၃ ဧပြီ
အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်များကို ထုတ်ပေးလျှက်ရှိရာ နှစ်ရက်အတွင်း အမေရိကန် ဒေါ်လာ (၃၅) သန်းကျော် ထုတ်ပေးပြီးဖြစ်ကြောင်း ဧပြီ ၃ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။
COVID-19 အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များနှင့် အကောက်ခွန်သက်သာခွင့် (CO) ပုံစံများအား ရုံးဌာနသို့ လာရောက်ရန်မလိုဘဲဧပြီ ၁ ရက်မှ စတင်ပြီး အွန်လိုင်းပေါ်မှ စိစစ်ထုတ်ပေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် စတင်သည့် ဧပြီ ၁ ရက်တွင် ပို့ကုန်သွင်းကုန်လိုင်စင်စောင်ရေ(၄၆) စောင် ၊တန်ဖိုး အမေရိကန်ဒေါ်လာ ( ၁၅) သန်းကျော်နှင့် ဧပြီ ၂ ရက်တွင် ပို့ကုန်သွင်းကုန် လိုင်စင်စောင်ရေ (၆၇ )စောင် ၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀)သန်းခန့်အား အွန်လိုင်းမှ ခွင့်ပြုထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှ လျောက်ထားနိုင်သကဲ့သို့ ဌာနတွင်လည်း လာရောက် လျောက်ထားပါက ခွင့်ပြုထုတ်ပေးလျက်ရှိသည်။ သို့သော် ဧပြီ ၉ ရက်မှ စတင်ပြီး အွန်လိုင်းမှ လျောက်ထားခွင့်ပြုထားသည့် သွင်းကုန်ပစ္စည်း အမယ် ၉၁ မျိုးနှင့် ပို့ကုန်ပစ္စည်းအမယ် ၇၃ မျိုးတို့ကို အွန်လိုင်းစနစ်ဖြင့်သာ လျောက်ထားခွင့် ပြုတော့မည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းပေါ်မှ ခွင့်ပြုထားသည့် ကုန်ပစ္စည်းများကိုလည်း လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ ထပ်မံ တိုးမြှင့် ထုတ်ပေးသွားမည် ဖြစ်ကြောင်း ကုန်သွယ်မှုလုပ်ငန်းရှင်များအား အသိပေးထားသည်။
ယခင်ထုတ်ပေး ဆောင်ရွက်လျက်ရှိသည့် CMP(အထည်ချုပ်) သွင်းကုန်လိုင်စင်များအပြင် ၊ လျှောက်ထားမှု အရေအတွက်အများဆုံးဖြစ်ပြီး ပြည်သူလူထုအတွက် လိုအပ်မည့်ပစ္စည်းများ သွင်းကုန် ပစ္စည်းများဖြစ်သည့် ဆေးနှင့်ဆေးပစ္စည်းများ ၊ဆေးရုံသုံးစက်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဓာတ်မြေသြဇာ ၊စားအုန်းဆီနှင့် ဆီထွက်ကုန်ပစ္စည်းများ ၊နို့နှင့်နိုထွက် ပစ္စည်းများ၊ အီလက်ထရောနစ် ပစ္စည်းများ၊ စွမ်းအင်သုံး ပစ္စည်းများ၊ ချောဆီ၊ ဆိုင်ကယ်စက်ဘီးများနှင့် ပို့ကုန်အတွက် စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ ၊ခဲသတ္တူ ၊သကြား ၊သဘာဝဓာတ်ငွေ့များ အပါအဝင် အခြားသွင်းကုန် ပို့ကုန်ပစ္စည်း ၁၆၄ မျိုးကို အွန်လိုင်းမှ ထုတ်ပေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ငြိမ်းငြိမ်း


