၂၄ ဇူလိုင်


သွေးသားနဲ့ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်မှာ ဖျားနာတာကရှောင်လွှဲဖို့ မဖြစ်နိုင်တဲ့အရာပါ။ မဖျားမနာဖူးတဲ့သူရယ်လို့မရှိပါဘူး။ အခုလိုရာသီဥတုမျိုးဆိုရင်တော့ ပိုဆိုးတာပေါ့။ အအေးမိနဲ့တုပ်ကွေးတွေ အဖြစ်များနေပြီလေ။ ကိုယ်တိုင်ဖျားနာတဲ့အခါက ပြဿနာမရှိဘူး။ လူကြီးဆိုတော့ ကိုယ့်ဘာသာ ဂရုစိုက်နိုင်မယ်။ လိုအပ်မယ်ထင်တာတွေပြင်ဆင်နိုင်တယ်။ ဆေးရုံဆေးခန်းအလွယ်တကူသွားနိုင်တယ်။ ဒါပေမယ့် ကလေးငယ်တွေဖျားနာပြီဆိုရင်တော့ ကိုယ်တိုင်ဖျားနာတာထက်ပိုဆိုးတယ်။ အထူးသဖြင့် အဖျားကြီးပြီဆိုရင် အန္တရာယ်လည်းပိုနိုင်တယ်။ ကလေး အဖျားတက်လာတာက နေ့ခင်းပိုင်းလိုမျိုးဆို နီးစပ်ရာဆေးခန်းမှ ပြသကုသပေးလို့ရပေမယ့် အချိန်မတော်ကြီးဖြစ်တဲ့ အခါမှာတော့ ကိုယ်တိုင် ပြုစုမှဖြစ်မှာပါ။ ဒီလိုပြုစုဖို့အတွက် နည်းလမ်းလေးတွေပြောပြပေးမယ်နော်။


ကလေး ဖျားနေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ  

     
ကလေးတွေက လူကြီးတွေလောက် ခံစားရတဲ့ ဝေဒနာကို စီကာပတ်ကုံး မပြောနိုင်ကြပါဘူး။ ဒါကြောင့် ကလေးလေးတွေဖျားနာတဲ့အခါ မိဘတွေအနေနဲ့ အစစအရာရာကို သတိထားကြရပါတယ်။ ကလေးမှာ ဒီလိုလေးတွေ ဖြစ်နေပြီဆိုရင်တော့ ဖျားနေပြီလို့ ဆိုရပါမယ်။


ကလေးကိုယ်အပူချိန်က ၃၈ ဒီဂရီစင်တီဂရိတ် ( ၁၀ဝ.၄ ဒီဂရီဖာရင်ဟိုက်) (သို့မဟုတ်) ၁၀ဝ.၄ ဒီဂရီဖာရင်ဟိုက် ထက်ပိုများနေမယ်။


ကလေးက ကိုယ်နွေးနေမယ်။ နဖူးတွေ၊ ကျောတွေနွေးနေမယ်။

ပါးလေးတွေ နီနေမယ်။

ချွေးတွေ အများကြီးထွက်နေမယ်။

မှိန်းနေမယ်။

အစာမကြေဖြစ်ပြီး အော့အန်မယ်။

ချောင်းဆိုးမယ်။

နှာစေးမယ်။

နှာချေမယ်။

အစားမစားဘဲနေမယ်။


ကလေးငယ်ငယ်လေးတွေက အလွယ်တကူ အအေးမိဖျားနာနိုင်ပါတယ်။ ရေချိုးမှားတာ၊ ချွေးနဲ့အအေးပတ်တာ၊ လေအေးတိုက်ခံတာများတာတွေလိုမျိုး အမျိုးမျိုးသော အကြောင်းတွေကြောင့် ဖျားနာနိုင်ပါတယ်။ အိမ်မှာ သာမိုမီတာလေးတစ်ခုဝယ်ထားပြီး ကလေးဖျားနေတယ်လို့ သံသယရှိတဲ့အခါ တိုင်းကြည့်တာကလည်း အဆင်ပြေစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။

ကလေးက အဖျားကြီးနေတဲ့အခါ ပြုစုပေးနိုင်မယ့် နည်းလမ်းတွေက                                                                                                  
ကလေးကအဖျားရှိနေပြီဆိုရင် –


ကလေးကိုရေခပ်နွေးနွေးလေးနဲ့ ၁၅ မိနစ်လောက်ချိုးပေးတာက အဖျားကျအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။


အဝတ်အစားတွေကို သက်တောင့်သက်သာဖြစ်အောင်ဝတ်ဆင်ပေးပါ။ 


အနွေးထည်အထူကြီးဝတ်ပေးတာ၊ စောင်အထူကြီးခြုံပေးတာမျိုးမလုပ်ပါနဲ့။

ကလေးကို ရေဓာတ် ပြည့်ဝနေအောင် မိခင်နို့၊ ရေ၊ သစ်သီးဖျော်ရည် အစရှိတာတွေတိုက်ကျွေးပေးပါ။ ကဖင်းပါတဲ့သောက်စရာတွေနဲ့ အချိုရည်တွေကိုတော့ရှောင်ပါ။

အာဟာရဖြစ်စေပြီး ကြေလွယ်မယ့်အစားအစာတွေကျွေးမွေးပါ။

အရမ်းအပူကြီးလာတယ်ဆိုရင် ရေအေးဝတ်ကပ်ပေးပါ။ ရေပတ်တိုက်ပေးပါ။

ကလေးငယ်တွေအတွက် သီးသန့်ထုတ်ထားတဲ့ အဖျားပျောက်ဆေးတိုက်ပါ။
 ကလေးက ဆေးမသောက်နိုင်ဘူးဆိုရင် Tylenol လိုအဖျားပျောက်ဆေးအရည်က သင့်တော်ပါတယ်။

ကလေးကို ပြည့်ပြည့်ဝဝ အနားယူနိုင်အောင်လုပ်ဆောင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသမလဲ


ကလေးမှာ အခုပြောပြမယ့် အခြေအနေတွေဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။


ကလေးက အော့အန်နေမယ် ဆက်တိုက်ဖြစ်နေပြီး နုံးချိလာမယ်။

ဝမ်းသွားနေမယ်။

ခန္ဓာကိုယ်မှာ အနီစက်တွေဖြစ်လာမယ်။

တက်မယ်။

အဖျားက ဆက်ပြီးကြီးနေမယ်။


 အဖျားကျသွားပေမယ့်လည်း မှိန်းနေမယ် ဆိုရင်တော့ စိုးရိမ်ရတဲ့ အခြေအနေဖြစ်တာကြောင့် နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသတာက အကောင်းဆုံးဖြစ်မှာပါ။ ဒီလိုပြောထားတဲ့ လက္ခဏာတွေ မဖြစ်လာသေးပေမယ့်လည်း မိဘတွေရဲ့အမြင်မှာ စိုးရိမ်စရာကောင်းတဲ့ အနေအထားရှိတယ်လို့ ထင်မြင်မိရင် ဆေးရုံဆေးခန်းကို မြန်မြန်ဆန်ဆန်သွားရောက်ပြသသင့်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။”