နေပြည်တော်  ဖေဖော်ဝါရီ  ၃

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်း နိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း ၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ  တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊   အွန်လိုင်းလိမ်လည်မှုများ၊   ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဆီရီရာလီရွန်နိုင်ငံသား နှစ်ဦးနှင့် ရုရှားနိုင်ငံသားတစ်ဦး စုစုပေါင်း ပြည်ပနိုင်ငံသား သုံးဦးတို့အား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း  ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍  ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။

ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန   ခရိုင်ဦးစီးမှူး   ဒုတိယညွှန်ကြားရေးမှူး   ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ Counsellor  Mr. Ilyn Ilia နှင့်   တာဝန်ရှိသူများ၊ ဆီရီရာလီရွန်နိုင်ငံမှ သံရုံး ကိုယ်စားလှယ် Mr. Tana Judah Hira နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ  တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက  သက်ဆိုင်ရာနိုင်ငံများမှ  တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက် စာတမ်းများကို  စနစ်တကျလွှဲပြောင်းပေးအပ်သည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး  အိမ်နီးချင်းနှင့်  ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်  တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင် လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

သတင်းစဉ်