၂၃ ဧပြီ

 

မြန်မာပြည်အလယ်ပိုင်း အညာဒေသသည် ပူပြင်းခြောက်သွေ့သည့် မိုးနည်းရေရှားရပ်ဝန်းဒေသဖြစ်သည်။ စိမ်းလန်းစိုပြည်သော သစ်ပင်များထူထပ်စွာ ပေါက်ရောက်ခြင်းမရှိသည့် အညာဒေသတွင် မန်ကျည်းပင်၊ တမာပင်၊ ထန်းပင်များမှာ အမြတ်တနိုးတန်ဖိုးထားရမည့် ပတ်ဝန်းကျင်သဘာဝအလှများ ဖြစ်သည်။ အထူးသဖြင့် သက်တမ်းရင့်ထန်းပင်ကြီးများမှာ အညာမြေ၏သင်္ကေတ၊ အညာသူအညာသားများ၏ အားထားရာဟုဆိုရမည်ဖြစ်သည်။

 

တစ်ချိန်သောကာလက အညာမြေမှ ထန်းပင်များကို ကျေးလက်နေအညာသူ အညာသားများက အသက်မွေးဝမ်းကျောင်းပြု မှီခိုအားထားခဲ့ကြသော်လည်း မျက်မှောက်ကာလတွင် ထန်းပင်ကိုအခြေပြုသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တစ်စတစ်စ တိမ်ကောပပျောက်လာသည်။ အညာသဘာဝထန်းပင်များ မှာ သက်တမ်းရင့်အပင်ကြီးများအဖြစ် အထီးကျန်ဘဝရှိခဲ့ရာမှ မျက်မှောက်ကာလ လူတို့၏ တီထွင်ကြံဆအသုံးချမှုကြောင့် ထန်းပင်ကြီးများဘဝမှာ နိဂုံးကမ္ပတ် အဆုံးသတ်နေသည်ကို တွေ့ရသည်။

 

ထန်းပင်တစ်ပင်လုံးသည် လူသားများအတွက် အသုံးဝင်ပါသည်။ တစ်ချိန်က ထန်းပင်၊ ထန်းလက်၊ ထန်းသီး၊ ထန်းရည်၊ ထန်းမြစ်တို့မှာ ဈေးကွက်ဝင် အသုံးတွင်ခဲ့သော်လည်း ခေတ်ကာလပြောင်းလဲမှုကြောင့် အသုံးမတွင်ဖြစ်ခဲ့ရာ ယခုနောက်ဆုံးအခြေအနေတွင် ရှားပါးလာသောသစ်ဝါးများနေရာတွင် အစားထိုးသည့် အနေဖြင့် ထန်းသားများအား အသုံးပြုလာကြသည်ကို တွေ့ရသည်။ ထန်းသားသည် ရေမစိုလျှင်မာကျော ခိုင်ခံ့ပြီး နှစ်ပေါင်းများစွာ အသုံးပြုနိုင်သည်။ အပင်ရင့် ထန်းခွဲသားများမှာ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ပြီး ကုန်ချောအဖြစ် ပရိဘောဂများ ပြုလုပ်လာကြသည်ကို တွေ့ရသည်။

 

မျက်မှောက်ကာလတွင် လူသားများအသုံးပြုရန်အတွက် သစ်မာ၊ သစ်ချောများ ရှားပါးလာသဖြင့် ထန်းသားများကို ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်ကပါ မျက်စိကျလာသည်။ ထန်းသားဖြင့် ပြုလုပ်သော အဆောက်အအုံများ၊ လူသုံးကုန်ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများစသည်ဖြင့် အချောထည် အမျိုးမျိုး ထုတ်လုပ်နိုင်ပြီး ဈေးနှုန်းမှာလည်း ချိုသာလေသည်။ ထိုသို့ဖြင့် အညာမြေ၏ ဂုဏ်ယူဖွယ်ရာ သင်္ကေတဖြစ်သော စိမ်းလန်းစိုပြည်ပြီး အစုလိုက်၊ အတန်းလိုက်၊ အုပ်လိုက်ရှိသည့် ထန်းပင်၊ ထန်းတော ကြီးများ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မည်မှာ သေချာပါသည်။

 

အညာမြေ၏ အဓိကဒေသ မကွေးတိုင်းဒေသကြီးအတွင်းရှိ ထန်းတောကျေးရွာများတွင် သက်တမ်းရင့် ထန်းပင် ပင်ပြတ်ဈေးနှုန်းမှာ ယခင်က တစ်ပင် ကျပ်တစ်သောင်းခွဲဝန်းကျင်ရှိရာမှ ယခုအခါ တစ်ပင်ကျပ် သုံးသောင်းခွဲ ဝန်းကျင်အထိ ဈေးပေါက်ပေသည်။ သက်တမ်းရင့်ထန်းပင်တစ်ပင်ကို ခုတ်လှဲခွဲစိတ်လျှင် အိမ်တိုင်ငါးလုံးနှင့် သစ်ခွဲသားအချို့ရရှိသည်။ ထန်းပင် ငါးပင်ခန့်ဆိုလျှင် သုံးပင်အိမ်၊ လေးပင်အိမ်တစ်လုံး ဆောက်လုပ်နိုင်သည်။ ထန်းတစ်ပင်လျှင် သစ်အချောထည် ပရိဘောဂအစုံအလင် ထုတ်လုပ်နိုင်သောကြောင့် အကျိုးအမြတ်များစွာ ဖြစ်ထွန်းသည်။

 

သို့သော် ထန်းတစ်ပင် အရွယ်ရောက်အောင် ရှင်သန်ရန်မှာ အချိန်ကာလကြာမြင့်သည်။ သက်တမ်းရင့် ထန်းတစ်ပင်၏ ပျမ်းမျှအမြင့်မှာပေ ၅၀ မှ ပေ ၈၀ ဝန်းကျင်အထိရှိသည်။ ထိုအရွယ်သို့ရောက်ရန်အတွက် နှစ် ၇၀ သက်တမ်းမှ နှစ် ၁၅၀၊ ၂၀ဝ သက်တမ်းအထိရှိသည်။ယခုခုတ်လှဲနေသော သက်တမ်းရင့် ထန်းပင်ကြီးများမှာ ကျွန်ုပ်တို့ ဘိုးဘေးများ ထိန်းသိမ်းစောင့်ရှောက်ခဲ့သော အပင်များသာဖြစ်သည်။

 

ရှားပါးလာသော သစ်အစားထိုး အသုံးပြုလိုသူများအတွက် အကျိုးရလဒ်များ ဖြစ်ထွန်းနေသော်လည်း ကျွန်ုပ်တို့ သား၊ မြေး၊ မြစ်များအားလက်ဆင့်ကမ်းအမွေ ပြန်လည်ပေးဝေနိုင်ရန်အတွက် ထန်းတောကြီးများ ကွယ်ပျောက်သွားခြင်းမရှိစေရန် ထိန်းသိမ်းသင့်သည်။ အညာဒေသ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် မပျက်စီးစေရေးအတွက်လည်း အရှည်မြော်တွေး၍ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။ ။