဝိုက်တွင် အများအပြားတွေ့ရှိနိုင်သည်။ အဆိုပါ ဒေသတွင် ရေတိမ် သန္တာကျောက်တန်းပေါင်း ၆၀၀ ကျော်မျှ ရှိနေသည်။ သို့ရာတွင် ဆော်လမွန် ကျွန်းစုများမှသည် ဩစတြေးလျတိုက်၏ မြောက်ဘက်စွန်းကို ဖြတ်သန်းပြီး ဘော်နီယိုကျွန်းစုနှင့် ဖိလစ်ပိုင် ကျွန်းစုများထိတိုင် ကျယ်ပြန့်စွာ တည်ရှိနေသော တြိဂံ သန္တာကျောက်တန်းများသည် စုစုပေါင်းစတုရန်း ကီလိုမီတာ ၅ ဒသမ ၇ သန်း ရှိနေသည့်အတွက် ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံးသော သန္တာကျောက်တန်း အုပ်စုကြီးပင် ဖြစ်သည်။

 

အဆိုပါ တြိဂံသန္တာကျောက်တန်းကြီးကို အမှီပြု၍ ငါးမန်းနှင့် ပင်လယ်လိပ်ကြီးများ၊ ငါးလက်ထုံနှင့် ငါးလိပ်ကျောက်စသော ငါးအမျိုးအစားပေါင်း ၃၀၀၀ ခန့်နှင့် လင်းပိုင်မျိုးစိတ်ပေါင်း ၂၀ ကျော်တို့ ရှင်သန်ပေါက်ပွား ကျက်စားလျက်ရှိနေသည်။

 

ရေသတ္တဝါငယ်လေးများဖြင့် ဖွဲ့စည်းတည်ဆောက်ထား

သန္တာကျောက်တန်းများသည် ပင်လယ်ရေအောက်ကြမ်းပြင်ပေါ်၌ သဘာဝအလျောက် ဖြစ်ပေါ်တည်ရှိနေသော ရေအောက် တောင်တန်းများ မဟုတ်ဘဲ၊ ပင်လယ်ရေပြင်အတွင်း ရှင်သန်ပေါက်ပွားနေကြသည့် ရေသတ္တဝါ ငယ်ကလေးများက တည်ဆောက်ပေးသည့် အဆောက်အအုံများသာလျှင် ဖြစ်ကြသည်။ တစ်နည်းဆိုရသော် သန္တာကျောက်တန်းများသည် ဂေဟစနစ် ကောင်းမွန်သော ပင်လယ်ရေအောက်နယ်မြေအတွင်း ဇီ၀ယန္တရားလည်ပတ်မှုကြောင့် ဖြစ်ပေါ်လာသည့် ရင်သပ်ရှုမောဖွယ်ရာ ရေအောက်အဆောက်အအုံများ ဖြစ်ကြသည်။ သန္တာကျောက်တန်းများကို ပိုလစ်ဟုခေါ်သော အလွန်သေးငယ်သည့် ပင်လယ်ရေအောက် သတ္တဝါငယ်ကလေးများ အကောင်ရေ သန်းထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်း တည်ဆောက်ထားခြင်း ဖြစ်သည်။ ပိုလစ်ရေသတ္တဝါငယ်လေးများသည် အမြဲဆာလောင်နေကြပြီး ယင်းတို့၏အနီးမှ ဖြတ်သန်းကူးခပ်သွားသော အပင်မျောလှေးနှင့် အကောင်မျောလှေးများ၊ တီကောင်နှင့် သံပခြုပ်ကောင်များ၊ ငါးများကို အဆိပ်နှင့် ထိုးပြီး မေ့မြောအောင်ပြုလုပ်ကာ တိုက်ရိုက်မျိုချခြင်းအားဖြင့် အစာချက်လုပ်ကာ ရှင်သန်ကြရသည်။

 

သန္တာပိုလစ်အကောင်ငယ်ကလေးများအတွက် လိုအပ်သော အဓိကစွမ်းအင်ကို နေရောင်ခြည်ကတစ်ဆင့် ရယူကြရသည့် အတွက် အီကွေတာ၏ တစ်ဖက်တစ်ချက် ၃၀ ဒီဂရီအတွင်းရှိ ပင်လယ်နှင့် သမုဒ္ဒရာရေပြင်များတွင် သန္တာကောင် မျိုးစိတ်များ စွာတို့ ပေါက်ပွားရှင်သန်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သန္တာပိုလစ်ရေသတ္တဝါငယ် ကလေးများက တည်ဆောက်သည့် သန္တာကျောက်တန်းများကို အီကွေတာနှင့် နီးကပ်သော ပူနွေးသည့် ကမ်းလွန်ပင်လယ်ရေပြင်များ၏ အောက်တွင် အများအပြား တွေ့ရှိရခြင်း ဖြစ်သည်။

 

အများစုသော သန္တာပိုလစ် ရေသတ္တဝါငယ်လေးများသည် ပင်လယ်ရေမျက်နှာပြင်နှင့် နီးကပ်စွာ နေထိုင်ရှင်သန်ကြရင်း သန္တာကျောက်တန်းများကို စဉ်ဆက်မပြတ် တည်ဆောက်လျက်ရှိနေကြသည်။ သို့ရာတွင် အချို့သော သန္တာကောင်မျိုးစိတ် များသည် သမုဒ္ဒရာကြမ်းပြင်မှ ထိုးထွက်နေသော ရေအောက် တောင်များ၏ ပတ်လည်တွင် ရှင်သန်ကျက်စားလျက် ရှိသည်။ သမုဒ္ဒရာ ရေပြင်အောက် မီတာ ၅၀၀၀ မျှ နက်သည့် မည်းမှောင်အေးစိမ့်သော နေရာများ၌ နေထိုင်ရင်း သန္တာ ကျောက်တန်းများကို အလွန်နှေး ကွေးသောနှုန်းဖြင့် တည်ဆောက်နေကြသည်။

 

ပုံသဏ္ဌာန်၊ အရောင်အသွေးမျိုးစုံဖြစ်တည်နေ

သန္တာကျောက်တန်းများသည် ပင်လယ်ရေအောက်ရှိ ရေနေသတ္တဝါ မျိုးစိတ်ပေါင်း ၃၀၀၀ ကျော်တို့ ရှင်သန် ပေါက်ပွားရာ သဘာဝ ပတ်ဝန်းကျင်ကြီး ဖြစ်သလို အစားကြူးသည့် ငါးများ၏ အန္တရာယ်မှ လည်းကောင်း၊ မသိမသာ ကိုက်ဖြတ် ဖျက်ဆီးတတ်သည့် ရေသတ္တဝါတို့၏ အန္တရာယ်မှ လည်းကောင်း၊ ဆူနာမီရေလှိုင်းတို့၏ အန္တရာယ်မှ လည်းကောင်း ကာကွယ်နိုင်ရန်အတွက် မတူကွဲပြားသော ပုံပန်း သဏ္ဌာန်အမျိုးမျိုးဖြင့် ဖွဲ့စည်းဖြစ်တည်လျက်ရှိနေကြသည်။

 

ထို့ကြောင့်ပင် သန္တာကျောက်တန်းများကို စေ့ငုသေချာစွာ လေ့လာကြည့်ပါက ပန်းဂေါ်ဖီပွင့် ပုံသဏ္ဌာန်များ၊ မှိုပွင့် ပုံသဏ္ဌာန်များ၊ ပန်းပွင့်ပုံသဏ္ဌာန်များ၊ ကြာပွတ် ပုံသဏ္ဌာန်များ၊ ယပ်တောင်ပုံသဏ္ဌာန်များစသည်ဖြင့် ထူးခြားအံ့ဩ ဖွယ်ရာ ပုံသဏ္ဌာန်အမျိုးမျိုးတို့သည် သူ့နေရာနှင့်သူ ဖြစ် တည်နေသည်ကို တွေ့ ရှိရမည် ဖြစ်သည်။

 

သန္တာကျောက်တန်းတို့၏ ဗိသုကာများဖြစ်ကြသော သန္တာပိုလစ်ရေသတ္တဝါငယ်လေးများ၏ မျိုးပွားပုံကမူ အထူးပင် စိတ်ဝင်စားစရာ ကောင်းလှသည်။ သန္တာကောင် လေးများသည် ဖိုမဆက်ဆံမှုမရှိဘဲ ကွဲပွားနည်းဖြင့်လည်း မျိုးပွားနိုင်ကြသည်။ ဖိုမဆက်ဆံမှုဖြင့်လည်း မျိုးပွားနိုင်ကြသည်။ ထို့အပြင်ပင်လယ်နှင့် သမုဒ္ဒရာ ရေပြင်များ၏အောက်တွင် အဖိုသန္တာကောင်များက ထုတ်လွှတ်ထားသော သုတ်ကောင်များနှင့် အမသန္တာကောင်များက ထုတ်လွှတ်ထားသော မျိုးဥကလေးများမှာ သဘာဝအလျောက် ကူးခပ်ရင်း တွေ့ဆုံသွားကြပြီး သန္တာကောင် ပိုးလောက်လမ်းများအဖြစ်လည်း ပေါက်ပွားလာနိုင်ကြသည်။ အဆိုပါ ဖြစ်စဉ်သည် အဏ္ဏဝါဇီဝဗေဒ ပညာရှင်တို့အတွက် အလွန် စိတ်ဝင်စားစရာကောင်းသော ရေအောက် မျိုးအောင်ခြင်း ပင် ဖြစ်သည်။

 

နည်းလမ်းမျိုးစုံဖြင့် ပေါက်ပွားလာကြသော သန္တာပိုလစ် ရေသတ္တဝါငယ်လေးများသည် သန္တာကျောက်တန်း မရှိသေးသော နေရာများဆီသို့ ကူးခပ်သွားကြပြီး သန္တာ ကျောက်တန်းအသစ်များကို စတင်တည်ဆောက်ကြတော့သည်။ သန္တာကျောက်တန်း အသစ်များ၏ ဖြစ်ပေါ်တည်ရှိမှုနှုန်းမှာ အလွန်ကောင်းမွန်သော ရေအောက် ဂေဟစနစ် ဖြစ်ထွန်းနေချိန်၌ပင် နှစ်စင်တီမီတာခန့် ကြီးထွားလာရန်အတွက် အနည်းဆုံးအချိန်ကာလ တစ်နှစ်ကြာမြင့်သည်။ ထို့ကြောင့်ပင် ဧရာမသန္တာကျောက် တန်းကြီးများ ဖြစ်တည်လာစေရန်အတွက် နှစ်ပေါင်း သန်းနှင့်ချီ၍ ကြာမြင့်ခြင်းဖြစ်သည်။

 

သန္တာကျောက်တန်းများပျက်စီးရမှု

မျက်မှောက်ကာလတွင် ကာဗွန်ဒိုင်အောက်ဆိုက် အပါအဝင် တစ်ကမ္ဘာလုံးက ထုတ်လွှတ်နေကြသော ဖန် လုံအိမ်အာနိသင် ဓာတ်ငွေ့များကြောင့် ကမ္ဘာကြီးပူနွေး လာနေမှုနှင့်အတူ ပင်လယ်နှင့် သမုဒ္ဒရာရေများ အပူချိန် တိုးလာလျက်ရှိနေသည်။ ပင်လယ်နှင့် သမုဒ္ဒရာရေများ အပူချိန်တိုးလာခြင်းကြောင့် သန္တာကျောက်တန်းများ၏ ရှင်သန်ရပ်တည်မှုအတွက် လိုအပ်သော အယ်လ် များကို စွန့်ထုတ်လိုက်ကြရသည်ဖြစ်ရာ သန္တာကျောက် တန်းအချို့၏ နေရာအများစုတွင် ယခင်ကကဲ့သို့ အစိမ်း၊ အဝါ၊ အညို၊ စသော အရောင်အသွေးများ မစုံလင်တော့ဘဲ ဖြူဖပ်ဖြူရော် ဖြစ်လာခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကို စုပ်ယူနေရမှု ပမာဏလွန်ကဲစွာ မြင့်တက် လာခြင်းကြောင့် ပင်လယ်နှင့် သမုဒ္ဒရာရေများ အချဉ်ပေါက်လာသည့်အတွက် သန္တာကျောက်တန်းများ အက်ကွဲလာခြင်း၊ ဓာတုအညစ်အကြေးများကို စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ပင်လယ်နှင့် သမုဒ္ဒရာရေများ ညစ်ညမ်းပြီး သန္တာကျောက်တန်း၏ ဂေဟစနစ်ထိခိုက်လာခြင်း၊ မိုင်းခွဲပြီး ငါးဖမ်းခြင်းနှင့် ပိုက်ချငါးဖမ်းခြင်း များကြောင့် သန္တာကျောက်တန်းများ ကျိုးပဲ့ပျက်စီးသွားခြင်း စသည်တို့ကို ရင်ဆိုင်နေရသည်။

 

သန္တာကျောက်တန်း၏ ဗိသုကာများ ဖြစ်ကြသော သန္တာပိုလစ်ကောင်ကလေးများ၏ ဇီဝယန္တရား စဉ်ဆက်မပြတ် လည်ပတ်မှုဖြင့် ဖြစ်တည်လာသော၊ သက်တမ်းအားဖြင့် နှစ်ပေါင်းသန်းနှင့်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်သော၊ ပင်လယ်ရေအောက်ဂေဟစနစ်၏ အဓိပတိဖြစ်သော၊ ရေနေသတ္တဝါ မျိုးစိတ်ပေါင်း ၃၀၀၀ ကျော်၏ မှီခိုအားထား ရှင်သန်ပေါက်ပွားရာဖြစ်သော သန္တာကျောက်တန်းများကို ပျက်စီးမှု ဖြစ်စေမည့် လုပ်ရပ်မှန်သမျှ ရှောင် ရှားကြခြင်းအားဖြင့် သန္တာကျောက်တန်းများကလည်း ဂေဟစနစ် ကောင်းမွန်ပြည့်စုံသော ရေအောက်ကမ္ဘာလောကကြီးအဖြစ် ထာဝရ အလှဆင်ပေးနေလိမ့်မည် ဖြစ်ပေသည်။    ။