၂၁ မေ
(အက်စ် ခုနစ်လုံးမူဘောင်နှင့်ပတ်သက်၍ ပြောရမည်ဆိုလျှင် ၁၉၈၀ ပြည့်နှစ်များအလွန်တွင် fMcKinsey & Company consulting firm ၌ အလုပ်လုပ်နေကြသော စီးပွားရေးအတိုင်ပင်ခံပုဂ္ဂိုလ်များ ဖြစ်ကြသည့် Tom Peters နှင့် Rသဘနမအ Robert Waterman တို့မှ အက်စ်ဒဒှဒဒ ခုနစ်လုံးမူဘောင် သို့မဟုတ် 7-S ပုံစံကို ဖော်ထုတ်ခဲ့ကြသည်။ ဤပုံစံသည် မည်သည့်အဖွဲ့အစည်းအတွက်မဆို အဖွဲ့အစည်းတစ်ခုအတွင်းရှိအခြေအနေများကို စောင့်ကြည့်ရန်နှင့် အဖိုးဖြတ်ရန်အသုံးပြုသောလက်နက်တစ်ခု ဖြစ်သည်။)
မက်ကင်ဆီအက်စ်ခုနစ်လုံး မူဘောင်သည်အဖွဲ့အစည်းတစ်ခု အောင်မြင်တိုးတက်လိုလျှင်အဖွဲ့အစည်းအတွင်း ပြုလုပ်ဆောင်ရွက်ပေးရန် လိုအပ်သည့်အချက် ခုနစ်ချက် သို့မဟုတ် ကဏ္ဍခုနစ်ရပ် ပါဝင်သောပုံစံတစ်ခု ဖြစ်ပါသည်။ အချက်ခုနစ်ချက်၏ အမည်တစ်ခုစီတွင် “S” စာလုံးနှင့် အစပြုသော ကြောင့် ၎င်းကို 7-S ပုံစံဟုလည်း ခေါ်သည်။ ထို 7-S မှာ Strategy (မဟာဗျူဟာ)၊ Structure (ဖွဲ့စည်းတည်ဆောက်ပုံ)၊ Systems (စနစ်)၊ Sharevalues (မျှဝေတန်ဖိုး)၊ Style (ပုံစံ/ဟန်)၊ Staff (ဝန်ထမ်း) နှင့် Skill (ကျွမ်းကျင်မှု)တို့ ဖြစ်ကြသည်။ ဤအချက်တစ်ချက်စီသည် မည်သည့်အဖွဲ့အစည်း အတွက်မဆို အောင်မြင်တိုးတက်မှုရရှိရန်အတွက်အလွန်အရေးပါ အသုံးဝင်သည်။
အဖွဲ့အစည်းများ ဟန်ချက်ညီအောင် ပြုပြင်ပြောင်းလဲရာတွင် အလွန်အသုံးဝင်သောကြောင့် စီးပွားရေး အဖွဲ့အစည်းများအတွင်း ထင်ရှားကျော်ကြားပြီး အသုံးများလာသည်သာမက စီးပွားရေးမဟုတ်သော အဖွဲ့အစည်းများကပါ တွင်ကျယ်စွာ အသုံးပြုလာ ကြသည်။
မဟာဗျူဟာ
မိမိအဖွဲ့အစည်း အောင်မြင်တိုးတက်ရန်အတွက်မဟာဗျူဟာ(Strategy) ချမှတ်ထားရမည်။ အဖွဲ့အစည်း၏ ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်ရှိရန်အတွက်အဓိကချဉ်းကပ်ရမည့် မဟာဗျူဟာထားရှိရမည်။ ၎င်းသည် ပြိုင်ဘက်များကိုကျော်လွှားနိုင်ပြီး ဈေးကွက်အတွင်း ထိုးဖောက်အောင်မြင်မည့် နည်းလမ်းအစီအစဉ် ဖြစ်သည်။ ထို့ကြောင့် မဟာဗျူဟာဆိုသည်မှာ အဖွဲ့အစည်း၏ တန်ဖိုးထားမှု၊ အဖွဲ့အစည်း၏ အဓိကမူဝါဒနှင့် အဖွဲ့အစည်း၏ အနာဂတ်ပုံရိပ်တို့ကို အခြေခံပြီး အဖွဲ့အစည်း၏ ယုံကြည်မှုလမ်းစဉ်ကို ရေးဆွဲကာ ၎င်းအတိုင်းဆောင်ရွက်ရမည့် ရေရှည်လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။
ဖွဲ့စည်းတည်ဆောက်ပုံ
မိမိ၏အဖွဲ့အစည်းတွင် အရေးတကြီးပြုလုပ်ဆောင်ရွက်ရမည်မှာ အဖွဲ့အစည်း၏ ဖွဲ့စည်းတည်ဆောက်ပုံ(Struc-ture)ဖြစ်သည်။ ဤသည်မှာ အဖွဲ့အစည်းအတွင်း အမျိုးမျိုးသောဌာနများ၊ အဖွဲ့များ၊ အုပ်စုများကို ဖွဲ့စည်းထားသည့် ပုံစံအရင်းအမြစ် သို့မဟုတ် Organizational chart ဖြစ်သည်။ မည်သူက မည်သူ၏လက်အောက်တွင် မည်သည့်တာဝန်ကို ထမ်းဆောင်ရန် ဖော်ပြသောအရာလည်း ဖြစ်သည်။ ဌာနတစ်ခုစီအတွင်း တာဝန်များအတွက် အမြဲတမ်းရာထူးများ သတ်မှတ်ထားရမည် ဖြစ်သည်။ တာဝန်ထမ်းဆောင်သောလူများ ပြောင်းလဲသွားသော်လည်း ရာထူးမှာ အမြဲရှိနေရမည်။ ရာထူးအဆင့်များ၊ အရေအတွက်များကို အဖွဲ့အစည်း၏ အခြေအနေအပေါ်မူတည်၍ ရေးဆွဲထားရမည်။ သို့သော် ဖွဲ့စည်းတည်ဆောက်ပုံမှာ မြင်သာလွယ်ပြီး ပြုပြင်ပြောင်းလဲလွယ်သောမူဘောင်ဖြစ်ပါသည်။
စနစ်များ
မိမိအဖွဲ့အစည်းအောင်မြင်မှုရရှိရန် စနစ်များ (Systems) သတ်မှတ်ထားခြင်းသည် အရေးကြီးသော ကဏ္ဍတစ်ရပ် ဖြစ်သည်။ စနစ်ဆိုသည်မှာ အဖွဲ့အစည်း အတွင်း အလုပ်ပြီးမြောက်စေရန်အတွက် ဝန်ထမ်းများ သို့မဟုတ် အဖွဲ့ဝင်များမှ ပြုလုပ်ဆောင်ရွက်ရမည့် နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် လုပ်ကိုင်ဆောင်ရွက်ရန်နည်းလမ်းများနှင့် လုပ်ငန်းအတွင်း ကျင့်သုံးသည့် လမ်းစဉ်များ ဖြစ်သည်။
မျှဝေတန်ဖိုးများ
မျှဝေတန်ဖိုးများ(Share Values)သည် 7-S ပုံစံ၏ ကျန်သောအချက်များကို ထိန်းညှိပေးသောကြောင့် ၎င်းပုံစံသည် ပင်မအူတိုင်ဖြစ်သည်။ မျှဝေတန်ဖိုးများသည်မည်သည့် အဖွဲ့အစည်းအတွက်မဆို အခြေခံအုတ်မြစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကုမ္ပဏီ၏ လုပ်ဆောင်မှုများ၊ ဝန်ထမ်းများ၏ လုပ်ငန်းခွင်အတွင်း ဆောင်ရွက်သော အပြုအမူများကို လမ်းညွှန်ပေးသောစံများ၊ အရည်အသွေး အဆင့်အတန်းများဖြစ်သောကြောင့် ဖြစ်သည် မျှဝေတန်ဖိုးများသည် အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများ သို့မဟုတ် အဖွဲ့ဝင်များသည် ၎င်းတို့၏ ယုံကြည်ချက်များနှင့် စေတနာတို့ကိုပေါင်းစပ်ပြီး အဖွဲ့အစည်း၏ အနာဂတ်ပုံရိပ်(Vision) နှင့် ယုံကြည်ချက်လမ်းစဉ်(Mission)တို့အတွက် မည်သည့်အချက်များကို အလေးအနက်ပြု တန်ဖိုးထားကာ ဆောင်ရွက်ကြမည်ကို ဖော်ပြသော အချက်များဖြစ်သည်။
ပုံစံ/ဟန်
ပုံစံ (သို့မဟုတ်) ဟန် (Style) ဆိုသည်မှာ ထိပ်တန်းအဆင့်ရှိ ခေါင်းဆောင်များမှ ချမှတ်ကျင့်သုံးသော နည်းလမ်းဖြစ်သည်။ တစ်နည်းအားဖြင့် ခေါင်းဆောင်များ၏ စီမံခန့်ခွဲမှုပုံစံဖြစ်သည်။ ဥပမာ တချို့သော အဖွဲ့အစည်းများအတွင်း စည်းကမ်းအလွန်တင်းကျပ်ထားမှု ရှိသည်။ ဤကဲ့သို့ စည်းကမ်းတင်းကျပ်ထားမှုသည် ထိုအဖွဲ့အစည်းများ၏ပုံစံ (သို့မဟုတ်) ဟန်ဖြစ်သည်။ ထို့ကြောင့် ပုံစံ(သို့မဟုတ်)ဟန်ဆိုသည်မှာ ဝန်ထမ်းများနှင့် တခြားပါဝင်ပတ်သက်သူများအကြား အပြန်အလှန်ဆက်သွယ်မှုမျိုးဖြစ်ပြီး ခေါင်းဆောင်များ၏ အဖွဲ့အစည်းဆိုင်ရာ အလေ့အထ၊ အမူအကျင့်များဖြစ်ပါသည်။
ဝန်ထမ်း
ဝန်ထမ်း (Staff) ဆိုသည်မှာ အဖွဲ့အစည်း၏ လူ့စွမ်း အားအရင်းအမြစ်ဖြစ်သည်။ ဤသည်မှာ ဝန်ထမ်းများ၏ အရည်အသွေး၊ ပညာရေးနောက်ကြောင်း၊ အသက်အရွယ်အပိုင်းအခြား၊ ကျား၊ မ ဖြစ်တည်မှုနှင့် ၎င်းတို့၏ စိတ်သဘော ထားဆိုင်ရာအချက်အလက်များ စသည်တို့နှင့်သက်ဆိုင်နေသည်။ ထို့အပြင် ဝန်ထမ်းများအား အလုပ်ပြီးမြောက်စေရန် လေ့ကျင့်ပြင်ဆင်ထားပုံ၊ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ စိတ်အားထက်သန်ရန် ဆောင်ရွက်ပေးပုံ၊ ဝန်ထမ်းများ၏ လုပ်အားပမာဏ စသည်တို့နှင့်လည်း သက်ဆိုင်နေသည်။ ထို့ကြောင့် ခေါင်းဆောင်ကောင်း တစ်ယောက်သည် မိမိဝန်ထမ်းများ၏ အားသာချက်၊ အားနည်းချက်များကိုသိရှိပြီး လုပ်ငန်းခွင်တိုးတက်လာစေရန်အတွက် ဝန်ထမ်းများအား လူမှန်၊ နေရာမှန်ဖြစ်အောင်စီမံခန့်ခွဲပြုလုပ်နိုင်ရမည်။
ကျွမ်းကျင်မှု
အဖွဲ့အစည်း၏ အဓိကပင်မလုပ်ဆောင်ချက်များနှင့် ထူးခြားသော စွမ်းဆောင်ရည်များ ဖြစ်သည်။ ထို့ကြောင့်ကျွမ်းကျင်မှု (Skills) ဆိုသည်မှာ အဖွဲ့အစည်းအတွင်း အလုပ်ပြီးမြောက်အောင်မြင်မှု အမျိုးအစားများကိုသတ်မှတ်နိုင်မှုအတွက် ဝန်ထမ်းများ၏ ပင်ကိုစွမ်းရည်များ၊ လုပ်နိုင်စွမ်းများနှင့် ဆောင်ရွက်မှုများဖြင့် ဖွဲ့စည်းထားသည်။ အဖွဲ့အစည်းအတွင်း ချမှတ်ထားသော မဟာဗျူဟာများနှင့် ကိုက်ညီသော လုပ်ငန်းဆောင်တာများကိုဆောင်ရွက်နိုင်မည့် စွမ်းရည်ရှိသော ဝန်ထမ်းများကိုခန့်ထားရန် လိုအပ်သည်။ ထို့ကြောင့် အဖွဲ့အစည်း ခေါင်းဆောင်များသည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကို သိနားလည်အောင် ဦးစားပေးဆောင်ရွက်သင့်သည်။
7-S ပုံစံ၏ ကဏ္ဍ ခုနစ်ရပ်ကို အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်သည်။ ထိုနှစ်ပိုင်းမှာ Hard Components ဟုခေါ်သော မာသောကဏ္ဍများနှင့် Soft Components ဟုခေါ်သော နူးညံ့သိမ်မွေ့သောကဏ္ဍများတို့ ဖြစ်ကြသည်။ှ Strategy (မဟာဗျူဟာ)၊ Structure (ဖွဲ့စည်း တည်ဆောက်ပုံ) နှင့် Systems (စနစ်) တို့မှာ Hard Components ဟုခေါ်သော မာသောကဏ္ဍများတွင်ပါဝင်ကြပြီး ၎င်းတို့မှာ အလွယ်တကူထိတွေ့သိမြင်နိုင်သောကြောင့် အတိအကျ ဖော်ထုတ်ရေးပြနိုင်ကာ မှန်ကန်သော စီမံခန့်ခွဲမှုကိုအသုံးချပြီး ပြုပြင်ပြောင်းလဲလွှမ်းမိုးမှု ပြုနိုင်သောကြောင့် မာသောအပိုင်းများ ဟုခေါ်သည်။ ကျန်သည့် Share values (မျှဝေတန်ဖိုး)၊ Style (ပုံစံ/ဟန်)၊ Staff (ဝန်ထမ်း) နှင့် Skill (ကျွမ်းကျင်မှု)များမှာ အတိအကျအမှန်အကန်သိရှိရန်နှင့် လွှမ်းမိုးထိန်းချုပ်နိုင်ရန်ခက်ခဲပြီး လူများ၏ စိတ်ဓာတ်၊ ဆန္ဒ၊ ဝီရိယ၊ ယုံကြည်မှု၊ စိတ်အားထက်သန်မှု၊ အပြုအမူ စရိုက်လက္ခဏာများအပေါ်တွင် မူတည်သောကြောင့် နူးညံ့သိမ်မွေ့သော အပိုင်းထဲတွင် ပါဝင်ကြသည်။
ဤသို့ဖြင့် အဖွဲ့အစည်းများတွင် ဦးဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်နေကြသောသူများအတွက် အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ကြရာတွင် အသုံးများသော မက်ကင်ဆီအက်စ် ခုနစ်လုံးမူဘောင် သို့မဟုတ် 7-S ပုံစံကို ရေးသားဖော်ပြလိုက်ရပါသည်။ ။
အေးမာဝေ