ဘန်ကောက်   မတ်   ၁၉

ဘွမ်ဂျိုင်းထိုင်းပါတီမှ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သူ အနုတင် ချန်ဝီရာကူသည် မတ် ၁၉ ရက်က ပြုလုပ်သည့် အောက်လွှတ်တော် မဲခွဲဆုံးဖြတ်မှုတွင် မဲအများစုရရှိခဲ့သည့်အတွက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရကြောင်း သိရသည်။

အနုတင်၏ပါတီသည် အောက်လွှတ်တော်တွင် အမတ်နေရာအများအပြားကို ရရှိထားပြီး  ဖေဖော်ဝါရီလအတွင်းက ရွေးကောက်ပွဲတွင် ဒုတိယနေရာရရှိခဲ့သည့် ပြည်သူ့ပါတီခေါင်းဆောင် နက်သာဖွန်း  ရွန်းပန်ယဝတ်နှင့်  ယှဉ်ပြိုင်ရန်အတွက် အနုတင်ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။ အနုတင်သည် ထောက်ခံမဲ ၂၉၃ မဲရရှိခဲ့ပြီး နက်သာဖွန်းက  ၁၁၉  မဲရရှိခဲ့သည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ  ဆိုဖွန်း ဇာရမ်က ကြေညာခဲ့သည်။

မိန့်ခွန်းပြောကြားရာတွင် အနုတင်က လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို စုစည်း၍  နိုင်ငံအကျိုးစီးပွားနှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် လုပ်ကိုင်သွားမည်ဟု အခိုင်အမာပြောကြားခဲ့သည်။  ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဝန်ကြီးချုပ်ဟောင်း ပေထုံတန်ရှင် နာဝပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါကျင့်ဝတ်များ ဖောက်ဖျက်မှုဖြင့် ရာထူးမှဖယ်ရှားခဲ့ပြီး  အနုတင်သည်   ပြီးခဲ့သည့်  စက်တင်ဘာလအတွင်းက  ပါလီမန်တွင် အနိုင်ရရှိပြီးနောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

အသက်   ၅၉   နှစ်အရွယ်  ရှိပြီဖြစ်သော အနုတင်သည် ၁၉၉၆ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးအဖြစ် နိုင်ငံရေးလောကအတွင်းသို့ စတင်ဝင်ရောက်ခဲ့သည်။ ထို့နောက် ၎င်းသည်  ကုန်သွယ်ရေးဒုတိယဝန်ကြီးနှင့် နောက်ပိုင်းတွင်   ပြည်သူ့ကျန်းမာရေးဝန်ကြီးအဖြစ် ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံရေးနယ်ပယ်မှ ငါးနှစ်တာ အနားယူပြီးနောက် ၎င်းသည် ၂၀၁၂ ခုနှစ်တွင် ဘွမ်ဂျိုင်းပါတီ၏ ခေါင်းဆောင်အဖြစ် ပြန်လည်ထွက်ပေါ်လာခဲ့သည်။   ထိုအချိန်မှစတင်၍ ၎င်းသည် ဒုတိယဝန်ကြီးအဖြစ် ဌာနအချို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဆင်ဟွာ