အန္တာတိက ၁၄ ဖေဖော်ဝါရီ

 

အန္တာတိကဒေသ၏ အဏ္ဏဝါဂေဟစနစ်နှင့် ဆက်နွယ်နေသည့်  ပက်ထရယ်လ် နှင်းငှက်များကို တရုတ်သုတေသနပညာရှင်များက အနီအောက်ရောင်ခြည် ကင်မရာများဖြင့် စတင်စောင့်ကြည့်နေပြီဖြစ်ကြောင်း သိရသည်။

 

mdn

 

“ အနီအောက်ရောင်ခြည် ကင်မရာတွေနဲ့ သားရိုင်းတိရစ္ဆာန်တွေကို ခြေရာခံစောင့်ကြည့်တာဟာ စနစ်ကျတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီးတော့ ကျုံ့ရှန်းဒေသမှာရှိတဲ့ ငှက်တွေကို အလိုအလျောက်စနစ်နဲ့ စောင့်ကြည့်နိုင်ခဲ့ပါတယ်။ အန္တာတိက ဒေသက ငှက်တွေကို အနီအောက်ရောင်ခြည် ကင်မရာအသုံးပြုပြီး စောင့်ကြည့်လေ့လာတာဟာ ပထမဆုံး အကြိမ်ပါပဲ”  ဟု အန္တာတိကဒေသ ၃၅ ကြိမ်မြောက် သုတေသနအဖွဲ့မှ အဖွဲ့ဝင်၊ ဘေကျင်းတက္ကသိုလ် ပါမောက္ခ ကျန်းကျင့်ဝါ့ က ပြောသည်။

 

အဆိုပါ အနီအောက်ရောင်ခြည်သုံး ကင်မရာ ၁၁ ခုကို အသုံးပြုပြီး တရုတ် သုတေသနအဖွဲ့ စခန်းအနီးတွင် ကျက်စားနေထိုင်သည့် ပက်ထရယ်လ် နှင်းငှက်များအား စောင့်ကြည့်လေ့လာမှုကို ၂ လကြာ ပြုလုပ်သွားမည်ဖြစ်သည်။

 

mdn

 

နှင်းငှက် အမျိုးအနွယ်ဝင် မျိုးစိတ် ၄၇၀ အနက် မျိုးစိတ် ၁၀၉ စိတ်၏ မျိုးပွားမှု အလေ့အထကို လေ့လာခဲ့ကြောင်းနှင့် အများစုသည် ညအခါတွင် သားပေါက်လေ့ရှိကြောင်း ကျန်းကျင့်ဝါ့ ၏ ပြောကြားချက်အရ သိရသည်။

 

ယင်းအပြင် တရုတ်သုတေသနအဖွဲ့သည် သဘာဝသားကောင်များ၊ ရာသီဥတုဖောက်ပြန်ဆိုးရွားမှု၊ အန္တာတိကဒေသရှိ ငှက်များ၏ မျိုးပွားမှုနှင့် အကောင်အရေအတွက်အပေါ် အဓိက အကျိုးသက်ရောက်မှု ဖြစ်စေသည့် လူသားများ၏ ဆောင်ရွက်ချက်များ စသည်တို့ကို စာရင်းပြုစုထားပြီး ဒေသဂေဟ စနစ်ကို ကာကွယ်စောင့်ရှောက်ကြဖို့ တိုက်တွန်းထားသည်။

 

mdn

 

ပက်ထရယ်လ် နှင်းငှက်များသည် အန္တာတိက ဒေသတွင် မျိုးပွားသည့် ငှက်သုံးမျိုးအနက် တစ်မျိုး အပါအဝင်ဖြစ်ပြီး ကျောက်နံရံ၊ ကျောက်ချပ်များကြားတွင် အသိုက်လုပ်ကာ နိုဝင်ဘာလ နှောင်းပိုင်းနှင့် ဒီဇင်ဘာလ အစောပိုင်းတွင် ဥ ဥလေ့ရှိကြသည်။


SMZaw( MDN )
Source> AFP