အညာဒေသထွက် မြန်မာ့ရိုးရာ မုန့်ကျွဲသဲ ရောင်းချသူများ မိသားစုဝင်ငွေ အဆင်ပြေ

မလှိုင် ၅  မတ် 


အညာဒေသထွက် မြန်မာ့ရိုးရာ မုန့်ကျွဲသဲမုန့်အား လုပ်ကိုင်ရောင်းချနေသော မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ဆင်သေကွေ့ကျေးရွာမှ မုန့်ကျွဲသဲ ရောင်းချသူများ အဆင်ပြေကာ မိသားစုဝင်ငွေကို ထိန်းသိမ်းနိုင်ကြောင်း ယင်းဒေသရှိ မုန့်ကျွဲသဲမုန့် လုပ်ကိုင်နေသူများထံမှ သိရသည်။


မုန့်ကျွဲသဲမုန့်မှာ အညာဒေသထွက် မြန်မာ့ရိုးရာ သရေစာမုန့်ဖြစ်ပြီး ဆန်မှုန့် နှင့် ထန်းရေချို (သို့) သကြား (သို့) ထန်းလျက်ကို ဆားအနည်းငယ်ထည့်ကာ ကျိုချက်ရပြီး ကျောက်ကျောကဲ့သို့ စားချင်စဖွယ်ကောင်းသည့် သရေစာမုန့်ဖြစ်သည်။


မုန့်ကျွဲသဲ ပြုလုပ်ရာတွင် ဆန်မှုန့်ကို ကျောက်ကြိတ်ဆုံဖြင့် ကြိတ်လေ့ရှိပြီး မုန့်နှစ်ကို ချောသည်အထိ နှစ်ထပ် (သို့) သုံးထပ်အထိ ကြိတ်ရလေ့ရှိကြောင်း၊ ယခု ထန်းရည်ချိုရရှိချိန်တွင် ထန်းရည်ချိုနှင့် ရောနှောချက်နေပြီး အခြားအချိန်များတွင်မူ သကြား (သို့) ထန်းလျက်နှင့် ချက်လေ့ရှိကြောင်းနှင့် ဆား သင့်တင့်ယုံမျှထည့်ပြီး ကြိုချက်ရကြောင်း မုန့်ကျွဲသဲမုန့် လုပ်ကိုင်သူများထံမှ သိရသည်။ မုန့်ပြုလုပ်ရန် ဆန်ကြိတ်ရာ၌ စက်ဖြင့်အသုံးပြုပါက မုန့်မှာ ကြမ်းတတ်ပြီး ယင်းဒေသတွင်မူ ကျောက်ကြိတ်ဆုံကို အသုံးပြု၍ လက်ဖြင့်သာ ကြိတ်လေ့ရှိကြောင်း သိရသည်။


ရရှိလာသော ဆန်မုန့်နှင့် ထန်းရေချိုကို ရောနှောကာ ၁ နာရီမှ ၂နာရီ ဝန်းကျင်အထိ မုန့်အနည်းအများကို မူတည်၍ ကြိုချက်ရသည်။ ယင်းနောက် မုန့်ဗန်းအတွင်းသို့ လောင်းထည့်ရပြီး အေးခဲအောင် ထားရသည်။ မုန့်ကျွဲသဲမုန့် ပြုလုပ်ရာတွင် ဆန်တစ်ပြည်လျင် ထန်းရည်ချို ငါးမြူ နှင့် ခုနှစ်မြူကြားတွင် အသုံးပြုရလေ့ရှိပြီး မုန့် ၇ ပိဿာဝန်းကျင်ထိရရှိကာ တစ်ပိဿာလျှင် (၂၀ဝ၀) ကျပ်နှုန်းဖြင့် ရောင်းချနေရသဖြင့် ထက်ဝက်နီးပါးမျှ အမြတ်ငွေကျန်ကြောင်း ဆင်သေကွေ့ကျေးရွာ မုန့်ကျွဲသဲမုန့် လုပ်ကိုင်သူများမှ ပြောကြားသည်။

 

1


ဆင်သေကွေ့ကျေးရွာတွင် အိမ်ခြေ ၂၀ဝ ကျော်ရှိပြီး လူဦးရေ ၉၀ဝ ဝန်းကျင်ခန့်ရှိကာ အများစုမှာ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသော်လည်း ကျေးရွာရှိ အမျိုးသမီးအများစုမှာလည်း အညာဒေသထွက် မြန်မာ့ရိုးရာ မုန့်ကျွဲသဲ လုပ်ကိုင်ကာ မုန့်ကြိတ်ခြင်း၊ မုန့်ကြိုခြင်းအပြင် လှည့်လည်ရောင်းချရသဖြင့် ပင်ပန်းသော်လည်း အမြတ်အစွန်းရရှိ၍ မိသားစု စားဝတ်နေရေး ထိန်းသိမ်းနိုင်ကြောင်း မုန့်လုပ်ကိုင်နေသူများမှ ပြောကြားသည်။


မုန့်ကျွဲသဲမှာ အညာဒေသ ထန်းရည်ချိုရချိန်တွင် လှိုင်လှိုင်ထွက်သည့် အညာဒေသထွက် မြန်မာ့ရိုးရာစားစရာ သရေစာမုန့်ဖြစ်ပြီး ရေနွေးကြမ်း အချိုတည်းရာတွင် လည်းကောင်း၊ အလှူပွဲ မင်္ဂလာပွဲများ အချိုပွဲများအဖြစ် တည်ခင်းရာတွင်လည်းကောင်း ဧည့်ခံလေ့ရှိသည့် လူကြိုက်များသော သရေစာမျိုးဖြစ်သည်။


ဘိုဘို(မလှိုင်)