ကိုကိုချွန် (မော်လမြိုင်)

 

မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများတွင် ဆေးခြောက်နှင့် ဆေးခြောက်ပါဝင်သော အစားအသောက်များ သုံးစွဲခြင်းကို ဥပဒေအရတားမြစ်ထားပါသည်။ သို့သော်နိုင်ငံအချို့၌ ဆေးခြောက်ပင် စိုက်ပျိုးမှု၊ သုံးစွဲမှု၊ သယ်ဆောင်ရောင်းဝယ်မှုများကို အကန့်အသတ်ဖြင့် ခွင့်ပြုပေးထားသည်ကိုလည်း တွေ့ရပါသည်။ 

 

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဆေးခြောက်စိုက်ပျိုးမှု၊ သုံးစွဲမှုကို အကန့်အသတ်ဖြင့် ခွင့်ပြုပေးထားပါသည်။ သက်ရောက်မှုအနေဖြင့် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသများမှတစ်ဆင့် ဆေးခြောက်၊ ဆေးခြောက်ပါဝင်သော အစားအသောက်နှင့် ပစ္စည်းအမျိုးမျိုးက လမ်းကြောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေပါသည်။ မြန်မာနိုင်ငံတွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားပြီး မူးယစ်ဆေးဝါးဆိုင်ရာဥပဒေများအရ အခြားမူးယစ်ဆေးဝါးများနည်းတူ ထိရောက်စွာ အရေးယူလျက်ရှိပါသည်။ 

 

ဆေးခြောက်သုံးစွဲနိုင်သည့် ပုံစံမျိုးစုံရှိပြီး လက်ရှိတွင် တရားမဝင် ဆေးခြောက်သုံးစွဲမှုများ မြင့်တက်နေပါသည်။ ဆေးခြောက်ပါဝင်သော မုန့်များ၊ အချိုရည်များ၊ သကြားလုံးများ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသကဲ့သို့ လူငယ်ထုအကြား ခေတ်စားနေသော အီးစီးကရက် (e-cigarette) တွင် အသုံးပြုသည့် Vape အဆီများ၌လည်း ဆေးခြောက်အဆီများ ထည့်သွင်းအသုံးပြုနေသည်ကို တွေ့ရှိနေရပါသည်။ လူငယ်ထုအကြား ထင်မှတ်မှားစွာဖြင့် ဆေးခြောက်သုံးစွဲမှုများ တစ်နေ့တခြား မြင့်မားလာခြင်းသည် အနာဂတ်နိုင်ငံအတွက် ရင်လေးဖွယ်ရာ ဖြစ်ပါသည်။

 

ဆေးခြောက်သည် စိတ်ပိုင်းဆိုင်ရာရောဂါများဖြစ်သည့် စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါနှင့် ပြင်းထန်သည့် စိတ်ဝေဒနာသည်များကို ကုသနိုင်သည်ဟု ထင်မှတ်ထားကြသော်လည်း ဩစတြေးလျပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဆေးခြောက်ဖြင့် အထက်ပါရောဂါများကို ကုသခြင်းက ထိရောက်မှု ရှိသည်ဟူသော သက်သေအထောက်အထားပြသရန် လွန်စွာနည်းပါးကြောင်း ထုတ်ပြန်ထားပါသည်။ အချို့သော လေ့လာဆန်းစစ်မှုများက ဆေးခြောက်သည် စိတ်ရောဂါများကို ကုသရာတွင် ထိရောက်မှုမရှိကြောင်းနှင့် စိတ်ရောဂါများကို ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း တွေ့ရှိထားပါသည်။ ဆေးခြောက်သုံးစွဲမှုကြာရှည်လာပါက စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်အာရုံမှောက်မှားခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါသည်။ 

 

ဆေးခြောက်တွင် Cannabinoids ဓာတ်ပေါင်း ၁၀၀ ကျော်ပါဝင်နေပြီး အရေးကြီးဆုံးသော ဓာတ်ပေါင်းမှာ Tetrahydro cannabinol (THC) ဓာတ်ပေါင်းဖြစ်ပါသည်။ ထိုဓာတ်ပေါင်းသည် သုံးစွဲသူ၏ စိတ်ကိုပြောင်းလဲစေသည့် ဂုဏ်သတ္တိရှိပါသည်။ လူငယ်ဘဝတွင် ဆေးခြောက်သုံးစွဲပါက ဦးနှောက်ဖွံ့ဖြိုးမှုကို နိမ့်ကျစေပြီး စိတ်ကျန်းမာရေးကို ထိခိုက်စေမည် ဖြစ်ပါသည်။ 

 

ဆယ်ကျော်သက်အရွယ် လူငယ်များ (အသက် ၂၅ နှစ် ဝန်းကျင်အထိ) တွင် ဦးနှောက်ဖွံ့ဖြိုးဆဲကာလဖြစ်သဖြင့် ဆေးခြောက်သုံးစွဲပါက ဦးနှောက်ဖွံ့ဖြိုးမှုကို နိမ့်ကျစေပြီး ပြဿနာဖြေရှင်းခြင်းနှင့် တွေးခေါ်မြော်မြင်မှုအပိုင်းတွင် ခက်ခဲခြင်း၊ မှတ်ဉာဏ်နှင့် စာသင်ကြားမှုတွင် ခက်ခဲခြင်း၊ ကျောင်းပတ်ဝန်းကျင်တွင် ပူးပေါင်းဆောင်ရွက်မှု နည်းပါးလာခြင်း၊ အာရုံစူးစိုက်မှု နည်းပါးလာခြင်း၊ တုံ့ပြန်မှုနှေးကွေးလာခြင်း၊ ကျောင်းပတ်ဝန်းကျင်နှင့် လူနေမှုဘဝတွင် အဆင်မပြေတော့ခြင်းစသည့် ပြဿနာများ ဖြစ်ပေါ်လာစေပါသည်။ လူငယ်ဘဝမှ စတင်ပြီး ဆေးခြောက်သုံးစွဲခဲ့သူများတွင် သုံးစွဲမှုကို ဖြတ်တောက်လိုက်သော်လည်း ပျက်စီးသွားသော ဦးနှောက်အစိတ်အပိုင်းများ ပြန်လည်ကောင်းမွန် လာခြင်းမရှိတော့သည်ကို တွေ့ရပါသည်။

 

စစ်ပြန်များ၊ စီးပွားရေးနှင့် လူမှုရေးအခက်အခဲများကြောင့် စိတ်ကျနေသူများတွင် ဆေးခြောက် စတင်သုံးစွဲစဉ်က ခံစားရမှုများ လျော့ပါးသက်သာလာသည်ဟု ထင်ရသော်လည်း သုံးစွဲမှုကြာလာသည်နှင့်အမျှ စိတ်ရောဂါကို ပိုမိုဆိုးရွားသွားစေပါသည်။ လူငယ်ထုကြားတွင် ထင်ပေါ်လိုသည့်အတွက် သုံးစွဲခြင်း၊ အပေါင်းအသင်းများ၏ တိုက်တွန်းမှုကြောင့် သုံးစွဲခြင်းများမှ စတင်ခဲ့သော်လည်း ဆေးခြောက်သုံးစွဲသူ လူငယ် ၁၀ ဦးတွင် ၃ ဦးမှာ ဆေးစွဲသည့်အဆင့်အထိ ရောက်ရှိသွားစေနိုင်ပါသည်။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများမှတစ်ဆင့် စာပေသင်ကြားမှုတွင် အခက်အခဲများ ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် အနာဂတ်ပျောက်ဆုံးသွားသော သူတစ်ဦးအဖြစ် ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ 

 

လက်ရှိကာလတွင် လူငယ်ထုအကြား ဆေးခြောက်ပါဝင်သော ဆေးလိပ်သောက်သုံးခြင်း အပြင် ဆေးခြောက်အဆီပါဝင်သော e-cigarette (Vaping) သောက်သုံးမှုများ မြင့်တက်နေပါသည်။ မူးယစ်ဆေးဝါးတို့၏ အစွမ်းသတ္တိအတိုင်း ဆေးခြောက်သုံးစွဲခြင်းသည် လူကိုစွဲလမ်းစေပြီး နောက်ပိုင်းတွင် ဆေးခြောက်သုံးစွဲမှု ပမာဏမြင့်မားလာကာ မသုံးစွဲရမနေနိုင်သည့်အဆင့်ထိ ရောက်ရှိသွားစေပါသည်။ သုံးစွဲမှုမြင့်မားလာပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ နှလုံးနှင့်သွေးကြော ဆိုင်ရာရောဂါများ၊ အစာအိမ်နှင့်သက်ဆိုင်သော ရောဂါများ၊ ကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်မားလာမှုနှင့် စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှု၊ စိတ်ကျရောဂါ၊ ထင်ယောင်ထင်မှားဖြစ်မှုအပါအဝင် စိတ်ပိုင်းဆိုင်ရာ ရောဂါများကို ဖြစ်ပွားစေပါသည်။

 

နယ်စပ်ဒေသများတွင် ဆေးခြောက်အလွယ်တကူ ရရှိနိုင်မှုနှင့် လူငယ်ထုအကြား ဆေးခြောက်သုံးစွဲမှုမြင့်မားလာခြင်းသည် အနာဂတ်ကာလအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါသည်။ နယ်စပ်ဒေသများတွင် နေထိုင်သူများ၊ အလုပ်အကိုင် အခွင့်အလမ်းအရ ရွှေ့ပြောင်းသွားလာသူများသည် နယ်စပ်အား ဖြတ်သန်းပြီး ဆေးခြောက်သုံးစွဲခွင့်ပြုထားသည့် တစ်ဖက်နိုင်ငံတွင် သုံးစွဲနေရာမှ ဆေးစွဲသည့်အဆင့်သို့ ရောက်ရှိသွားနိုင်ပါသည်။ တစ်ဖက်နိုင်ငံအတွင်း နေထိုင်နေသူ မြန်မာနိုင်ငံသားအချို့မှာ ဆေးခြောက်သုံးစွဲနေသည့်အပြင် ဆေးခြောက်နှင့် ဆေးခြောက်ပါဝင်သော ကုန်ပစ္စည်းများကို နည်းလမ်းအမျိုးမျိုးဖြင့် နိုင်ငံအတွင်းသို့ ခိုးသွင်းနေမှုများ မြင့်မားနေပါသည်။

 

နိုင်ငံအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာမှ ၂၀၂၃ ခုနှစ် အတွင်း ဆေးခြောက်အမှု ၄၇၇ မှုမှ ၆၈၆ ကီလိုကျော် ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ၄၇၈ မှုမှ ၁,၁၈၅ ကီလိုကျော် ဖမ်းဆီးရမိခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ဆေးခြောက်ဖမ်းဆီးရမိမှု ၃၈၆ မှုမှာ ၈၇၉ ကီလိုကျော်ရှိခဲ့ပြီး အများစုမှာ တစ်ဖက်နိုင်ငံမှ ဝင်ရောက်လာသော ဆေးခြောက်ဘလောက်တုံးများဖြစ်သည်ကို ဖမ်းဆီးရမိမှုများအရ တွေ့ရပါသည်။ 

 

ဆေးခြောက်သုံးစွဲမှုများ မြင့်မားလာခြင်း၊ ဆေးခြောက်သယ်ဆောင်ရောင်းဝယ်မှုများ မြင့်တက်လာခြင်းနှင့် အလွယ်တကူ ရရှိနိုင်ခြင်းက နောက်ပိုင်းတွင် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများကို မလွဲမသွေဖြေရှင်းလာရတော့မည် ဖြစ်ပါသည်။ လူငယ်ထုအကြား ဆေးခြောက်သုံးစွဲမှု မြင့်တက်လာခြင်းကြောင့် ဉာဏ်ရည်နိမ့်ပါးခြင်း၊ ပညာသင်ကြားရန် ခက်ခဲလာခြင်းများက အနာဂတ်လူငယ်များအတွက် ကြီးမားသော အဟန့်အတားကို ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ 

 

လူငယ်များအနေဖြင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်း၏ တိုက်တွန်းမှု/ တွန်းအားပေးမှု၊ အတန်းဖော်များအကြား ထင်ပေါ်လိုမှု၊ လူငယ်သဘာဝ စမ်းသပ်လိုမှု၊ အတွေ့အကြုံ ရယူလိုမှုများကြောင့် ဆေးခြောက်စတင်သုံးစွဲမှုများသည် အနာဂတ်မိမိဘဝ၏ ပန်းခင်းလမ်းကို ဖျက်ဆီးနေခြင်းပင် ဖြစ်ပါသည်။ လူငယ်များအနေဖြင့် ဆေးခြောက်သုံးစွဲမှုများကို ရှောင်ရှားခြင်း၊ ကျောင်းနှင့်ဝန်းကျင်တွင် ဆေးလိပ်၊ အီးစီးကရက် သောက်သုံးမှုကို တားမြစ်ခြင်းနှင့် ဖမ်းဆီးခြင်း၊ အသိပညာပေးခြင်းများကို ကျယ်ပြန့်စွာဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ပါသည်။ တာဝန်ရှိသူများအနေဖြင့်လည်း နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ဆေးခြောက်များကို တားဆီးခြင်း၊ စုံစမ်းထောက်လှမ်း ဖမ်းဆီးခြင်းများကို တိုးမြှင့်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ 

 

ဆေးခြောက်ကဲ့သို့ပင် ဘိန်းစာရွက်နှင့် ဘိန်းစာရွက်ပါဝင်သော စားသောက်ကုန်ပစ္စည်းများက နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိပါသည်။ ဘိန်းစာရွက်ကို မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားပြီး ဘိန်းစာပင်စိုက်ပျိုးခြင်း၊ လက်ဝယ်ထားခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများနှင့် ဘိန်းစာရွက် အာနိသင်ပါရှိသော အစားအသောက်နှင့် ထုတ်ကုန်များ ဖြန့်ဖြူးရောင်းချခြင်းကို ဥပဒေအရ တားမြစ်ထားပါသည်။

 

ဘိန်းစာရွက်တွင်ပါဝင်သော ဓာတ်ပေါင်းသည် ဘိန်းသုံးစွဲရာတွင် ဖြစ်ပေါ်လာသော အာနိသင်အတိုင်း ဖြစ်ပေါ်လာပါသည်။ ဘိန်းစာရွက်သုံးစွဲမှုက ဦးနှောက်နှင့် ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပြီး မော်ဖင်းသုံးစွဲမှုကဲ့သို့ အကိုက်အခဲပျောက်စေခြင်း၊ ခံစားမှုမြင့်မားလာခြင်းစသော ဂုဏ်သတ္တိများ ရှိပါသည်။ မူးယစ်စေနိုင်သည့် အစွမ်းသတ္တိနှင့် စိတ်ကြွစေသည့် အစွမ်းသတ္တိ နှစ်မျိုးစလုံးကို ဖြစ်ပေါ်စေပါသည်။ သုံးစွဲမှုအစောပိုင်းတွင် တက်တက်ကြွကြွရှိခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ နာကျင်ကိုက်ခဲမှု မခံစားရခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ သုံးစွဲမှုကြာလာသည်နှင့်အမျှ ထပ်တိုးသုံးစွဲလိုခြင်း၊ မသုံးရမနေနိုင်ဖြစ်လာခြင်းနှင့် နောက်ဆုံးတွင် ဘိန်း၊ ဆေးခြောက်သုံးစွဲမှုကဲ့သို့ စွဲလမ်းမှုကို ဖြစ်ပေါ်လာစေပါသည်။ 

 

ယခင်က ဘိန်းစာရွက်အား မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီဒေသတွင် အလုပ်ကြမ်းလုပ်ကိုင်ရသူများက အမောအပန်းခံနိုင်ရန်နှင့် တိုင်းရင်းဆေးဝါးအဖြစ်သာ သုံးစွဲခဲ့ပါသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဘိန်းစာရွက်အား တရားဝင်အသုံးပြု ခွင့်ပေးထားသဖြင့် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော မြန်မာနိုင်ငံ နယ်စပ်မြို့များတွင် ဘိန်းစာရွက်သုံးစွဲမှုများ ကျယ်ပြန့်လာသည်ကို တွေ့ရပါသည်။ နယ်စပ်ဒေသရှိ လူငယ်ထုအတွင်း အချိုရည် သောက်သုံးနေသကဲ့သို့ ဘိန်းစာရည်များကို သောက်သုံးနေလျက်ရှိပါသည်။ အချို့သောကျေးရွာများတွင် အလှူ/ ဧည့်ခံပွဲများ၌ပင် တရားဝင်ခွင့်ပြု ထားသကဲ့သို့ ဧည့်သည်များအား တည်ခင်းဧည့်ခံလျက်ရှိသည်ကို တွေ့နေရပါသည်။ 

 

ရောင်းချသူအများစုမှာ မူးယစ်ဥပဒေများအရ အရေးယူခံရမည်ကို သိရှိထားသော်လည်း သုံးစွဲသူအများစုမှာ မူးယစ်ဆေးဝါးဖြစ်ကြောင်း မသိရှိခြင်းကပင် တားဆီးနှိမ်နင်းရေးအတွက် ကြီးစွာသော အဟန့်အတားကို ဖြစ်ပေါ်စေပါသည်။ မြန်မာနိုင်ငံအတွင်း ဘိန်းစာရွက် သယ်ဆောင်၊ ရောင်းချသဖြင့် ဖမ်းဆီးအရေးယူခံရမှုပေါင်းမှာ ၂၀၂၄ ခုနှစ်တွင် အမှုပေါင်း ၆၂ မှုမှ တရားခံ ၁၄၉ ဦးအား မူးယစ် ဥပဒေဖြင့် ဖမ်းဆီးအရေးယူထားရပြီး ၂၀၂၅ ခုနှစ်တွင် အမှုပေါင်း ၆၂ မှုမှ တရားခံ ၁၄၈ ဦး အား မူးယစ်ဥပဒေဖြင့် ဖမ်းဆီးအရေးယူထားရပါသည်။ 

 

ဘိန်းစာရွက်သုံးစွဲမှု ကြာလာပါက ကိုယ်တွင်းကလီစာများ အထူးသဖြင့် အသည်း၊ ကျောက်ကပ်တို့၏ လုပ်ငန်းများ ပျက်စီးစေခြင်း၊ နှလုံးခုန်နှုန်းမူမမှန်ခြင်း၊ အာရုံကြောဆိုင်ရာ မူမမှန်ခြင်းနှင့် ဦးနှောက်အတွင်း အရည်မြင့်မားခြင်းတို့ ဖြစ်ပေါ်လာပါသည်။ ဘိန်းစာရွက်ရေရှည်သုံးစွဲရာမှ ရပ်ဆိုင်းလိုက်ပါက ဘိန်းစာရွက်အား စွဲလမ်းသည့်လက္ခဏာများ ပေါ်ပေါက်လာပါသည်။ ၂၀၂၄ ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ ဘိန်းစာရွက်သုံးစွဲခြင်းကြောင့် ပထမဦးဆုံး သေဆုံးသူတစ်ဦးရှိကြောင်း သိရှိရပါသည်။ ဘိန်းစာရွက်သည် ဆေးကုသရာတွင် အသုံးပြုနိုင်သည်ဟူသော လုံလောက်သည့် လေ့လာစမ်းသပ်မှုများ မရှိသေးသဖြင့် ဆေးဝါးထုတ်ကုန်အဖြစ် သုံးစွဲနိုင်ကြောင်း ထောက်ခံထားမှုများမရှိသည်ကို တွေ့ရပါသည်။ 

 

ဘိန်းစာရွက်မှ ပြုပြင်ထုတ်လုပ်ထားသည့် အစားအသောက်များသည် ဘေးအန္တရာယ် ကင်းရှင်းမှု အာမခံချက်မရှိသဖြင့် ဥရောပဈေးကွက်တွင် တင်သွင်းရောင်းချခွင့်ကို တားဆီးထားပါသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုက ဘိန်းစာရွက်သုံးစွဲမှုအား တရားဝင် ထိန်းချုပ်ထားပါသည်။ အသက် ၁၂ နှစ်နှင့်အထက် အမေရိကန်လူငယ် ၁ ဒသမ ၇ သန်းသည် ဘိန်းစာရွက် ကို ၂၀၂၁ ခုနှစ်အတွင်း သုံးစွဲခဲ့ကြောင်း ခန့်မှန်းထားရှိပါသည်။

 

မြန်မာနိုင်ငံသည် ယခင်ရှိရင်းစွဲ မူးယစ်ဆေးဝါးပြဿနာကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေရှင်းဆောင်ရွက်နေစဉ် ယခုကဲ့သို့ ဆေးခြောက်နှင့် ဘိန်းစာရွက်တို့၏ ပြဿနာကလည်း နောက်တိုး ပြဿနာအဖြစ် ပေါ်ပေါက်လာပါသည်။ နယ်စပ်ဒေသများရှိ ပြည်သူများသုံးစွဲရာမှ လက်ရှိကာလတွင် နယ်စပ်နှင့်နီးစပ်ရာဒေသများမှ မြို့ပြများသို့ပါ ရောက်ရှိလာပါသည်။ အထင်မှား၊ အမြင်မှား၊ အယူ အဆမှားများကြောင့် ဘိန်းစာရွက်နှင့် ဆေးခြောက် သုံးစွဲမှုများကို တားမြစ်ရန် လိုအပ်လာပြီဖြစ်ပါသည်။ 

 

ဘိန်းစာရွက် ဖျော်ရည်များ၊ ဘိန်းစာရွက်ပါဝင်သော စားသောက်ကုန်များ သုံးစွဲမှုသည် မြို့ပြများ အထိ ကူးစက်လာပြီဖြစ်ရာ အသိပညာပေးခြင်း လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ မိဘများအနေဖြင့်လည်း ဘိန်းစာရွက်နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရှိရန် လိုအပ်ပြီး မိမိသားသမီးများထံ အသိပညာပေးခြင်းနှင့် စောင့်ကြည့်ခြင်းများ ပြုလုပ်သွားရန် လိုအပ်လာပြီဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။