အပစ်အခတ်ရပ်စဲမှု သက်ရောက်ပြီးနောက် ယီမင်နိုင်ငံ ဟိုဒေဒါဆိပ်ကမ်းမြို့ ငြိမ်သက်

ပေါက်ကွဲလုနီးပါး အခြေအနေရောက်နေသည့် ယီမင်နိုင်ငံ ဟိုဒေဒါဆိပ်ကမ်းမြို့သည် ဒီဇင်ဘာ ၁၈ ရက်တွင် ငြိမ်သက်သွားပြီဖြစ်ကြောင်း၊ ပြင်းထန်သည့် တိုက်ခိုက်မှု များဖြစ်ပွားခဲ့ပြီးနောက်တွင် ကုလသမဂ္ဂက ကမကထ ပြုလုပ်ဆောင်ရွက်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုသည် ဒီဇင်ဘာ ၁၇ ရက် ညသန်းခေါင်ယံတွင် စတင်ခဲ့ကြောင်း ယီမင်အစိုးရကိုလိုလားသည့် သတင်းရင်းမြစ်များနှင့်ဒေသခံများက ပြောကြားသည်။

ဟိုဒေဒါမြို့မှာ ဒီဇင်ဘာ ၁၈ ရက် ယီမင်စံတော်ချိန် နံနက် ၃ နာရီတွင် အပြည့်အဝ ငြိမ်သက်သွားကြောင်း ယီမင်အစိုးရအား သစ္စာခံသည့် စစ်ဘက်သတင်းရင်းမြစ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။

ယီမင်နိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ကုလသမဂ္ဂကကြီးမှူး၍ ဆွီဒင် နိုင်ငံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းသဘောတူညီချက်အရ ဒီဇင်ဘာ ၁၇ ရက် ညသန်းခေါင်ယံတွင် အပစ်အခတ် ရပ်စဲရမည်ဖြစ်သော်လည်း သတ်မှတ်ချိန်ကို ကျော်လွန်၍ ပြင်းထန်သည့် တိုက်ခိုက်မှုများနှင့် လေကြောင်းမှစီးနင်းမှုများပြုလုပ်ကြကြောင်း ယီမင်အစိုးရအား လိုလားသော သတင်းရင်းမြစ်များနှင့် ဟိုဒေဒါမြို့တွင် နေထိုင်သူများက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

ဆော်ဒီအာရေးဗီးယားနှင့် ညွန့်ပေါင်းအဖွဲ့က ထောက်ခံအားပေးသည့် ယီမင်အစိုးရတပ်ဖွဲ့များနှင့် အီရန်၏ မဟာမိတ်ဟူသီသူပုန်အဖွဲ့တို့အကြား တိုက်ခိုက်မှုများမှာ ဒီဇင်ဘာ ၁၈ ရက် နံနက် ၃ နာရီကတည်းက မရှိတော့ကြောင်း ဟိုဒေဒါမြို့တွင် နေထိုင်သူများက အေအက်ဖ်ပီသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်အတည်ပြု ပြောကြားသည်။

ပင်လယ်နီကမ်းခြေရှိ မဟာဗျူဟာကျသော ပြည်နယ်တွင် အပစ်အခတ်ရပ်စဲခြင်းကို ယီမင်အစိုးရတပ်ဖွဲ့များနှင့် ဟူသီသူပုန်များက ကြိုဆိုကြသည်။

နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ယီမင်အစိုးရနှင့် ဟူသီသူပုန်များက ၄င်းတို့အနေဖြင့် အပစ် အခတ်ရပ်စဲထားမှုကို လိုက်နာမည်ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။

ဟိုဒေဒါမြို့နှင့် အနီးဝန်းကျင်ဒေသတွင် အပစ်အခတ်များ ချက်ချင်းရပ်စဲရန် လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်းက ဆွီဒင်နိုင်ငံတွင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ သဘောတူညီမှုရရှိခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ်ကို ဒီဇင်ဘာ ၁၇ ရက် ညသန်းခေါင်ယံ တွင် စတင်၍ သဘောတူညီခဲ့ကြောင်း ကုလသမဂ္ဂက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။ 

အေအက်ဖ်ပီ