မေယု-မျိုးအောင် (MANA)
ကမ္ဘာတစ်ဝန်း ရွှေ့ပြောင်းနေထိုင်မှုသည် ယနေ့ကာလတွင် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး ကဏ္ဍများအပေါ် သက်ရောက်မှုရှိနေသော အကြောင်းအရာတစ်ရပ်ဖြစ်သည်။ နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပသို့ လူအများ ရွှေ့ပြောင်းနေထိုင်ရခြင်းနှင့်ပတ်သက်၍ အကြောင်းရင်းများစွာရှိသော်လည်း ယေဘုယျအားဖြင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မတူညီမှု၊ ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းရရှိလိုမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ ပြည်တွင်းပဋိပက္ခများ နှင့်လူမှုစီးပွားအကျပ်အတည်းများ၏ တွန်းအားရှိနေမှု၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှု စသည့် အခြေအနေအရပ်ရပ်တို့သည် ရွှေ့ပြောင်းနေထိုင်မှုကို ပိုမိုများပြားစေသည်။ နိုင်ငံတကာရွှေ့ပြောင်း သွားလာနေထိုင်မှုဆိုင်ရာအဖွဲ့(IOM) ၏ ၂ဝ၂၄ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်း ရွှေ့ပြောင်း နေထိုင်သူဦးရေ ၂၈၁ သန်းခန့်ရှိပြီး ယင်းသည် ကမ္ဘာ့လူဦးရေ၏ ၃ ဒသမ ၆ ရာခိုင်နှုန်းခန့်ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ငါးစုအတွင်း နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားအရေအတွက် တိုးလာခဲ့သည်။ အမျိုးသားရွှေ့ပြောင်းလုပ်သားအရေအတွက်သည် အမျိုးသမီးရွှေ့ပြောင်း လုပ်သားအရေအတွက်ထက် ပိုမိုများပြားနေကြောင်း သိရသည်။
ရွှေ့ပြောင်းနေထိုင်မှုမှတစ်ဆင့် လူကုန်ကူးခံရမှု၊ အတင်းအဓမ္မစေခိုင်းခံရမှု ဖြစ်စဉ်များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်
လူအများ ရွှေ့ပြောင်းနေထိုင်ကြရသည့် အကြောင်းရင်းများ မည်သို့ပင်ရှိစေကာမူ ရွှေ့ပြောင်း နေထိုင်သူများသည် လူ့အဖွဲ့အစည်းအတွင်း ထိခိုက်လွယ်ပြီး ဘေးဖယ်ခံထားရသော အုပ်စုအချို့ကို ကိုယ်စားပြုသူများဖြစ်သည်။ တစ်ခါတစ်ရံတွင် အလွဲသုံးစားပြုခံရမှု၊ ခေါင်းပုံဖြတ်မှုများနှင့် ကြုံတွေ့ရလေ့ရှိသည်။ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့်သာ ရရှိခံစားနေကြရသူများ ဖြစ်သည်။ ရွှေ့ပြောင်းနေထိုင်သူများသည် နေရာသစ်တွင် စိန်ခေါ်မှုများစွာရှိသော်လည်း ယင်းနိုင်ငံ၏ အလုပ်လုပ်ကိုင်နိုင်သော လူဦးရေကိုတိုးစေသည်။ ကျွမ်းကျင်မှုဖြင့် ရောက်ရှိလာကြသူများသည် လက်ခံနိုင်ငံများ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိသည်။ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မှုကြောင့် လူမှုစီးပွားဘဝတိုးတက်စေပြီး အတွေ့အကြုံ ဗဟုသုတ ရရှိစေသည်။ ရွှေ့ပြောင်းလုပ်သားများ၏ နေရပ်ပြန်ပို့ငွေများသည် မိသားစုအတွက်သာမက မိခင်နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းစေလျက်ရှိသည်။ သို့ရာတွင် မကြာသေးမီနှစ်များအတွင်း ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်း ရရှိလိုမှုကြောင့် ရွှေ့ပြောင်းနေထိုင်မှုမှတစ်ဆင့် လူကုန်ကူးခံရမှု၊ အတင်းအဓမ္မစေခိုင်းခံရမှု ဖြစ်စဉ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာသည်။ အများဆုံး ဖြစ်ပွားလေ့ရှိသည့်နေရာမှာ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုလုပ်ငန်းများ ဖြစ်သည်။ ယင်းနေရာသည် အွန်လိုင်းလိမ်လည်မှုများ၏ သားကောင်ဖြစ်နိုင်ခြေ ပိုမိုမြင့်မားလာသဖြင့် ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်လာသည်။ မြန်မာနိုင်ငံသည်လည်း ယင်းလုပ်ငန်း လုပ်ကိုင်သည့်နေရာများအား ဖော်ထုတ်အရေးယူဆောင်ရွက် ခဲ့ရာ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ နိုင်ငံခြားသား ၇ဝ၁၉၆ ဦးကို စိစစ်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ယနေ့ကာလတွင် အရှေ့တောင်အာရှဒေသနိုင်ငံအချို့တွင် နိုင်ငံဖြတ်ကျော်အွန်လိုင်းလိမ်လည်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိသည်။ နိုင်ငံတကာသတင်းမီဒီယာ အများအပြားကလည်း တရုတ်-မြန်မာနှင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ကြီးထွားလာနေကြောင်း ဖော်ပြကြသည်။ နိုင်ငံတစ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းများက အခြားနိုင်ငံမှ ပြည်သူများအား အင်တာနက်မှတစ်ဆင့် ဆက်သွယ်ပြီး လိမ်လည်ငွေယူသည့် ရာဇဝတ်မှုဖြစ်သည်။ မျက်မှောက်ကာလ လူအများ၏ နေ့စဉ်ဘဝတွင် အင်တာနက်အသုံးပြုမှု များပြားလာသည်နှင့်အမျှ အွန်လိုင်းလိမ်လည်မှုများ၏ သားကောင်ဖြစ်နိုင်ခြေသည် ပိုမိုမြင့်မားလာသည်။ ယင်းသို့လိမ်လည်မှု များတွင် ယေဘုယျအားဖြင့် ငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားဆိုင်ရာ လိမ်လည်မှု၊ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှု၊ အလုပ်အကိုင်လိမ်လည်မှု၊ ကံစမ်းမဲလိမ်လည်မှု၊ ချစ်သူရည်းစားအဖြစ် ဟန်ဆောင်မှု စသည်ဖြင့် နည်းလမ်းမျိုးစုံဖြင့် ပစ်မှတ်ထားဆွဲဆောင်လေ့ရှိသည်။ အလုပ်အကိုင် လိမ်လည်မှုများမှတစ်ဆင့် အတင်းအကျပ် အဓမ္မခိုင်းစေသည့် လူကုန်ကူးမှုများကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ကျူးလွန်လျက်ရှိသည်။ ယင်းလုပ်ငန်းများသည် ဆက်လက်ကြီးထွားလျက်ရှိရာ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုအတွက်သာမက ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာသည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို အကြီးအကျယ်ထိခိုက်
ကမ္ဘာလုံးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှု ပမာဏမှာ အံ့ဩဖွယ်ကောင်းလောက်အောင် များပြားလျက်ရှိသည်။ နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုများဆိုင်ရာ လေ့လာမှုများနှင့် စစ်တမ်းများအရ ယင်းကိစ္စသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေပြီး ခန့်မှန်းဆုံးရှုံးမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ထရီလီယံအထိ ရှိနေသည်။ နှစ်စဉ် ၁ဝ ရာခိုင်နှုန်းဖြင့် ဆက်လက်တိုးပွားနေသည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ထို့ပြင် ငွေကြေးဆုံးရှုံးမှုများ၏ နောက်ဆက်တွဲအဖြစ် ဂုဏ်သိက္ခာထိခိုက်မှု၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားမှု၊ မိသားစုစီးပွားရေး ဖရိုဖရဲဖြစ်မှုနှင့် အခြားလူမှုရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုများကိုလည်း ဖြစ်ပေါ်စေ လျက်ရှိသည်။ ယနေ့ကာလတွင် နည်းပညာဖွံ့ဖြိုးနေမှုကို အကြောင်းပြု၍ နယ်စပ်ဖြတ်ကျော် အွန်လိုင်း လိမ်လည်မှုများအပြင် ပြည်တွင်းအွန်လိုင်းလိမ်လည် မှုများလည်း တစ်နည်းနည်းဖြင့် ရှိနေဦးမည်သာ ဖြစ်သည်။ နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုများကို သက်ဆိုင်ရာအစိုးရများက အရေးတယူ ဆောင်ရွက်နေကြသော်လည်း ပြည်သူလူထု၏ သတိရှိမှုနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ အသိအမြင်များ ကြွယ်ဝမှုတို့က အဓိကကျသည့်အချက်များဖြစ်သည်။
အွန်လိုင်းမှတစ်ဆင့် အကြောင်းအမျိုးမျိုးပြ ကိုယ်ရေးကိုယ်တာ အချက်အလက်တောင်းဆိုလာ မှုများကို ငြင်းပယ်ခြင်း၊ ငွေကြေးဆိုင်ရာ မက်လုံးပေးမှုများနှင့် မိမိနားမလည်သည့်ကိစ္စရပ်များကို လျစ်လျူရှုခြင်း၊ သံသယဖြစ်ဖွယ်ရှိပါက သက်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းကို တိုက်ရိုက်ဆက်သွယ် စစ်ဆေးခြင်း၊ သက်ဆိုင်ရာက ထုတ်ပြန်ထားသော အွန်လိုင်းသုံးစွဲသူများ လုံခြုံမှုရှိစေရေး သတိပေး ချက်များကို တိကျစွာလိုက်နာခြင်းဖြင့် အွန်လိုင်းပေါ်မှ ပုံစံအမျိုးမျိုးဖြင့် ဆွဲဆောင်လိမ်လည်မှုများကို သတိပြုရှောင်ရှားကြရန် လိုအပ်သည်။ ပြည်တွင်း အခွန်များဦးစီးဌာန၏ အမည်နှင့်တံဆိပ် (Logo)ကို အသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှုများဖြစ်ပွားနေခြင်းနှင့်စပ်လျဉ်း၍ အခွန်ထမ်းပြည်သူများ အထူးသတိပြုကြရန် သက်ဆိုင်ရာဌာနက အသိပေးကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ အဆိုပါအသိပေးကြေညာချက်တွင် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို ဆက်သွယ် တောင်းခံခြင်း အစရှိသည့်ထူးခြားဖြစ်စဉ်များ ကြုံတွေ့ရပါက ပြည်တွင်းအခွန်များဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းနိုင်ရန် တယ်လီဖုန်းနံပါတ်များကိုလည်း ဖော်ပြထားသည်။
နေ့စဉ်လူမှုဘဝတွင် အင်တာနက်အွန်လိုင်း သုံးစွဲမှုများပြားလာသည်နှင့်အမျှ ဆိုက်ဘာ နယ်ပယ်သည်လည်း ဒုစရိုက်သမားတို့၏ စားကျက်အသစ်တစ်ခုဖြစ်လာသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် အွန်လိုင်းပေါ်၌ ပြစ်မှုကျူးလွန်မှုများ တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာခဲ့ရာ မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့၏ ၂၀၂၃ ခုနှစ်က ထုတ်ပြန်သည့် အစီရင်ခံစာအရ အွန်လိုင်းလိမ်လည်မှုအများဆုံး ကျူးလွန်သည့်ပုံစံငါးမျိုးမှာ (၁) Application များ၊ Website အတုများ အသုံးပြု၍ သတင်းအချက်အလက်များရယူလိမ်လည်ခြင်း (Phishing Fraud) (၂) ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ထမ်းအယောင် ဆောင်၍လိမ်လည်ခြင်း (Social Media and Telecommunication Fraud) ၊ (၃) အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင်ပြုလုပ်၍ လိမ်လည်ခြင်း (Online Romance Fraud) ၊ (၄) အရောင်းအဝယ် လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကြောင်းပြ၍ လိမ်လည်ခြင်း (Online Trading/ Trading Platform Fraud) ၊ (၅) အလုပ်အကိုင်ရရှိမည်ဟု အကြောင်းပြ၍လိမ်လည်ခြင်း (Employment Scam) တို့ဖြစ်သည်ဟု သိရသည်။
ပြည်တွင်းအခွန်ဦးစီးဌာနမှ ဝန်ထမ်းအယောင်ဆောင်၍ စီးပွားရေးလုပ်ငန်းရှင်အချို့ထံ Viber မှ တစ်ဆင့် ဆက်သွယ်လိမ်လည်ခဲ့သည့်ဖြစ်စဉ်မှာ အထက်တွင်ဖော်ပြထားသည့် အွန်လိုင်းလိမ်လည် မှုပုံစံ ငါးမျိုးအနက်မှ အမှတ်စဉ်(၂)ဖြစ်သော ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ထမ်းအယောင်ဆောင်၍ လိမ်လည်သည့် အမျိုးအစားမျိုးပင်ဖြစ်သည်။ အခွန်ဆောင်ရန်ဟူသော အကြောင်းပြချက်ဖြင့် စီးပွားရေးလုပ်ငန်း ရှင်၏ Viber နံပါတ်သို့ အွန်လိုင်းလိမ်လည်သူက ကနဦးဆက်သွယ်အကြောင်းကြားခြင်း၊ ယင်းနောက် တွင် ဖုန်းခေါ်ဆို၍ Viber မှတစ်ဆင့် ပေးပို့ထားသည့် အချက်အလက်များ မှန်ကန်မှု ရှိ/ မရှိ စစ်ဆေးပေးရန်ဟု ပြောကြားကာ Link တစ်ခုပေးပြီး အဆိုပါ Link ထဲသို့ ဝင်ရောက်စစ်ဆေးပေးရန် ညွှန်ကြား၍ Link ထဲသို့ဝင်စေခြင်း စသည်ဖြင့် မိမိ၏ကိုယ်ရေး အချက်အလက်ကို တိုက်ရိုက်တောင်းယူခြင်းမဟုတ်ဘဲ သွယ်ဝိုက်၍ ရယူခြင်းဖြစ်သည်။ ယခင်က K-Pay ၊ Wave-Pay ကဲ့သို့သော မိုဘိုင်းဝန်ဆောင်မှု လုပ်ငန်းမှဝန်ထမ်း၊ ဘဏ်ဝန်ထမ်းကဲ့သို့ ဟန်ဆောင်ပြီး လိမ်လည်ခဲ့ကြရာမှ ယခုနောက်တစ်ဖန် ဌာနဆိုင်ရာ ရုံးတံဆိပ်ကိုသုံးစွဲ၍ ဝန်ထမ်းအယောင် ဆောင်လိမ်လည်လာကြခြင်းဖြစ်သည်။
ကိုယ်ရေးအချက်အလက်များကို သတိကြီးစွာထိန်းသိမ်းစောင့်ရှောက်ကြရန်လိုအပ်
အွန်လိုင်းပေါ်မှ ငွေကြေးလိမ်လည်မှုများ ပုံစံအမျိုးမျိုးနှင့် ပြုလုပ်လာကြဦးမည်ဖြစ်ရာ မိမိတို့၏ လျှို့ဝှက်အပ်သော ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာထားရှိရန်နှင့် သတိကြီးစွာထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်မည်ဖြစ်သည်။ မိမိ၏ကိုယ်ရေးအချက်အလက်နှင့်စပ်လျဉ်း၍ အကြောင်း တစ်စုံတစ်ရာပေါ်ပေါက်ပါက သက်ဆိုင်ရာ ဘဏ် သို့မဟုတ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် ဌာနဆိုင်ရာသို့ တိုက်ရိုက်ဆက်သွယ်ကြရန် သတိရှိကြဖို့လိုသည်။ အွန်လိုင်းလိမ်လည်မှု များသည် အထက်တွင်ဖော်ပြခဲ့သော ပုံစံငါးမျိုးအနက်မှ တစ်မျိုးမျိုးဖြင့် လိမ်လည်နေကြပြီး တစ်နှစ်ထက်တစ်နှစ်လည်း ပိုမိုများပြားလာနေသည်ဟုဆိုသည်။ အွန်လိုင်းလိမ်လည်မှုများကြောင့် မြန်မာပြည်သူများအတွင်း နှစ်စဉ်ငွေကျပ်သန်းပေါင်း ၅ဝဝဝ နှင့်အထက် ဆုံးရှုံးနေသည်ဟုဆိုရာ လိမ်လည်မှုဘေးမှ ကင်းဝေးစေရေးအတွက် သတိထားရှိကာ ဓနဥစ္စာတို့ကို ကောင်းစွာစောင့်ရှောက်နိုင် ရန် လိုအပ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိသည်။ ကရင်ပြည်နယ်တွင်သာမက ရှမ်းပြည်နယ် အရှေ့မြောက်ဘက်နှင့် အရှေ့ဘက်တို့တွင်လည်း နယ်မြေရှင်းလင်းမှုများပြုလုပ်ခဲ့သည်။ ထို့ပြင် Online Scam Center လုပ်ငန်းများတွင် ပါဝင် ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ကရင်ပြည်နယ် မြဝတီ-မဲ့ထော်သလေး နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား စစ်ဆေးဖော်ထုတ် ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် စုစုပေါင်း ပြည်ပနိုင်ငံသား ၁ဝ၇၆၂ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။ ၎င်းတို့အနက်မှ ၉၄ဝ၃ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေး နိုင်ခဲ့ပြီးဖြစ်သည်။ ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၃၅၉ ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်သည်။ မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်း နိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်း လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ နယ်စပ်ဖြတ်ကျော်မှုခင်းကို ကိုင်တွယ်ဖြေရှင်းရာတွင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အခြားသောနိုင်ငံများနှင့် မူးယစ်ဆေးဝါးကုန်ကူးမှု၊ အကြမ်းဖက်မှု၊ လက်နက် မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်မှုခင်း၊ ငွေကြေးဆိုင်ရာမှုခင်း၊ ဆိုက်ဘာမှုခင်း၊ ပင်လယ် ရေကြောင်းဆိုင်ရာမှုခင်း စသည့် မှုခင်းများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုများကို လည်း ပူးပေါင်းတိုက်ဖျက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ဒုစရိုက်မှုမှန်သမျှတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေကြသည်ကို တွေ့ရသည်။ ပြည်သူလူထု အပေါ် ဒုက္ခရောက်စေမည့် အဖျက်အမှောင့်လုပ်ငန်းများကို တစိုက်မတ်မတ်လုပ် ဆောင်လျက်ရှိရာတွင် မူးယစ်ဆေးဝါးအပါအဝင် အခြားဒုစရိုက်လုပ်ငန်းမှန်သမျှမှရရှိငွေဖြင့် လက်နက်ခဲယမ်းဝယ်ယူကာ မြို့ရွာများကို ဖျက်ဆီးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ဒုစရိုက်မှုမှန်သမျှ လုံးဝပပျောက်ချုပ်ငြိမ်းစေရေး၊ နောက်ထပ်တစ်ဖန် ထပ်မံလုပ်ဆောင်ခြင်းမျိုးမရှိစေရေးအတွက် ကျူပင်ခုတ် ကျူငုတ်မကျန်စေရန် လုပ်ဆောင်နေခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်နေ ခြင်းဖြင့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေးများ ပိုမိုရရှိလာတော့မည် ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။


