၂၃ သြဂုတ်


နေရပ်စွန့်ခွာသူများ ပြန်လည်စေလွှတ်ရေးအတွက် ဩဂုတ်လ ၂၂ ရက် နေ့တွင် လုပ်ငန်းစဉ်များစတင်ရန် ဘင်္ဂလားဒေ့ရှ်ဘက်မှ ဩဂုတ် ၁၉ ရက် နေ့တွင်      တရားဝင်စာပေးပို့    အကြောင်းကြားချက်အရ    မြန်မာနိုင်ငံဘက်မှ လက်ခံရန်အသင့်အနေအထားဖြင့် စောင့်ဆိုင်းခဲ့သော်လည်း တစ်နေကုန်သွားသည့်တိုင်  လုပ်ငန်းမစတင်နိုင်ဘဲ  တစ်မိုးချုပ်သွားခဲ့ရ ပြန်ပြီဖြစ်သည်။ မြန်မာနိုင်ငံဘက်တွင်  ရခိုင်ပြည်နယ်အစိုးရ   တာဝန်ရှိသူများ၊ အာဆီယံ  ERAT Team တို့က တောင်ပြိုလက်ဝဲစခန်းမှ စောင့်ဆိုင်းခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်ဘက်တွင်လည်း ဒါကာရှိ မြန်မာသံရုံး ကိုယ်စားလှယ်တစ်ဦးနှင့်      ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များက   ကော့ဇ်ဘဇားတွင်  သွားရောက်စောင့်ဆိုင်းခဲ့ကြ ခြင်းဖြစ်သည်။

 

နေရပ်စွန့်ခွာသူများ    ပြန်လည်မဝင်ရောက်နိုင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ARSA အကြမ်းဖက်သမားတို့၏  ခြိမ်းခြောက်မှု ကြောင့်ဖြစ်ပြီး နေရပ်စွန့်ခွာသူများမှာ နေအိမ်မှပင် ထွက်ပြေးနေကြရ ကြောင်း၊ ပြန်မည်ဆိုပါက သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ထားခဲ့ကြောင်း သတင်းများ ကြားသိရသည်။ အခြားအကြောင်းတစ်ရပ်မှာ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် နေရပ်စွန့်ခွာသူများကို   ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ  မဟာမင်းကြီးရုံးနှင့်  ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ ပူးပေါင်း၍ မြန်မာနိုင်ငံသို့ မိမိဆန္ဒအလျောက် ပြန်လိုခြင်းရှိ မရှိ  မေးမြန်းစိစစ် နေခြင်းကြောင့်ဖြစ်သည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်ပါ  လုပ်ထုံးလုပ်နည်းအရ  မိမိသဘောဆန္ဒအလျောက်  ပြန်လည် လာရောက်လိုခြင်း (Voluntary Return)ကို    ကာယကံရှင်များထံ မေးမြန်း၍        ပုံစံတွင်ဖြည့်သွင်းပေးရမည်ဖြစ်သော်လည်း    ပြန်လည် ပို့ဆောင်မည့်ရက်ကပ်ပြီးမှ ဆောင်ရွက်နေခြင်းက ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို ထိခိုက်စေသည်။

 

ဩဂုတ်  ၂၂  ရက်တွင်  စတင်လက်ခံသွားမည့်  စာရင်းပါ  လူ  ၃၄၅၀  တို့မှာ  ဘင်္ဂလားဒေ့ရှ်ဘက်မှ  ပေးပို့လာသည့်  နေရပ်စွန့်ခွာသူစာရင်းကို ရခိုင်ပြည်နယ်အတွင်း  နေထိုင်ခဲ့သူ  ဟုတ်  မဟုတ်၊  အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်ခဲ့ခြင်း ရှိ မရှိ စစ်ဆေးပြီး ယင်းအချက်များနှင့် ကင်းလွတ်သူများကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ နေရပ်စွန့်ခွာသူ ၃၄၅၀ တို့ကို  အုပ်စု  ခုနစ်စုဖြင့်  အသုတ်လိုက်  ပြန်လည်လက်ခံသွားရန်  စီစဉ် ထားပြီး မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လိုကြသည့် ဟိန္ဒူဘာသာဝင် ၅၀ဝ ခန့်ကို ပထမအသုတ်တွင် ထည့်သွင်းပေးရန်လည်း မြန်မာဘက်က တောင်းဆိုခဲ့ကြောင်း သိရသည်။

 

ပြည်တွင်းမှ သတင်းဌာနတစ်ခုဖြစ်သော နိရဉ္ဖရာ၏ သတင်းတစ်ပုဒ်အရ  ဘင်္ဂလားဒေ့ရှ်အစိုးရပိုင်းက  တစ်စုံတစ်ရာ  အကြောင်းကြားခြင်းမရှိ ကြောင်း၊  မိမိတို့ပြန်လိုကြောင်း ကူတူပါလောင်ဒုက္ခသည်စခန်းမှ ဟိန္ဒူ ခေါင်းဆောင်တစ်ဦးက    သတင်းဌာန၏    ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

 

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များအနေဖြင့်မူ    နေရပ်စွန့်ခွာသူများ ပြန်လည်စေလွှတ်ရေးအတွက်  ဩဂုတ်  ၂၂  ရက်တွင်  လုပ်ငန်းစဉ်များစတင်ရန်  ၎င်းတို့၏  တရားဝင်စာ  ပေးပို့အကြောင်းကြားချက်နှင့်အညီ လုပ်ငန်းကို  လက်တွေ့    အကောင်အထည်မဖော်နိုင်ခဲ့သော်လည်း ကော့ဇ်ဘဇားတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး နေရပ်စွန့်ခွာသူများ မြန်မာနိုင်ငံသို့  ပြန်လည်ဝင်ရောက်ခြင်းမပြုသည်မှာ နိုင်ငံသားဖြစ်ခွင့်နှင့်   လုံခြုံရေးဆိုင်ရာ  အာမခံချက်များ  တောင်းဆိုမှုကို မြန်မာအစိုးရထံမှ မရ၍ဖြစ်ကြောင်း   ဒုက္ခသည်ကယ်ဆယ်ရေးနှင့်  ပြန်လည်ပို့ဆောင်ရေး အကြီးအကဲဖြစ်သူ မိုဟာမက်အဘူကလမ်က ပြောကြားခဲ့ရာ ဒုက္ခသည် စခန်းများအတွင်းမှ အဖျက်အမှောင့် ပယောဂများနှင့် ၎င်းတို့၏လုပ်ငန်း အကောင်အထည်ဖော်မှု အားနည်းချက်များကို ဖုံးကွယ်လိုသည့် သဘောဟု ယူဆရမည်ဖြစ်သည်။

 

ရခိုင်ပြည်နယ်တွင် မတူညီသည့် အသိုင်းအဝိုင်းများအကြား ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေး၊ ပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးတို့အပြင် ရေရှည်တည်တံ့ပြီး အညီအမျှဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရ၏ အားထုတ်ကြိုးပမ်းမှုများကို အာဆီယံနှင့်တကွ  မိတ်ဆွေနိုင်ငံများက ဆက်လက်အားပေးထောက်ခံထားသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်      ပြန်လည်ထူထောင်ရေး၊    လုံခြုံရေး၊ ဒေသဖြိုးရေးလုပ်ငန်းများကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသည် မောင်တောခရိုင်အတွင်းမှ နေရပ်စွန့်ခွာသူများအရေးကို    စိတ်ရင်းစေတနာမှန်ကန်စွာ  အပြောမဟုတ်၊ အလုပ်ဖြင့် သက်သေပြနေခြင်းသာ ဖြစ်ပါကြောင်း။     ။

 

မြန်မာ့အလင်း