ဂျကာတာ ၁ ဇန်နဝါရီ

 

အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက လူအများအပြားကို အသက်ဆုံးရှုံးစေခဲ့သည့် ဆူနာမီ ဖြစ်ပေါ်စေခဲ့သော အနက်ခ်ကာရာကာတိုရာ မီးတောင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ယခုအခါ အဆိုပါ မီးတောင်သည် မပေါက်ကွဲမီက အရွယ်အစား၏ သုံးပုံတစ်ပုံသာ ကျန်ရှိတော့ကြောင်း အင်ဒိုနီးရှား ဘူမိဗေဒ အာဏာပိုင်များက ပြောကြားခဲ့သည်။ 

 

အနက်ခ်ကာရာကာတိုရာ မီးတောင် ပေါက်ကွဲမှုကြောင့်ဟု ယူဆရသည့် ဆူနာမီ ဖြစ်ပွားခဲ့မှုအတွင်း ၄၃၁ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး လူ ၁၅ ဦး ပျောက်ဆုံး နေဆဲဖြစ်ကြောင်း သိရသည်။ မီးတောင် ပေါက်ကွဲရာမှ အလွန်များပြားသော မြေကြီးများနှင့် သဲများ ပင်လယ်အတွင်းသို့ စီးဝင်လာသည့်အတွက် ဆူနာမီ ဖြစ်ပွားခဲ့ဟန် ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ 

 

အနက်ခ်ကာရာကာတိုရာ မီးတောင်၏ အစိတ်အပိုင်းများစွာ ပြိုကျခဲ့သည့် အခြေအနေကို တွေ့ရသည်ဟု ဂျပန်ဘူမိသတင်း အချက်အလက်ဆိုင်ရာ အာဏာပိုင် အဖွဲ့က သုံးသပ်ခဲ့သည်။ အဆိုပါ မီးတောင်သည် မပေါက်ကွဲမီက ၃၃၈ မီတာ အမြင့်ရှိခဲ့ပြီး ယခုအခါ မီတာ ၁၁၀ ခန့်သာ ကျန်ရှိတော့ကြောင်း အင်ဒိုနီးရှား ဘူမိဗေဒ အာဏာပိုင်များက ပြောကြားခဲ့သည်။ 

 

အင်န်အိတ်ခ်ျကေ