၂၉ ဧပြီ

 

ဗီယက်နမ်နိုင်ငံမှာ အွန်လိုင်းလောင်းကစားပွဲကို ဖမ်းဆီးရာ အမေရိကန်ဒေါ်လာ ၁ ဘီလီယမ်နဲ့အတူ လူ ၂၂ ဦး ဖမ်းဆီးရရှိကြောင်း ပြီးခဲ့တဲ့ စနေနေ့က ထုတ်ပြန်ကြေညာပါတယ်။ အခုဖမ်းဆီးရရှိတဲ့ အွန်လိုင်းလောင်းကစားပွဲဟာ အကြီးဆုံးဖြစ်ကြောင်း သိရပါတယ်။ ကွန်မြူနစ် ဗီယက်နမ်နိုင်ငံမှာ နိုင်ငံတွင်း လောင်းကစားဟာ တရားမဝင်ဖြစ်ပေမယ့် မှောင်ခိုဈေးကွက် အထူးသဖြင့် အားကစားပွဲတွေမှာ လောင်းကြေးထပ်တာကတော့ လုပ်ရိုးလုပ်စဉ်လိုဖြစ်နေပါတယ်။

 

104522

 

ပြီးခဲ့တဲ့သီတင်းပတ်က နိုင်ငံတဝှမ်းရှိမြို့နဲ့ ပြည်နယ်တွေရှိ အွန်လိုင်းအကောင့် ထောင်ချီပြီး ဖမ်းဆီးရာ လောင်ကြေးငွေ အမေရိကန်ဒေါ်လာ ၁.၂၈ ဘီလီယမ် ကို ဖမ်းဆီးရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

 

လောင်းကြေးငွေနဲ့အတူ လောင်းကစားဒိုင် ၁၂ ဦးအပါအဝင် လူ ၂၂ ဦးကို ဖမ်းဆီးရရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

 

၂၀၁၈ ခုနှစ်က ထိပ်တန်းရဲအရာရှိတွေ အပါအဝင် ၉၁ ဦးကို လောင်းကစားငွေ အမေရိကန်ဒေါ်လာသန်း ၄၂၀ နဲ့အတူ အဖမ်းခံခဲ့ရပြီး တချို့ကို လောင်းကစားမှု ထောင်ချခံရသလို တချို့ကတော့ ဒဏ်ကြေးပေးဆောင်စေတာမျိုးပြုလုပ်ခဲ့ပါတယ်။ ထောင်ချခံနေရတဲ့ တစ်ဦးမှာ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ အကြီးအကဲတစ်ဦးလည်းပါဝင်ကြောင်း သိရပါတယ်။ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဟာ အွန်လိုင်းလောင်းကစားကို ကြီးကြပ်ရတဲ့ ဌာနဖြစ်ပါတယ်။  ၂၀၁၈ ခုနှစ် အမှုနဲ့ ပတ်သတ်ပြီး သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးဟောင်းကို ကြာသပတေးနေ့ ဟနွိုင်းမြို့မှာ ဖမ်းဆီးခဲ့ပါတယ်။

 

ထိပ်တန်းအရာရှိဟောင်းတွေနဲ့ လက်ရှိထိပ်တန်းအရာရှိတွေကို ဖမ်းဆီးထောင်ချနေစဉ်မှာ လောင်းကစားပပျောက်ရေးလုပ်ဆောင်နေသူတွေကိုလည်း အကြီးကျယ် ခြိမ်းခြောက်ခံနေရပါတယ်။

 

MDN

ကိုးကား- AFP