မြန်မာ့အလင်းသတင်းစာ အနုပညာကဏ္ဍ မှတစ်ဆင့် စာဖတ်ပရိသတ်များအတွက် အပတ်စဉ် ဗုဒ္ဓဟူးနှင့် စနေနေ့တိုင်း အနုပညာသတင်းများကို တင်ဆက်လျက်ရှိရာ ယခုသီတင်းပတ်အတွင်း အနုပညာရှင်များ၏ ပြောစကားများနှင့် ဖြတ်သန်းမှု အချို့ကိုလည်း ဖော်ပြလိုက်ပါသည်-

 

ရဲတိုက်က ပရိသတ်ကြီးကိုကြည့်စေချင် 

 

“အခုအချိန်မှာ ပရိသတ်တောင်း ဆိုတဲ့ ပုံစံလေးတွေကိုပဲ ကျွန်တော်သရုပ် ဆောင်မယ်။ ပြန်ပြီးသရုပ်ဆောင် လောကထဲ အခြေချဖို့ တစ်လလောက်ပြင်ဆင်ခဲ့ရ တယ်။ ဒဏ္ဍာရီမိုးကို ကြည့်စေချင်တယ်။

 

ရွှေထူးနဲ့ ဝတ်မှုန်ရွှေရည်တို့နဲ့အတူ သရုပ်ဆောင်ထားတယ်။ သရုပ်ဆောင်ဘဝနဲ့ နေသားမကျသေး၊ စိမ်းနေသေးတာမို့ လိုအပ်ချက်တွေရှိနိုင်ပေမယ့် ပရိသတ်ကြီးကို ကြည့်စေချင်တယ်” ဟု ရဲတိုက်က မြန်မာ့အလင်းပရိသတ်ကြီးကို ပြောကြားခဲ့သည်။

 

 

အကယ်ဒမီနေတိုးက မြန်မာ့ရုပ်ရှင်လောကအတွက် အုတ်တစ်ချပ်ဖြစ်လို 

 

“ကျွန်တော့်ရဲ့ Story Book ရုပ်ရှင်စတူဒီယိုကို ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ဒါက ကျွန်တော့်ရဲ့အိပ်မက်၊ ဒါကိုသုံးနှစ်ကျော် ပြင်ဆင်ခဲ့တာ။ ရုပ်ရှင်လောကသားတွေအတွက် လိုအပ်တာမို့ ဒီထက်ပိုပြီး ဖြည့်ဆည်းကြည့်ချင်တယ်။ ပြည်ပအထိ ကျွန်တော်တို့ သွားစရာမလိုဘဲ ပြည်တွင်း ရုပ်ရှင်လောက နည်းပညာကို ကြိုးစားဖြည့်တင်းပြီး အုတ်တစ်ချပ်ဖြစ်ဖြစ် လုပ်ပေးချင်တယ်”ဟု အကယ်ဒမီနေတိုး က ပြောကြားလိုက်သည်။

 

ဗီဒီယိုလောကကျဆင်းလာသည်ကို ဟိန်းဝေယံ စိုးရိမ်စိတ်ပူ 

 

“ဒါရိုက်တာအဖြစ်နဲ့ မရဏဂြိုဟ် ဆိုတာကို ရိုက်ကူးနေပါတယ်။ ရိုက်ချင်တဲ့ ဇာတ်ကားတွေတော့ အများကြီးပဲ။ ကျွန်တော်စိတ်မကောင်းတာက ဗီဒီယို လောကက ဈေးကွက်သိသိသာသာ ပျက်စီးသွားခဲ့ပြီ။ ဒါကိုတော့ တော်တော် လေးစိုးရိမ်မိတယ်” ဟု ပြောကြားသည်။

 

အော်န်ဆိုင်း ရုပ်ရှင်ရိုက်ကူးတော့မည် မော်ဒယ်လ်တစ်ဦးအဖြစ် အောင်မြင်ခဲ့သူ အော်န်ဆိုင်းက “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးနေပြီဖြစ်ပြီး တိုင်းရင်းသူမို့ စကားပြောသည့် အပိုင်းကို သူကစိုးရိမ်လျက် ရှိသည်။ သရုပ်ဆောင်မှု ပထမဆုံးဖြစ်ခြင်းကြောင့် စိတ်လှုပ်ရှားသကဲ့သို့ အားလုံး ဝိုင်းဝန်းဖေးမကြသည့် အတွက်လည်း စိတ်သက်သာရာရကြောင်း ပြောကြားခဲ့သည်။

 

ကိုလင်း