နေပြည်တော်၊ ၂၆ မေ
အန္တရာယ်ရှိသော မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ စတုတ္ထအကြိမ် အာဆီယံ ပါလီမန်များညီလာခံ အကြံပေးကောင်စီ (ASEAN INTER PARLIAMENT ADVISORY COUNCIL ON DANGEROUS DRUGS-AIPACODD) ကို မေ ၂၄ ရက်က ဘရူးနိုင်းနိုင်ငံ ဘန်ဒါ ဆရီဘီဂါဝန် မြို့တော်ရှိ အပြည်ပြည်ဆိုင်ရာဗဟိုဌာနတွင် Virtual စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ အာဆီယံနိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာ နိုင်ငံမှလည်းကောင်း၊ မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ကိုယ်စားလှယ်များက ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမမှလည်းကောင်း တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် AIPA ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံက အဖွင့်အမှာစကားပြောကြားပြီး UNITED NATION OFFICE ON DRUGS AND CRIMES (UNODC) ကိုယ်စားလှယ်မှ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးနှင့် စပ်လျဉ်းသည့် တိုးတက်မှုများ၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံများ၏ လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာ နိုင်ငံများ၏ မူးယစ်ဆေးဝါးနှင့်စပ်လျဉ်း၍ ဥပဒေပြုပြင် ပြောင်းလဲမှုများ၊ စိန်ခေါ်မှုများ၊ အာဆီယံနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ တရားစွဲဆိုခြင်းနှင့် သိမ်းဆည်းရမိသည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အာဆီယံနိုင်ငံများအတွင်း မူးယစ်ဆေးဝါးကင်းစင်ရေးကို ဦးတည်သည့် စိန်ခေါ်မှုများ တုံ့ပြန်ရေးနှင့် လက်ရှိ အခြေအနေများကို ပိုမိုကောင်းမွန်လာစေရေးတို့အတွက် ဆုံးဖြတ်ချက်(မူကြမ်း)ကို ဆွေးနွေးခဲ့ပြီး AIPA အထွေထွေညီလာခံတွင် အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


