လူသားတစ်ဦး ဖြစ်တည်ဖွံ့ဖြိုးလာမှု၌ မိဘပြီးလျှင် ဆရာသည် အရေးပါသည့် ပဲ့ကိုင်ရှင်ဖြစ်သည်။ ထူးချွန်ထက်မြက်သောလူသားတစ်ဦး ဖြစ်တည်ရေး၌ မိဘ၊ ဆရာတို့၏ ထိန်းကျောင်းပဲ့ပြင် ပြုစုပျိုးထောင် သင်ကြားပြသပေးနိုင်မှုသည် အဓိကကျသည့် အချက်ဖြစ်သည်။
တိုင်းပြည်တစ်ပြည်အတွက် အားကိုးအားထားပြုရမည့် မျိုးဆက်သစ်လူငယ်တို့သည် ထိုတိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ကြသူများသာ ဖြစ်သည်။ တိုင်းပြည်၏ အနာဂတ်ကိုပိုင်ဆိုင်ရာ၌ အရည်အချင်း ပြည့်ဝသော စိတ်ဓာတ်ကြံ့ခိုင်သော၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်များဖြစ်ရန် လိုအပ်သည်။ ထိုကဲ့သို့ မျိုးဆက်သစ်လူငယ်များဖြစ်လာအောင် နေ့စဉ်အချိန်ပြည့် သင်ကြားပြသနေသူများ၊ ဆုံးမပဲ့ပြင် သွန်သင်နေကြသူများ၊ ပြုစုပျိုးထောင်ပေးနေကြသူများမှာ ဆရာများပင်ဖြစ်သည်။
ဆရာသည် အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဖြစ်သည်။ အစဉ်အလာအရ ယုံကြည်ကိုးကွယ်မှုအရ ရို သေ ဆည်းကပ်ထိုက်သောပုဂ္ဂိုလ်များ ဖြစ်သည်။ တပည့်တို့အပေါ် ဆရာများ၏စေတနာ၊ မေတ္တာသည် မိဘနှင့်မခြား ကြီးမားလှသည်။ ယနေ့ ပညာခေတ်၏ လူ့အဖွဲ့အစည်းတွင် ဆရာများ၏ သင်ပြမှု၊ ထိုသင်ပြမှု၏ အကျိုးသက်ရောက်မှု ၊ အနာဂတ်အတွက်လိုအပ်မှု စသည်တို့ကို လွှမ်းခြုံပေးနေပြီဖြစ်ရာ ဆရာတို့သည် တပည့်များ ပညာအဆင့် မြင့်မားရေးသာမက လောကအတွင်း ဝင်ဆံ့နိုင်ရေးနှင့် လူ့ဘောင်ကို တည်ဆောက်နိုင်ရေးတို့တွင် အရေးပါသည့် ပဲ့ကိုင်ရှင်များဖြစ်သည်။
၂၁-ရာစုသည် ပညာကိုတန်ဖိုးထားသော ကာလဖြစ်သည်။ ကမ္ဘာ့ရွာတွင် ပညာသည်သာ ရတနာဖြစ်၍ ဆရာသည် အခရာဖြစ်သည်။ ပညာကို မှန်ကန်စွာပေးနိုင်သူ၊ ပညာကိုဆရာစားမချန် အကုန်အစင် မခြွင်းမချန် ပေးနိုင်သူမှာ မြတ်ဆရာဖြစ်သည်။ ဆရာများသည် စေတနာ ၊ ဝါသနာ ၊ အနစ်နာ ၊ မေတ္တာ ၊ ကရုဏာ၊ မုဒိတာ စိတ်နှလုံးပြည့်ဝစွာဖြင့် တပည့် ကျောင်းသား ကျောင်းသူများအား သင်ယူ ၊ သင်ကြား ၊ လေ့ကျင့်ပျိုးထောင်ပေးပြီး လူ့ဘောင်လောကကောင်းကျိုး၊ ကမ္ဘာလောကသာယာဖွံ့ဖြိုးရေး အတွက် စံနမူနာပြ အကောင်းဆုံးလုပ်ဆောင်နေသူများဖြစ်သည်။
ဆရာများထံမှ စနစ်တကျသင်ယူမှုနှင့် နာယူမှုကို တပည့်များက ဆောင်ယူကြရမည်ဖြစ်၏။ အနာဂတ် လူ့ဘောင်လောက တောက်ပြောင်ရေးအတွက် သင်ပြလမ်းညွှန်ပေးကြရမည့်သူများသည် ယနေ့ ဆရာများပင်ဖြစ်သည်။ ဆရာသည် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအား စာပေသင်ကြား ပေးရုံသာမက အတွေးအမြင်မှန်ကန်စေရန်၊ အကောင်းအဆိုး ဝေဖန်ပိုင်းခြားတတ်စေရန်၊ ပြဿနာ များကို ဖြေရှင်းတတ်စေရန် ဆုံးမပုံပြင် လမ်းညွှန်ပေးသည်။ အသိအလိမ္မာရှိ၍ စေတနာကောင်းမွန် လှပစေရန် ပန္နက်ချပေးသည့် ဗိသုကာဖြစ်သည်။
ကမ္ဘာပေါ်၌ တာဝန်အကြီးမားဆုံးနှင့် အသိမ်မွေ့ဆုံးသောလုပ်ငန်းများကို ဆောင်ရွက်ပေးနေသူများမှာ ကမ္ဘာ့ဆရာများဖြစ်သည်။ အနာဂတ်အကျိုး သယ်ပိုးကြမည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများ မွေးထုတ်ပေးရေး တာဝန်ယူကြသူများမှာ ဆရာများဖြစ်သည်။ မျိုးဆက်သစ်များ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် အစဉ်လေ့လာ ဆည်းပူးနေရသူများမှာလည်း ဆရာများဖြစ်သည်။ အသိပညာနည်းနာတို့အား တပည့်တို့ကို ပြန်လည်မျှဝေပေးနေသူများမှာ ဆရာများပင်ဖြစ်သည်။
သို့ဖြစ်ရာ ရိုသေလေးစား တန်ဖိုးထားအပ်သော အနန္တဂိုဏ်းဝင် မြတ်ဆရာများ၏ ကျေးဇူးကို တပည့်ကျောင်းသား ကျောင်းသူများက မမေ့မလျော့ ရှိကြရမည်ဖြစ်သည်။ ကောင်းမွန်သော အနာဂတ်အဖြစ် ပုံဖော်ထုဆစ်ပေးကြသော မြတ်ဆရာများကို အသိအမှတ်ပြုကြရမည်ဖြစ်သည်။ ထူးချွန်တောက်ပြောင်သော လူသားများဖြစ်ထွန်းရေး ဖန်တီးပေးသော ဆရာများအား ဂုဏ်ပြုကြရမည် ဖြစ်ပါသည်။ ။ ကြေးမုံ