ချောက်  ၈   ဒီဇင်ဘာ

 

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်တို့၏ သားရှင်ပြုအလှူပွဲများတွင် ရှေ့အစဉ်အလာမပျက် မင်းခမ်း မင်းနားများ၊ ဆင်ရတနာများ၊ မြင်းရတနာများနှင့် လှည်းယာဉ်ကျော့ဖြင့် တစ်ခမ်းတနား ကျင်းပခြင်းမှာ ရိုးရာအစဉ်အလာ တစ်ခုဖြစ်သည်။

 

“ဒီနှစ်ပွင့်လင်းရာသီမှာ သားရှင်ပြုအလှူမင်္ဂလာပွဲတွေ ပေါများတဲ့အတွက် ရှင်လောင်းနဲ့ နားထွင်းတွေရဲ့ အဝတ်တန်ဆာတွေ အငှါးသွက်နေပါတယ်။ ရှင်လောင်းဝတ် တန်ဆာမှာ အလှူတစ်ပွဲကို ရှင်လောင်း အနည်းအများနဲ့ အလှအပအပေါ်တည်ပြီး ငွေကျပ် ခုနစ်သောင်း ကနေ  တစ်သိန်းခွဲအထိ ရှိပါတယ်”ဟု ချောက်မြို့နယ်မှ ဦးရွှေဝင်း(စမ်း)က ပြောသည်။

 

အလှူပွဲများ ပေါများလျက်ရှိသည့် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်တွင် အလှူပွဲတစ်ပွဲတွင် ရှင်လောင်းနှင့် နားထွင်းများဝတ်ဆင်သည့် အဝတ်တန်ဆာများအပြင် မြင်းအငှါး လုပ်ငန်းများ တွက်ချေကိုက်နေကြောင်း သိရသည်။

 

“မြင်းကတော့ မရှိမဖြစ်ပါ။ ပွဲဝင်နေ့နဲ့ ပွဲကြီးနေ့နှစ်ပွဲအတွက် မြင်းတစ်ကောင်ကို ငွေကျပ် သုံးသောင်း ကနေ လေးသောင်းခွဲအထိ ငှါးရပါတယ်။ ချောက်မြို့နယ်၊ ရေနံချောင်း၊ နတ်မောက်မြို့၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာတွေမှာက အလှူပွဲ အဝင်နေ့မှာရယ် ပွဲကြီးနေ့မှာရယ် ရှင်လောင်းနှစ်ကြိမ်လှည့်တယ်။ စျေးကမတူတော့ဘူး” ဟု မြင်းပိုင်ရှင် ကိုလှထွန်း၏ ပြောကြားချက်အရ သိရသည်။

 

ဆန်းညွန့်(ရေနံချောင်း)