ဂါဇာ ဇန်နဝါရီ ၅

 

အစ္စရေးနှင့် ဟားမားစ်တို့ကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများပြန်လည်စတင်စဉ် ဂါဇာ ကမ်းမြောင်ဒေသ၌ သေဆုံးသူ ၄၁ ဦးခန့်ရှိကြောင်း သိရသည်။ အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ ပြန်လွှတ်ပေးရေး ဆွေးနွေးပွဲကို ဇန်နဝါရီ ၃ ရက်က ကာတာနိုင်ငံ၌ စတင်ခဲ့သည်။

 

သို့သော်လည်း ဇန်နဝါရီ ၄ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ၄၁ ဦးခန့် သေဆုံးခဲ့သည်ဟု ပါလက်စတိုင်း မီဒီယာများတွင် ဖော်ပြထားသည်။

 

ထို့ကြောင့် ဂါဇာဒေသ၌ သေဆုံးသူဦးရေမှာ ၄၅၇၁၇ ဦးအထိရှိလာကြောင်း ဂါဇာကျန်းမာရေး အာဏာပိုင်များက ပြောသည်။ စေ့စပ်ညှိနှိုင်းမှုများနှင့် ပတ်သက်၍ အစ္စရေးအာဏာပိုင်များသည် တိုးတက်မှုအပေါ် သတိကြီးစွာထားကြောင်း အစ္စရေး မီဒီယာတွင် ဖော်ပြသည်။

 

ဟားမားစ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများ မည်သို့ပြန်လွှတ်ပေးမည်ဆိုသည့် ကိစ္စရပ်အပေါ် နှစ်ဖက်ကြားသဘောထားကွဲလွဲမှုများရှိကြောင်း သိရသည်။ အစ္စရေးတို့သည် ဇန်နဝါရီလ အတွင်း ဥပဒေအသစ်ကို အသက်ဝင်အောင်ပြုလုပ်ရန် စီစဉ်နေပြီး အဆိုပါဥပဒေမှာ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်‌ရေးနှင့် လုပ်ငန်းဆောင်ရွက်ရေး အေဂျင်စီကို တိုင်းပြည်အတွင်း အလုပ်လုပ်ခွင့် ပိတ်ပင်သွားမည့် အချက်ပင်ဖြစ်သည်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ဟားမားစ်တို့၏နယ်စပ် ဖြတ်ကျော်တိုက်ခိုက်မှုတွင် အဆိုပါ အေဂျင်စီမှဝန်ထမ်းအချို့ ပါဝင်သည်ဟု စွပ်စွဲထားသည်။

 

အင်န်အိတ်ချ်ကေ