နေပြည်တော် ဖေဖော်ဝါရီ ၇
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွား ပြည်သူများအား ရထားလက်မှတ်ဝယ်ယူရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ရထား လက်မှတ်များကို အွန်လိုင်းမှ လက်မှတ်ရောင်းချခြင်းနှင့် ငွေပေးချေခြင်းစနစ်အား ရှေ့ပြေးစမ်းသပ်မှု အစီအစဉ် (Pilot Project) အဖြစ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ပြေးဆွဲပေးလျက်ရှိသည့် လူစီးအမြန်ရထားများ၏ ရထားလက်မှတ်များကို ခရီးစဉ်အစအဆုံး လိုက်ပါကြမည့် ခရီးသည်များ အတွက် ခုနစ်ရက် ကြိုတင်၍လည်းကောင်း၊ ကြားဘူတာများမှ စီးနင်းလိုက်ပါကြမည့် ခရီးသည်များအတွက် သုံးရက်ကြိုတင်၍ လည်းကောင်း၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ရောင်းချပေးခဲ့ရာ ရထားစီးခရီးသည်များအနေဖြင့် လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ကြောင်းနှင့် ယနေ့စတင် လိုက်ပါစီးနင်းမှု အထူးပင်များပြားကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းစနစ်ဖြင့် ရထားလက်မှတ် ဝယ်ယူစီးနင်းလိုက်ပါခဲ့ကြသည့် အမှတ် (၁၁) အဆန်/(၁၂) အစုန် (ရန်ကုန် - မန္တလေး - ရန်ကုန်) ခရီးစဉ်၊ အမှတ်(၇)အဆန်/(၈)အစုန်၊ အမှတ်(၃၁) အဆန်/(၃၂)အစုန် DEMU အမြန်ရထား (နေပြည်တော် - ရန်ကုန် - နေပြည်တော်) ခရီးစဉ်နှင့် အမှတ်(၂၇)အဆန်/(၂၈)အစုန် လူစီးအမြန်ရထား (နေပြည်တော် - မန္တလေး - နေပြည်တော်) ခရီးစဉ်များဖြင့် ယနေ့စတင်လိုက်ပါစီးနင်းခဲ့ကြသည့် ခရီးသည်များအား မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ORTP စနစ်ဖြင့် လက်မှတ်ဝယ်ယူရာတွင် အခက်အခဲတွေ့ကြုံရခြင်း ရှိ/မရှိ တွေ့ဆုံမေးမြန်းခဲ့ပြီး ORTP စနစ်ဖြင့် အွန်လိုင်းမှ ပထမဆုံး စတင်လက်မှတ်ဝယ်ယူခဲ့ကြသည့် ရထားခရီးစဉ်အလိုက် ခရီးသည်သုံးဦးစီကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ရန်ကုန် - မန္တလေးရထားလမ်းပိုင်းအတွင်း ယနေ့ပြေးဆွဲသည့် လူစီးအမြန်ရထား အစုန်/အဆန် ရှစ်စင်းကို စီးနင်းလိုက်ပါနိုင်ရန် ခုနစ်ရက်ကြိုတင်ရောင်းချခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်ကတည်းက အွန်လိုင်းပေါ်မှ ဝယ်ယူထားကြသည့် လက်မှတ်စောင်ရေ ၈၇ စောင်ရှိသည်။ ရထားမထွက်ခွာမီ နှစ်ရက်အလိုကတည်းက ရထားခရီးစဉ်များ၏ အထက်တန်းထိုင်ခုံနေရာအားလုံးကိုလည်းကောင်း၊ ရန်ကုန် - နေပြည်တော် - ရန်ကုန် DEMU အမြန်ရထား၏ ပထမတန်း ထိုင်ခုံနေရာများအနက် ၈၀ ရာခိုင်နှုန်းကျော်ကိုလည်းကောင်း အွန်လိုင်းပေါ်မှ ကြိုတင်ဝယ်ယူခဲ့ကြသည်။
ရထားစီးခရီးသွားပြည်သူများအနေဖြင့် ORTP စနစ်အသုံးပြုရာတွင် အဆင်မပြေမှုရှိပါက စုံစမ်း မေးမြန်းနိုင်ရန်အတွက် မြန်မာ့မီးရထား Call Center ၏ Hotline ဖုန်းနံပါတ် 1188 သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါကြောင်း၊ အဆိုပါစနစ်ကို ခရီးသွားပြည်သူများ အကျွမ်းတဝင် သိရှိစေရေးအတွက် စနစ်အသုံးပြုပုံအဆင့်ဆင့်နှင့် ရထားပြေးဆွဲမှုဆိုင်ရာ အချက်အလက်များကို ORTP Info by မြန်မာ့မီးရထားအမည်ဖြင့် လူမှုကွန်ရက်များပေါ်မှလည်း အသိပေးမျှဝေလျက်ရှိသည်။
မြန်မာ့မီးရထားအနေဖြင့် ORTP စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အစိုးရ - ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ် (Public Private Partnership – PPP Scheme) ဖြင့် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သည့် ပုဂ္ဂလိကကုမ္ပဏီအနေဖြင့် ရန်ကုန် - မန္တလေး၊ ရန်ကုန် - မော်လမြိုင်နှင့် ရန်ကုန် - ပြည် - ပုဂံ ရထားလမ်းပိုင်းသုံးခုတွင်ရှိသည့် ဘူတာများ၌ စနစ်အတွက်လိုအပ်သည့် Infrastructure များ တည်ဆောက်တပ်ဆင်ခြင်းနှင့် Software ရေးဆွဲခြင်းတို့ကို သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင်ဆောင်ရွက်သွားမည်ဖြစ်ကာ ယခု ORTP စနစ်အား ရှေ့ပြေးစမ်းသပ်အစီအစဉ် (Pilot Project)အဖြစ် ရန်ကုန် - နေပြည်တော် - မန္တလေး ရထားလမ်းပိုင်းအတွင်း ပြေးဆွဲပေးလျက်ရှိသည့် လူစီးအမြန်ရထားများ၏ ရထားလက်မှတ်များကို အွန်လိုင်းမှ ရောင်းချပေးခြင်းဖြစ်ကြောင်းသိရသည်။
သတင်းစဉ်


