လွတ်လပ်၍ တရားမျှတသော သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည်။ နိုင်ငံပိုင်မီဒီယာများတွင် နေ့စဉ် ဖော်ပြလျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို သုံးသပ် ကြည့်မည်ဆိုပါက လုပ်ငန်းစဉ်အားလုံးသည် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးဆီသို့သာ ဦးတည်ထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ထို့အပြင် “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏   အခွင့်အရေးများ နစ်နာမှု မရှိစေရေးနှင့်  နည်းလမ်းကျန မှန်ကန်မှုရှိသည့်  အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော် တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။”ဟူသော ရှေ့လုပ်ငန်းစဉ်ကို အတိအလင်း ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ပြီးစီးပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထံသို့ နိုင်ငံတော်တာဝန်များ ကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရထံ နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည်။ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် အရေးကြီးသည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တိုဘာလဆန်းမှစတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဒီမိုကရေစီစနစ် ကျင့်သုံးရာတွင် တိုင်းရင်းသားများ၊ တိုင်းရင်းသားဒေသများနှင့် လူထုလူတန်းစား အသီးသီးကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ လွှတ်တော်ထဲသို့ ရောက်ရှိလာစေ ရေးအတွက် လက်ရှိကျင့်သုံးနေသည့် အနိုင်ရသူအကုန်ယူစနစ် (First Past the Post - FPTP) အပြင် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ စနစ်နှင့်သင့်တော်သည့် အချိုးကျကိုယ်စားပြုစနစ်(Proportio- nal Representation - PR) ကို ပေါင်းစပ်ကျင့်သုံးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် နိုင်ငံသားတစ်ဦးချင်း လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက်တွန်းမှု၊ လူအုပ်စုနှင့် အနိုင်ကျင့်လွှမ်းမိုးမှု စသည့်မတရားမှုများ ကင်းဝေးစေရေး၊ လုံခြုံရေးကိစ္စရပ်များကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

တို့တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ပါတီစုံ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာစေရေး ဦးဆောင်အကောင်အထည် ဖော်ပေးခဲ့သလို ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ဖြစ်စေရေးနဲ့ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ဆောင်ရွက်သွားရမှာဖြစ်တယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က (၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အာဏာကို ခေတ္တရယူထိန်းသိမ်းထားရသည့် တပ်မတော်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီစနစ်ကို အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဟူသောကာလ သုံးပါးလုံးတွင် အစဉ်တစိုက် ရပ်တည်ဆောင်ရွက်နေသည့် သာဓကပင်ဖြစ်သည်။

လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သော အခင်းအကျင်းများကို နိုင်ငံတော်က ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူများ အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်နှင့်အမျှ ပိုမို၍မြန်ဆန်စွာ ပြီးမြောက်အောင်မြင်နိုင်ပါမည့်အကြောင်း။

မြန်မာ့အလင်း