၁၁ ဧပြီ

 

နေတိုး

 

 

သင်္ကြန်ကတော့ ကျွန်တော် အိမ်မှာပဲနားဖြစ်ဖို့ များပါတယ်၊ သင်္ကြန်တွင်းကတော့ အကုန်လုံးက နားရက်လည်း ဖြစ်တယ်၊ ရိုးရာလည်းဖြစ်တော့ သင်္ကြန်ဆိုတာ ကျွန်တော်တို့ တစ်နှစ်တာအတွက် အကုန်လုံးက စိတ်လွတ်၊ လက်လွတ်နဲ့ ပျော်ပျော်ရွှင်ရွှင် ရေပက်ကစားကြတဲ့ ပွဲတော်ဖြစ်တာမို့ ကျွန်တော့်အနေနဲ့ အလွန်လည်း နှစ်သက်မိတယ်၊ နောက်တစ်ခုက သင်္ကြန်ချိန်ခါရောက်တိုင်း သင်္ကြန်သီချင်းတွေနဲ့ အတူကြည်နူးမိတယ်၊ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့တဲ့ သင်္ကြန်နေ့ရက်တွေကိုလည်း စိတ်ထဲ အလိုလို ထင်ဟပ်လာတယ်၊ သင်္ကြန်နဲ့ ပတ်သက်ပြီးတော့ ခံစားမှုက ရင်ခုန်စရာ၊ ကြည်နူးစရာ၊ ပျော်ရွှင်စရာကောင်းတဲ့ ပွဲတော်တစ်ခု အနေနဲ့ အမြဲတမ်း ခံစားနေပါတယ်လို့ ပြောချင်ပါတယ်။ နှစ်သစ်မှာ ပရိသတ်ကြီး ကျန်းမာချမ်းသာ လိုအင်ဆန္ဒတွေ ပြည့်ဝပြီး စီးပွားလာဘ်လာဘတွေ တိုးတက်ကြပါစေလို့ ဆုတောင်းပေးပါတယ်၊ အားလုံး နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ။

 

စည်သူလွင်

 

 

ဒီနှစ်သင်္ကြန်ကတော့ ရန်ကုန် ဒါမှမဟုတ် မန္တလေးမှာ ရှိပါမယ်၊ သင်္ကြန်ကတော့ ရင်ခုန်ပါတယ်၊ အဓိကတော့ သင်္ကြန်မှာ ကိုယ့်ပရိသတ်နဲ့ ဆုံရလို့ ပျော်ပါတယ်၊ သင်္ကြန်ဆိုရင် ပရိသတ်က မြူးမြူးကြွကြွ သီချင်းလေးတွေ ပိုကြိုက်ကြတော့ မြူးမြူးလေးတွေပဲ ရွေးပြီးဆိုဖြစ်တယ်၊ သင်္ကြန်အမှတ်တရ ရယ်လို့တော့ မရှိပါဘူး၊ ငယ်ငယ်တုန်းကလည်း ပျော်တယ်၊ အနုပညာသမား ဘဝဖြစ်လာတော့လည်း ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရပြီး သင်္ကြန်ဆိုရင် ပျော်ခွင့်ရတယ်၊ နှစ်သစ်မှာ အားလုံးပဲ လိုရာဆန္ဒတွေ ပြည့်ဝပါစေ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ နှစ်တစ်နှစ်ကို ကူးပြောင်းတဲ့နေရာမှာ ပျော်ကြတဲ့နေရာမှာ အန္တရာယ် ကင်းကင်းနဲ့ တကယ့်ကို ပျော်စရာကောင်းတဲ့ သင်္ကြန်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

 

နေမင်း

 

 

သင်္ကြန် အကြိုနဲ့ အကျက ထားဝယ်မှာ ရှိပါမယ်၊ အကြတ်နဲ့ အတက်ကတော့ ရန်ကုန်က မဏ္ဍပ်တစ်ခုခုမှာ ရှိမှာပါ၊ သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရတွေက အများကြီးပါပဲ၊ သင်္ကြန်ဆိုတာနဲ့ မြန်မာလူမျိုးအားလုံး ပျော်ကြတာပါပဲ၊ ကျွန်တော်ကိုယ်တိုင်လည်း ပျော်တယ်၊ နှစ်သစ်ကစပြီး ပရိသတ်တွေအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဝင်ငွေတွေလည်း တိုးပွားကြပါစေလို့ ဆုတောင်းပေးပါတယ်။

 

ဝါဆိုမိုးဦး

 

 

သင်္ကြန်အမှတ်တရ အနေနဲ့ ထွေထွေထူးထူးတော့ မရှိပါဘူး၊ နှစ်တိုင်းလည်း သီချင်းတွေဆိုပြီး ဖြတ်သန်းဖြစ်တယ်၊ ဒီနှစ်လည်း ပရိသတ်ကြိုက်မယ့် သီချင်းမြူးမြူးလေးတွေ ဆိုဖို့ စဉ်းစားထားပါတယ်၊ သင်္ကြန်ရောက်ပြီဆိုရင် ပျော်တယ်၊ ဝါဆိုတို့ရဲ့ မြန်မာနှစ်သစ်ကူးကို အတာရေတွေ ပက်ဖျန်းပြီး ကြိုဆိုတဲ့ ရိုးရာပွဲဖြစ်တဲ့အတွက် အလွန်ကို ပျော်ဖို့ကောင်းပါတယ်၊ နှစ်သစ်ကစပြီး ပရိသတ်တွေအားလုံးလည်း လူသစ်၊ စိတ်သစ်နဲ့ ဘဝသစ်ကို ပိုင်ဆိုင်ပြီးတော့ အောင်မြင် ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

 

အိမ့်ချစ်

 

 

အိမ့်ချစ် အကြိုနဲ့အကျ နှစ်ရက်ကို ရန်ကုန်မှာ ဖျော်ဖြေပါမယ်၊ အကြတ်နေ့နဲ့ အတက်နေ့ကိုတော့ မန္တလေးမှာ သွားရောက် ဖျော်ဖြေပါမယ်၊ ဒီနှစ်ကိုတော့ အိမ့်ချစ် လောဘ နည်းနည်း ကြီးလိုက်ပါတယ်၊ ရန်ကုန်ရော၊ မန္တလေးရော နှစ်နေရာ သွားမှာပါ၊ ဒါကလည်း ကိုယ့်ကို ပရိသတ်က ချစ်နေတုန်းလေးပဲ ဒီအလုပ်ကို လုပ်ခွင့်ရတာလေ၊ အဲဒီအတွက်ကြောင့် ကိုယ့်ကို ပရိသတ်က ပေးထားတဲ့ အခွင့်အရေးလေး ရှိနေတုန်းမှာ ကြိုးစားတဲ့သဘောပါ၊ ဒီနှစ်ကတော့ အလွန် စည်ကားမယ်လို့ အိမ့်ချစ် ထင်ပါတယ်၊ မြန်မာ့ရိုးရာသင်္ကြန် ဖြစ်တဲ့အတွက် နှစ်ဟောင်းက အညစ်အကြေးတွေ အားလုံးကိုချန်ခဲ့ပြီးတော့ နှစ်သစ်မှာ အားလုံးပဲ ပျော်ရွှင်ကြပါစေ၊ စီးပွားလာဘ်လာဘတွေလည်း တိုးတက်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။

 

အေးမြတ်သူ

 

 

ဒီနှစ်သင်္ကြန်ကတော့ အေးမြတ်သူ မကွေးမှာ ခရီးသွား ပရိုဂရမ်တစ်ခု ရိုက်ကူးရင်းနဲ့ပဲ ဖြတ်သန်းဖြစ်မှာပါ၊ သင်္ကြန်ရောက်ရင် အေးမြတ်သူ အလွန်ပျော်တယ်၊ သင်္ကြန်ရေ ထိတာနဲ့ကို စိတ်ထဲအလိုလို ပျော်လာတယ်၊ သူများကို ရေပက်ရတာလည်း ကြိုက်တယ်၊ ကိုယ်တိုင်လည်း ရေတွေစိုနေတာကို သဘောကျတယ်၊ နှစ်သစ်မှာ ပရိသတ်အားလုံး နှလုံးစိတ်ဝမ်းအေးချမ်းပြီး စီးပွားရေးတွေလည်း တိုးတက်ကောင်းမွန်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

 

လမင်းခ

 

 

လမင်း ဒီနှစ်သင်္ကြန်ကတော့ မန္တလေး သင်္ကြန်မှာ ရှိဖို့များပါတယ်၊ ဖျော်ဖြေရေး အနေနဲ့ မဟုတ်ပါဘူး၊ မိသားစုနဲ့ အပျော်ခရီးပါပဲ၊ သင်္ကြန်ခံစားမှုကတော့ ပျော်တာပေါ့၊ တစ်နှစ်မှ တစ်ခါဆိုတော့ ငယ်ငယ်က ပိုပြီးရင်ခုန်တယ်၊ ကြီးလာတော့ စိတ်ထဲ မရှိတော့ဘူး၊ ပွဲဆိုရဖို့ပဲ အာရုံရတော့တယ်၊ ပွဲမဆိုရဘူးဆိုလည်း မိသားစုနဲ့ အေးအေးဆေးဆေး အိမ်မှာပဲနေတယ်၊ သင်္ကြန် အမှတ်တရ အနေနဲ့ကတော့ လမင်း အဆိုတော် တစ်ယောက် အနေနဲ့ IC နဲ့ သီချင်း စဆိုတာ သင်္ကြန်ပွဲမှာပါ၊ အဲဒါကတော့ ဘဝမှာ ဘယ်လိုမှ မေ့လို့မရတဲ့ အရာပါ၊ ပရိသတ်တွေ အားလုံး မြန်မာ့ နှစ်သစ်ကူးပွဲတော်မှာ စိတ်ချမ်းသာကြပါစေ၊ ကိုယ်ကျန်းမာကြပါစေ၊ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေလို့ ဆုတောင်းပေးပါတယ်။

 

မေနှင်းဆီ