ရန်ကုန် ၈ မေ
အွန်လိုင်းပို့ကုန် သွင်းကုန်လိုင်စင်စနစ် (Fully Online) အတွက် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးပေးသွင်းမှုများကို MPU eCommerce Pay ဖြင့် ပေးချေနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။
လက်ရှိ ဖြစ်ပွားနေသော ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်လိုင်စင် ထုတ်ပေးမှုလုပ်ငန်းများအား ဧပြီ ၁ ရက်မှစတင်၍ (Fully Online)စနစ်ဖြင့် ပြောင်းလဲထုတ်ပေးဆောင်ရွက်လျက်ရှိရာ ကုန်သွယ်မှုဆိုင်ရာ ငွေကြေးပေးသွင်းမှုများအတွက် ယခင်က မြန်မာနိုင်ငံသားများဘဏ်၏ (MCB) ePayment စနစ်ဖြင့် အွန်လိုင်းမှပေးသွင်းနိုင်ရန် ဆောင်ရွက်ထားသည်။
ယခုအခါ Myanmar Payment Union (MPU)နှင့် ချိတ်ဆက်ထားသည့် ဘဏ်အားလုံးမှ ပေးချေနိုင်သည့် (MPU eCommerce Pay) ဖြင့် မေ ၈ ရက်မှစတင်၍ ပေးချေနိုင်ပြီဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် (MCB ePayment) စနစ်ဖြင့် သော်လည်းကောင်း၊ (MPU eCommerce Pay)ဖြင့်လည်းကောင်း ရွေးချယ်ပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
လက်ရှိ ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်း Fully Online စနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်များကို ဧပြီ ၁ ရက်မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ပထမအကြိမ်တွင် သွင်းကုန်ပစ္စည်း ၉၁ မျိုးနှင့် ပို့ကုန်ပစ္စည်း ၇၃ မျိုး၊ ဒုတိယအကြိမ်တွင် သွင်းကုန်ပစ္စည်း ၄၅၅ မျိုး၊ တတိယအကြိမ်တွင် သွင်းကုန်ပစ္စည်း ၁၉၆ မျိုးတို့၏ HS line များ လျောက်ထားထုတ်ပေးခွင့် ပြုထားသည်။
Fully Online စနစ်တွင် အဆိုပါ HS line များအတိုင်း အကျုံးဝင်သည့် ကုန်ပစ္စည်းများကိုသာ လျောက်ထားနိုင်ပြီး လိုင်စင် Application ပါအချက်အလက်များ ဖြည့်သွင်းရမည်ဖြစ်ကာ သက်ဆိုင်ရာ လျောက်ထားမည့်လိုင်စင်၏ ကုန်ပို့လွှာ (Invoice) နှင့် ထောက်ခံချက်လိုအပ်သည့် လိုင်စင်များအတွက် သက်ဆိုင်ရာဌာန၏ထောက်ခံချက်ကို PDF format ဖြင့် ပူးတွဲတင်ပြရမည်ဖြစ်သည်။
ထို့ပြင် လိုအပ်သည့် အချက်အလက်များနှင့် စနစ်အသုံးပြုပုံအား လျောက်ထားမည့် website တွင် တင်ပြထားမည်ဖြစ်ပြီး လုပ်ငန်းရှင်မှ ဆောင်ရွက်ရမည့်လုပ်ငန်းနှင့် လိုင်စင်လျှောက်ထားမှု အခြေအနေအား သက်ဆိုင်ရာလုပ်ငန်းရှင်၏ Deskboard တွင် အချိန်နှင့်တစ်ပြေးညီ တွေ့ရှိနိုင်မည် ဖြစ်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနထံမှ သိရသည်။
လက်ရှိ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး (Covid-19) မှာ ပျံ့ပွားလျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပြည်သူများထံသို့ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများတွင် လူလူချင်းထိတွေ့မှုများ ဟန့်တားနိုင်ရေး၊ ဗိုင်းရပ်စ်ပိုး ကူးစက်မှုများအား လျှော့ထားနိုင်ရေး အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် ဝန်ကြီးဌာနမှ ထုတ်ပေးဆောင်ရွက်လျက်ရှိသည့် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုအား ဧပြီတစ်ရက်မှ စတင်၍ အွန်လိုင်းမှ လျှောက်ထားခြင်း ၊ ထုတ်ပေးခြင်းလုပ်ငန်းစဉ်များအား စတင်ခွင့်ပြု ဆောင်ရွက်ပေးခြင်းဖြစ်သည်။
သို့ဖြစ်၍ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ရုံးဌာနသို့ လာရောက်ရန်မလိုဘဲ အင်တာနက်ရရှိသည့် မည်သည့်နေရာတွင်မဆို လိုင်စင်လျှောက်ထားခြင်း၊ ငွေကြေးပေးသွင်းခြင်း၊ လိုင်စင်ပြန်လည် ထုတ်ယူခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ယခင်ထုတ်ပေး ဆောင်ရွက်လျက်ရှိသည့် CMP (အထည်ချုပ်) သွင်းကုန်လိုင်စင်များအပြင်၊ လျှောက်ထားမှု အရေအတွက်အများဆုံးဖြစ်ပြီး ပြည်သူလူထုအတွက် လိုအပ်မည့်ပစ္စည်းများ သွင်းကုန်ပစ္စည်းများ ဖြစ်သည့် ဆေးနှင့်ဆေးပစ္စည်းများ၊ ဆေးရုံသုံးစက်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားအုန်းဆီနှင့် ဆီထွက်ကုန် ပစ္စည်းများ၊ နို့နှင့်နိုထွက်ပစ္စည်းများ၊ အီလက်ထရောနစ် ပစ္စည်းများ၊ စွမ်းအင်သုံး ပစ္စည်းများ၊ ချောဆီ၊ ဆိုင်ကယ်စက်ဘီးများ နှင့် ပို့ကုန်အတွက် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ၊ ခဲသတ္တု၊ သကြား၊ သဘာဝဓာတ်ငွေ့များ အပါအဝင် အခြား သွင်းကုန် ပို့ကုန်ပစ္စည်း စုစုပေါင်း ၈၁၅ မျိုးကို ထုတ်ပေးဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ ပို့ကုန်သွင်းကုန် လျောက်ထားမှုအတွက် www.myanmartradenet.com.mm မှတစ်ဆင့် ဝင်ရောက် လျှောက်ထားနိုင်ပြီး လျှောက်ထားမည့် (ပသက)မှတ်ပုံတင်ကာ ကုမ္ပဏီများအနေဖြင့် စနစ်အတွင်း ဝင်ရောက်အသုံးပြုရန် (Member Registration) ပြုလုပ်ရမည်ဖြစ်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနထံမှ သိရသည်။
အဆိုပါလိုင်စင်များအတွက် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရန် အတွက် အကောက်ခွန်ဦးစီးဌာန (MACCS)စနစ် သို့ အီလက်ထရောနစ်ဒေတာဖြင့် ဆက်လက်ချိတ်ဆက် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
Nyein Nyein


