မလှိုင်   ၁၆  ဖေဖော်ဝါရီ

 

အညာဒေသ အလှူပွဲ၊ မင်္ဂလာပွဲများတွင် မြန်မာ့ရိုးရာရွှေလှည်းများဖြင့် ပြုလုပ်ခြင်းဖြင့် ရွှေလှည်းယာဉ် ငှားရမ်းခြင်းများအပေါ် လူများစိတ်ဝင်စားမှု မြင့်တက်လာကြောင်း ရွှေလှည်းယာဉ်ငှားရမ်းခြင်း လုပ်ကိုင်နေသူများထံမှ သိရသည်။

 

"ကျွန်တော်က မြန်မာ့ရိုးရာ ရွှေလှည်းယာဉ်ကို မနှစ်ကမှ စတင်တည်ထောင်တာပါ။ အလှူမင်္ဂလာပွဲတွေမှာ လိုက်တာပါ။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ထဲက စိတ်ဝင်စားပေမယ့် အကြောင်း​အမျိုးမျိုးကြောင့် မတည်ထောင်နိုင်ဘဲ အဆင်ပြေတဲ့အချိန်မှာ တည်ထောင်ခဲ့တာပါ။ ပထမနှစ်မှ ရွှေလှည်းယာဉ် တစ်စီးက စခဲ့ပေမယ့် အဲဒီနှစ်မှာဘဲ ငှားရမ်းလာရတဲ့အခါ သုံးစီးအထိ တိုးချဲ့တည်ထောင်ခဲ့ရပါတယ်။ အဲဒီနှစ်က မလှိုင်မြို့နယ်မှာ ပွဲပေါင်း (၅၀)လောက်တော့ လိုက်ခဲ့ရပါတယ်။ ကျွန်တော်တို့ အညာဒေသ မလှိုင်မြို့မှာ ကျွန်တော်စထောင်စဉ်က ရွှေလှည်းကို မသုံးကြပါဘူး။ နောက်ပိုင်းမှာတော့ ငှားရမ်းလာရပါတယ်။ တစ်ချို့အလှူပွဲတွေဆို ရွှေလှည်းကို ၁၅ စီးလောက်ထိ ငှားရမ်းတာ ရှိပါတယ်။ အဲ့ဒီအခါမျိုးမှာ လှည်းသမားခြင်း ချိတ်ဆက်ထားတဲ့အတွက် ကျွန်တော်လိုရင် သူတို့လိုက်သလို သူတို့လိုရင် ကျွန်တော်တို့ သွားကြပါတယ်"ဟု မလှိုင်မြို့ မင်းဟိန်းထက် ရွှေလှည်းငှားလုပ်ငန်းရှင် ဦးဇီးကွက်က ပြောသည်။

 

“မြန်မာ့ရိုးရာ ရွှေလှည်းယာဉ်ကို ဒီနှစ်မှာ လူအများ စိတ်ဝင်စားမှုမြင့်တက်လာပြီး ငှားရမ်းမှု ပိုများပြားလာပါတယ်။ တကယ်တန်း ဒီနှစ်က မနှစ်ကထက် အလှူနည်းလာပေမယ့် ရွှေလှည်းအပေါ် လူတွေစိတ်ဝင်စားမှု မြင့်တက်လာပြီး လှည်းငှားရမ်းမှု ပိုမြင့်တက်လာတာပါ။ ဒီနှစ်မှာဆို ပွဲထပ်တွေများပြီး တစ်ရက်ထဲ လေးပွဲလောက်ထိ လိုက်ရပါတယ်။ မြန်မာ့ရိုးရာရွှေလှည်းယာဉ်၊ မြန်မာ့ရိုးရာဓလေ့နဲ့ မြန်မာ့ရိုးရာ ပန်းပုပညာရပ်များကို မကွယ်ပြောက်အောင် ထိန်းသိမ်းရာကျတဲ့အတွက် ဒီလုပ်ငန်းက ရှိသင့်ပါတယ်။ ရွှေလှည်းယာဉ်ပေါ်မှာ မောင်ရှင်လောင်းလေးတွေ လိုက်တဲ့အခါ လှပ ပနာသင့် လိုက်ဖတ်လှပါတယ်။ ဒီလုပ်ငန်းကို စိတ်ဝင်စားတဲ့သူတွေကိုလည်း အားပေးပါတယ်”ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

 

မလှိုင်မြို့ရှိ မြန်မာ့ရိုးရာ ရွှေလှည်းယာဉ်ငှားရမ်းခြင်းလုပ်ငန်းမှာ ယခင်နှစ်က တစ်နှစ်ပတ်လုံးအနေဖြင့် ပွဲ ၅၀ လောက်အထိ လိုက်ခဲ့ရပြီး ယခုနှစ် နှစ်ဦးပိုင်း နှစ်လသောအချိန် ကာလ၌ပင် ပွဲ ၂၀ လောက်ထိ လိုက်ခဲ့ရကြောင်း၊ လူအများစိတ်ဝင်စားမှု မြင့်တက်လာခြင်းကြောင့် မြန်မာ့ရိုးရာရွှေလှည်းငှားခြင်း လုပ်ငန်းအပြင် ရွှေလှည်းတည်ဆောက်ခြင်းအထိ တိုးချဲ့လုပ်ကိုင်လာမှုများရှိကြောင်း ရွှေလှည်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

 

ဘိုဘို(မလှိုင်)