မုံရွာ  ၂၉  နိုဝင်ဘာ

 

တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေမည့် အွန်လိုင်းခရီးသွား ဝန်ဆောင်မှု မြှင့်တင်မိတ်ဆက်ပွဲကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

နိုင်ငံတကာတွင် တိုးတက်ပြောင်းလဲလာသည့် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ သိရှိစေရန်၊ သမရိုးကျ ခရီးသွားလုပ်ငန်းတွေ လုပ်ဆောင်နေရာမှ မြန်ဆန်သည့် အွန်လိုင်းမှတစ်ဆင့် လုပ်ဆောင်ရသည့်  ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုကို ခရီးသွား ပြည်သူတွေ သိရှိစေရန်နှင့် အလွယ်တကူ အသုံးချနိုင်ရန် မိတ်ဆက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

'' လူတွေ စိတ်ဝင်စားစရာကောင်းတဲ့ ခရီးသွားနေရာတွေကို ကြည့်လိုက်တဲ့အခါမှာ စစ်ကိုင်းတိုင်းဒေသကြီးမှာဆိုရင် ဇလုံတောင်ကို စတွေ့ပါတယ်၊ သဘာဝအလျောက်ဖြစ်နေတဲ့ ဆွဲဆောင်မှုနေရာ ဖြစ်နေပါတယ်၊ အဲဒီ နေရာကိုလည်း ပြည်တွင်းက ခရီးသွားတွေ၊ ပြည်ပ ခရီးသွားတွေကို အခုထက်ပိုပြီး သိစေချင်ပါတယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ သဘာဝအရ ဖြစ်တည်နေတဲ့ ခရီးသွားလာလို့ ကောင်းမွန်တဲ့ နေရာတွေကို နည်းပညာ အကူအညီနဲ့ မိတ်ဆက်ပေးသွားမှာပါ'' ဟု ခရီးသွားဝန်ဆောင်မှု မိတ်ဆက်ပွဲကို ဦးစီးကျင်းပသည့် Oway Travel & Tour Company Limited မှ ဈေးကွက်ရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးသော်ဇင်က ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးစီးပြီး တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စစ်ကိုင်း၊ မုံရွာ၊ ကသာ၊ ကလေး၊ ခန္တီး၊ ရွှေဘို စသည့် ခရီးသွားဇုန်များ ဖော်ဆောင်ကာ လုပ်ဆောင်လျက်ရှိရာ ပြင်ပခရီးသွား ကုမဏီများမှလည်း ယခုကဲ့သို့ နည်းပညာ အကူအညီများဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင် ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)