ပေါက်ပေါက်
ဒီရေရောက်သစ်တော (ခေါ်) ဒီရေတောဆိုသည်မှာ လမုတောများ အစုအဖွဲ့တည်ရှိသည့် ကမ်းရိုးတန်းဒေသရှိ ရေဝပ်ဒေသ သို့မဟုတ် ရေတိမ်ဒေသ (Wetland) များကိုခေါ်ဆိုခြင်းဖြစ်ပါသည်။ ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသော ကမ်းရိုးတန်းဒေသများတွင် သဘာဝဒီရေတောများ ထိန်းသိမ်းရေးနှင့် ဒီရေတော စိုက်ခင်းများ တည်ထောင်ရေးသည် လွန်စွာအရေးကြီးသည့်အပြင် ဒီရေတောများကို စနစ်တကျ ကာကွယ်ခြင်းသည် အဏ္ဏဝါဂေဟစနစ်တည်ငြိမ်မှုအတွက် အရေးပါသည့် ဂေဟ စနစ်တစ်ခုလည်း ဖြစ်ပါသည်။
ထို့ကြောင့် ယခုနှစ် မိုးရာသီအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ဒီရေတောဧက ၂၅၀၀ ကျော် စိုက်ပျိုးထားကြောင်း သစ်တောဦးစီးဌာနမှသိရသည်။ စိုက်ပျိုးမည့် ဒီရေတောသစ်မျိုးဝင် အပင် အမျိုးအစားများမှာ ကနစို၊ လမု၊ လမဲ့၊ သစ်ရာ၊ ပင်လယ်အုန်း၊ ဗြူး၊ ရွှေဝါ၊ ဗြူးအုပ်ဆောင်း၊ အိတ်မသွယ်၊ သမဲ့ကြီး အစရှိသည်တို့ဖြစ်သည်။ အဆိုပါသစ်အမျိုးအစားများစိုက်ပျိုးသည့် ဒီရေတောများမှာ တနင်္သာရီတိုင်း ဒေသကြီးရှိ အောင်ဘာဒီရေတော ကြိုးပြင်ကာကွယ်တော၊ ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူ၊ ရမ်းဗြဲ၊ ဝမ်းဗိုက်ကြိုးဝိုင်းဒီရေတော နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒီရေတောများ ဖြစ်ကြသည်။ ထို့ပြင် မေလအတွင်းကလည်း တောင်ကုတ်မြို့နယ် ဒီရေတော၌ ဗြူးခြေထောက်ပင်များကို စိုက်ပျိုးထားကြောင်း သိရသည်။
အရေးပါသော ဒီရေတော
ဒီရေတောများသည် လူသားတို့အတွက် အကျိုးကျေးဇူး မြောက်မြားစွာ ပေးစွမ်းနိုင်သဖြင့် သက်ရှိကမ္ဘာကြီးအတွက် ဒီရေတော၏ အရေးပါပုံ မှာ အံ့ချီးမကုန်နိုင်ပေ။
ဒီရေတောအများစုကို၎င်းအပင်တို့၏ ထူထပ်သောအမြစ်များဖြင့် သတိပြုမိနိုင်ပါသည်။ ထိုအမြစ်များသည် ဒီရေ အတက်အကျတွင် မြေဆီလွှာအနည်အနှစ်များ မျောပါမသွားအောင် ကာကွယ်ပေးသည်။ ဒီရေတောပင်များ၏ အမြစ်စနစ်သည် ငါးများနှင့် အခြားသတ္တဝါများအတွက် နားခိုရာအဖြစ် စွမ်းဆောင်ပေးသကဲ့သို့ ငါး၊ ပုစွန်၊ ကဏန်း စသည့်ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ပေါက်ပွားရာ နေရာလည်းဖြစ်သည်။ ကမ်းရိုးတန်း သယံဇာတဖြစ်သော ဒီရေတော များသည် ဒီရေလှိုင်းဒဏ်ကို ခံနိုင်ရည်ရှိသဖြင့် ကမ်းရိုးတမ်းဒေသတွင် ဒီရေလှိုင်းများ၊ ပြင်းထန်သော ရေစီးကြောင်းများနှင့် မုန်တိုင်းများကြောင့် ဖြစ်ပေါ်လာသော မြေတိုက်စားမှု အန္တရာယ်မှ ကာကွယ်ပေးသည်။
ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင်ရှိသော ကျေးရွာများကို လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ဒီရေလှိုင်း ရိုက်ခတ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များကို ဒီရေတောအပင်များဖြင့် တံတိုင်းကြီးတစ်ခုသဖွယ် ကာကွယ်တားဆီးပေးနိုင်သည်။ ဒီရေတောများသည် ဆူနာမီကဲ့သို့သော သဘာဝဘေးအန္တရာယ်များကိုပင် ကာကွယ်ပေးနိုင်သည်။ ရေလွှမ်းမိုးမှုကာကွယ်ရေး၊ အာဟာရနှင့် စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးချရေး၊ စိုက်ပျိုးရေး စသည့်ဂေဟစနစ်ဆိုင်ရာ လုပ်ငန်းများအတွက် ဒီရေတောများက များစွာ အထောက်အပံ့ ပေးနိုင်ပါသည်။ ထို့ပြင်ပင်လယ်ပြင်မှ ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များကို တံတိုင်းသဖွယ် ကာကွယ် ပေးနိုင်သည့်အပြင် လယ်ယာမြေများအတွင်း ပင်လယ်ဆားငန်ရေ ဝင်ရောက်မှုကိုလည်း တားဆီးပေးနိုင်သည့်အတွက်သီးနှံများ ပျက်စီးဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးနိုင်သည်။
ဒီရေတောများသည် အပင်မျိုးစုံပေါက်ပွားရာအရပ်ဖြစ်ပြီး မြေဆီလွှာကို ထိန်းသိမ်းပေးခြင်း၊ ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုကို ကာကွယ်ပေးခြင်း၊ လှိုင်းဒဏ်လေဒဏ်တို့ကို ကာကွယ်ပေးသည့် ခံတပ်ကြီးများဖြစ်ခြင်းတို့အပြင် လူ့အသုံးအဆောင်ပစ္စည်းများဖြစ်ကြသော ထင်း၊ မီးသွေးနှင့် သစ်များ ထုတ်ယူနိုင်ခြင်းဖြင့်လည်း ကောင်းကျိုးပြုသည်။ ရာသီဥတု ပြောင်းလဲမှုကို အဓိကဖြစ်စေသော ဖန်လုံအိမ် အာနိသင်ဖြစ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကို ဒီရေတောနှင့် ကမ်းရိုးတန်း ဂေဟစနစ်များက အမြောက်အမြား စုပ်ယူသိုလှောင်ထားနိုင်သည်။ ဤအကျိုးဆက်က ဒေသအတွင်းရှိ ရေမြေသဘာဝနှင့် ရာသီဥတု ကို မျှတစေပါသည်။ ဇီဝမျိုးစုံနှင့် ဂေဟစနစ်ကို ရေရှည်တည်တံ့စေပြီး ဒေသစိမ်းလန်း စိုပြည် ရေးနှင့် သဘာဝပတ်ဝန်းကျင်ကို အထောက် အကူပြုစေသည်။ ဒီရေတော နယ်နိမိတ်အတွင်း သစ်တော၊ ရေ၊ မြေ၊ သားငှက်တိရစ္ဆာန်များ အတွက် ဘေးကင်းလုံခြုံ၍ တည်ငြိမ်သော ဂေဟစနစ်ကို ဖြစ်ပေါ်လာစေခြင်း၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်း စသည့်အကျိုး ကျေးဇူးများကို ရရှိနိုင်ပါသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလဆန်းတွင် အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်ရှိ ရွာတစ်ရွာသည် ဂင်းနစ် ကမ္ဘာ့စံချိန်သစ် မှတ်တမ်းဝင်လိုသဖြင့် ရွာ၏ကမ်းခြေတစ်လျှောက်တွင် ၂၄ နာရီအတွင်း ကဗွီးပျိုးပင်ပေါင်း ၈၀၂၄၄ ပင် စိုက်ပျိုးခဲ့သည်။ နှစ်နှစ် အကြာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆူမတြား၌ ငလျင်လှုပ်ခတ်ခဲ့သဖြင့် တမီလ်နာဒူး ကမ်းရိုးတန်းသို့ ဆူနာမီဝင်ရောက်ခဲ့သည်။ အနီးနား ရှိဒေသများသို့ ကြီးမားသော လှိုင်းလုံးကြီးများ ဝင်ရောက်ခဲ့သဖြင့် ကမ်းရိုးတန်းဒေသရှိ လူအများအပြား ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ ၈၀၀၀ ဝန်းကျင်ခန့် ရှိခဲ့သည်။ သို့ရာတွင် အဆိုပါရွာကလေးသည် ဆူနာမီဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။ လူအသေအပျောက်လည်း မရှိခဲ့ပေ။ အကြောင်းရင်းမှာ ရွာသူရွာသားများ စိုက်ပျိုးခဲ့သော ကဗွီးပင်တောအုပ်က ၎င်းတို့၏ အသက်ကို ကယ်တင်ပေးခဲ့သောကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဒီရေတောအခြေအနေ
မြန်မာနိုင်ငံတွင် ဒီရေတော ဧရိယာ ၁ ဒသမ ၁ သန်းကျော်ရှိပြီး ကမ္ဘာပေါ်တွင် သတ္တမမြောက်နှင့် အရှေ့တောင်အာရှတွင် တတိယမြောက် ဒီရေတော အများဆုံးပိုင်ဆိုင်သော နိုင်ငံဖြစ်သည်။ သစ်တော ဦးစီးဌာနက ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ သဘာဝဘေးအန္တရာယ်ကျရာက်မှုမှ ကာကွယ်ပေးနိုင်ရန်၊ ဒီရေတောကို အမှီပြုနေသော ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသ ကြီး ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အစိမ်းရောင်တံတိုင်းအဖြစ် ဒီရေတောကြိုးပြင်ကာကွယ်တော ခုနစ်ခု (၂၃၈၅၅ ဧက) ကိုဖွဲ့စည်းတည်ထောင်ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော ၄၄ ခု (၇၁၇၂၃၈ ဧက) ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဒီရေတောဧရိယာ၏ ၃ ဒသမ ၃ ရာခိုင် နှုန်းအထိ ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံသည် အကြောင်း အမျိုးမျိုးဖြင့် ယိုယွင်းပျက်စီးလျက်ရှိသည်။ လူဦးရေတိုးပွားလာမှုနှင့်အတူ ရေတိုအကျိုးစီးပွားအတွက် မဆင်မခြင်ခုတ်ယူခြင်း၊ စားရေရိက္ခာနှင့် စိုက်ပျိုးမြေအတွက် မြေယာတိုးချဲ့ခြင်း၊ ငါးကန်၊ ပုစွန်ကန်များ မွေးမြူရန်အတွက် အပြောင်ခုတ်ထွင် ရှင်းလင်းခြင်း၊ ဒေသဆိုင်ရာ အာဏာပိုင်တို့၏ စီမံ ခန့်ခွဲမှုအားနည်းခြင်းနှင့် မသမာမှုများရှိနေခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထိန်းသိမ်းစောင့်ရှောက်သင့်သော ဒီရေတော
ဒီရေတောများ ပျက်စီးပြုန်းတီးခဲ့လျှင် ရာသီဥတု ပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းက ပိုမိုဆိုးရွား စေမည်ဖြစ်ပြီး ထိခိုက်လွယ်သည့် ကမ်းရိုးတန်း သယံဇာတများမှာလည်း အလျင်အမြန် ပျက်စီး ပြုန်းတီးသွားမည်ဖြစ်သည်။ ထို့အတူ ကမ်းရိုးတန်း တစ်လျှောက်ရှိ ဒီရေတောများကို စည်းကမ်းမဲ့ ခုတ်ယူသုံးစွဲခြင်းကြောင့်လည်း ကမ်းပါးပြိုတိုက်စား မှု၊ နုန်းအနည်ကျမှုများ ဖြစ်ပေါ်စေကာ ရေထုအတွင်းရှိ ငါးများ၏ ရှင်သန်ရပ်တည်မှုကို ထိခိုက် ပျက်စီးစေမည်ဖြစ်သည်။
ထို့ကြောင့် ယနေ့ကာလတွင် ပင်လယ်ကမ်းခြေ ကို ပိုင်ဆိုင်ထားသော နိုင်ငံအချို့သည် ကမ်းပါးပြို တိုက်စားမှုကို ထိန်းချုပ်ရာ၌ ကွန်ကရစ်အဆောက် အအုံများဆောက်လုပ်၍ ကာကွယ်လေ့ရှိသည်။ သို့ရာတွင် ယင်းလုပ်ငန်းသည် ငွေကြေးကုန်ကျမှုများပြားသောလုပ်ငန်းဖြစ်၍ သဘာဝအခြေခံနည်းဖြင့် ဖြေရှင်းသည့် နည်းလမ်းများဖြစ်သော ဒီရေတောများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝဒီရေတောများ ထိန်းသိမ်း ကာကွယ်ခြင်း စသည့်အစိမ်းရောင် အကာအရံတံတိုင်းများ အဓိကထား၍ ပြုစု တည်ထောင်လာကြသည်။ အရေးပါသည့်နေရာများ ကို အစိမ်းရောင်တံတိုင်း ဒီရေတောကြိုးပြင် ကာကွယ်တောများအဖြစ် သတ်မှတ်ကာ အကောင်အထည်ဖော် ထိန်းသိမ်းလာကြသည်။
သို့ရာတွင် ကမ္ဘာအနှံ့ရှိ ဒီရေတောများသည် လူသားများ၏ မဆင်မခြင်လုပ်ဆောင်မှုကြောင့် ပုံစံ အမျိုးမျိုးဖြင့် ခြိမ်းခြောက်ခံနေရသည်။ လွန်ခဲ့သည့် နှစ် ၄၀ အတွင်း ကမ္ဘာတစ်ဝန်းရှိ ဒီရေတော ဖုံးလွှမ်း နေသည့် ဧရိယာထက်ဝက်နီးပါး လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ ပျက်စီးမှုနှုန်းသည် တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းခန့် ရှိနိုင်ပြီး ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းတွင် ကမ္ဘာတစ်ဝန်းရှိ ဒီရေတောများ၏ ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ ဆုံးရှုံးခဲ့ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
ပလတ်စတစ်ညစ်ညမ်းမှု အထူးသတိပြု
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ ပင်မကုန်းမြေတွင်ရှိသော နိုင်ငံများတွင် အကြီးဆုံး နိုင်ငံဖြစ်ပြီး ဂေဟစနစ်အမျိုးမျိုးဖြင့် ဖွဲ့စည်းတည်ရှိ နေသည်။ ဒီရေတော၊ သန္တာကျောက်တန်းနှင့် ပင်လယ်မြက်ခင်း စသည့်ဂေဟစနစ်များရှိပြီး ၎င်း တို့သည် နိုင်ငံ၏ ထုတ်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးမျိုးတို့ကို ပံ့ပိုးပေးရာ အရင်းအမြစ်လည်းဖြစ်သည်။ ယခုအခါ ကမ်းရိုးတန်းဒေသရှိ မြန်မာ့ဒီရေတောများသည် အကြောင်းအမျိုးမျိုးဖြင့် ယိုယွင်းပျက်စီး လျက်ရှိသည်။
အဓိကအကြောင်းရင်းမှာ ကမ်းနံဘေး တစ်လျှောက် နေထိုင်သူများသည် မြစ်ကြီးများနှင့် ချောင်းများအတွင်းသို့ နှစ်စဉ် ပလတ်စတစ်အမှိုက် တန်ပေါင်းများစွာ ပစ်ချနေသကဲ့သို့ ကမ်းခြေသို့ အပန်းပြေသွားသူ အများစုကလည်း ပလတ်စတစ် ထုတ်ကုန်များကို ကမ်းခြေ၌ စည်းကမ်းမဲ့စွန့်ပစ် နေကြသည်။
ပလတ်စတစ်ထုတ်ကုန်များသည် ကမ္ဘာပေါ်တွင် ဈေးအပေါဆုံးနှင့် ပြိုကွဲပျက်စီးရန် နှစ်ပေါင်းရာချီ ကြာမြင့်သည့် ပစ္စည်းဖြစ်သည်။ ယခုအခါ ပလတ်စတစ်ကို ကမ္ဘာတစ်ဝန်းရှိ မြစ်ချောင်းအင်းအိုင်များနှင့် သမုဒ္ဒရာအားလုံး၌ တွေ့မြင်နေရသည်။ လက်ရှိသမုဒ္ဒရာများအတွင်း ပလတ်စတစ်တန်ချိန် ၇၅ သန်းမှ ၁၉၉ သန်းခန့်အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ ပလတ်စတစ် ထုတ်လုပ်မှု၊ သုံးစွဲ မှုနှင့် စွန့်ပစ်မှုပုံစံများကို မပြောင်းလဲပါက ရေနေ ဂေဟစနစ်အတွင်းသို့ ပလတ်စတစ်အမှိုက် ဝင်ရောက်မှုပမာဏသည် တစ်နှစ်လျှင် တန်ချိန် ၁၉ သန်းမှ ၂၃ သန်းအထိ ရှိလာပြီး ၂၀၄၀ ပြည့်နှစ်တွင် သုံးဆနီးပါး တိုးလာနိုင်သည်ဟု ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်က ထုတ်ပြန်ထားသည်။
ပင်လယ်နှင့် ကမ်းရိုးတန်းဒေသများကို စနစ်တကျထိန်းသိမ်းနိုင်ခြင်းသည် နိုင်ငံ၏ စားရေရိက္ခာ ဖူလုံရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရေးတို့ကို အထောက်အကူပြုခြင်းပင် ဖြစ်သည်။ ကမ်းရိုးတန်းသယံဇာတများ စည်းကမ်းမဲ့ ထုတ်ယူသုံးစွဲနေမှု၊ ကမ်းခြေများ သန့်ရှင်းရေးနှင့် ပလတ်စတစ်အမှိုက်များစနစ်တကျစွန့်ပစ်မှုကို့ကို ထိန်းသိမ်းကြပ်မတ်ရန် ပျက်ကွက်ပါက ကမ်းရိုး တန်းဂေဟစနစ်များ ပျက်စီးပြုန်းတီးမှုကိုသာ ဦးတည်စေမည်ဖြစ်သည်။
အချုပ်ဆိုရလျှင် ကမ်းရိုးတန်း ဒီရေတောများ ဆုံးရှုံးမှုသည် ကုန်းသစ်တောများထက် သုံးဆမှ ငါးဆ ပိုများနေသည်။ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းတွင် မြစ်ဝကျွန်းပေါ် ဒေသ၌ လူအသေအပျောက် များပြားခဲ့မှုမှာ ဒီရေတော များ ပြုန်းတီးနေခြင်းက အခြေခံအကြောင်းတရား ဖြစ်သည်။ လက်ရှိတွင် ဒီရေတောများဧကများစွာ ပြုန်းတီးနေသော်လည်း ပြန်လည်စိုက်ပျိုးနိုင်မှုက နည်းပါးနေသေးသည်မှာ အနာဂတ်ဂေဟစနစ်အတွက် စိုးရိမ်ရသည့်အခြေအနေ ဖြစ်ပါသည်။ သို့ပါ၍ သက်ရှိကမ္ဘာကြီး ရှင်သန်ရန်အတွက် လွန်စွာအရေးပါသော ဒီရေတောများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အချိန်မနှောင်းခင် ထိန်းသိမ်း စောင့်ရှောက်သင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။