ရန်ကုန် အောက်တိုဘာ ၂၇

အွန်လိုင်းမှတစ်ဆင့် တွေ့သည့်စာအုပ်များကို လူငယ်များ ဝယ်ယူဖတ်ရှုသည့်ဓလေ့ ထွန်းကားလာကြောင်း စာအုပ်ရောင်းဝယ်ရေး ဈေးကွက်အတွင်း မေးမြန်းထားချက်အရ သိရသည်။

လက်ရှိ စာဖတ်နှုန်း တိုးလာသည့် လူငယ်များအကြားတွင် နောက်ပိုင်းထွက်ရှိလာသော စာအုပ်များကို ဝယ်ယူဖတ်ရှုသူ များလာကြောင်းလည်း သိရသည်။

“အခုနောက်ပိုင်း လူငယ်တွေကတော့ စိတ်ဝင်စားတာတွေ့ရတယ်။ နောက်ပိုင်းပေါ်တဲ့ စာအုပ်အသစ်လေးတွေပေါ့။ ပြီးတော့ ကလေးတွေက သိန်းဖေမြင့်တို့၊ ဘာတို့တောင်သူတို့က မသိတော့ဘူး။ ရှေ့ကလူတွေပဲသိကြတယ်။ ကျန်တဲ့လူတွေ မသိကြတော့ဘူး။ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တော်တော် များများကို မသိကြတော့ဘူး၊ မြသန်းတင့်သိမယ်၊ ဂျူးသိမယ်၊ တက္ကသိုလ်ဘုန်းနိုင်ကို သိမယ်၊ ကျန်တဲ့ ရှေ့က လူတော်တော်များများကို မသိကြတော့ဘူး၊ နောက်ကပေါ်လာတဲ့ဟာမျိုးကို သူတို့က လိုက်ရှာပြီး ဖတ်ကြတယ်။ ဖတ်တဲ့သူတွေတော့ ပုံမှန်လာပြီး ရှာဖွေဖတ်ကြတယ်။ ဖေ့ဘွတ်ခ်မှာ နာမည်တစ်လုံး တက်လိုက်ပြီဆိုတာနဲ့ ဒီမှာလာရှာကြတယ်။ စာအုပ်ကုန်သွားလောက်အောင်ကို လာရှာကြတယ်” ဟု ကျောက်တံတားမြို့နယ်ရှိ စိုးပိုင်စာပေမှ ဆိုင်ရှင်ကပြောသည်။

ထို့အပြင် စာအုပ်ဈေးကွက်၌ စာအုပ်အဟောင်း ဈေးနှုန်းများစွာ မတက်သော်လည်းစာအုပ်အသစ်များ ဈေးကောင်းနေကြောင်းလည်း သိရသည်။ “စာအုပ် အဟောင်းဈေးကွက်မှာတော့ သိပ်အများကြီး တက်လို့မရပေမယ့် အသစ်ဈေးကွက်မှာတော့ တော်တော်တက်တယ်။ စာမျက်နှာ တစ်ရာကျော် လောက်ရှိတဲ့ စာအုပ်ဆို အသစ်ဈေးကွက်မှာ တစ်အုပ် တစ်သောင်းလာက်ထိကို တင်ထားတယ်။ အသစ်ဈေးကွက်က ဈေးအတော်ကောင်းပေမယ့် စက္ကူဈေးနဲ့တွက်ရင် အဲဒီလောက်မကျပါဘူး။ ထုတ်လုပ်မှု ဈေးတက်တယ်ဆိုပြီး တင်ထားကြတာတွေ့ရတယ်။ စာအုပ်ဈေးရောင်းပွဲတော်တွေကတော့ တချို့အကြီးကြီးတွေကတော့ ရန်ကုန်ထဲမှာ ပျောက်နေတယ်။ ဒါပေမဲ့ စာအုပ်ဈေးရောင်းပွဲ အသေးလေးတွေကို စူပါမားကက်တွေမှာတော့ သုံးလေးငါးယောက်နဲ့ လုပ်နေကြပါတယ်” ဟု ၎င်းက ပြောသည်။ Thit Taw