၆ မတ်
အဖိုးအဖွား တွေမှာ အဖြစ်များတဲ့ ပြဿနာက အရင်လိုမစားနိုင်တော့တာ၊ အစားနည်းလာတာ၊ ခံတွင်းပျက်လာတာပါပဲ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က အားနည်းလာမယ်၊ အာဟာရတွေ ပိုပြီးလိုအပ်လာမယ်လေ။ ဒီအချိန်မှာ အစာအာဟာရ အလုံအလောက်မရတဲ့အခါ ပိုပြီး အားနည်း လာနိုင်လို့ ရောဂါဝင်လွယ်ပါတယ်။ ဒါ့ကြောင့် လူကြီးမိဘတွေရဲ့ ကျန်းမာရေးအတွက် ခံတွင်းပျက်ခြင်း ပြဿနာကို ဖြေရှင်းဖို့ အရေးကြီးပါတယ်နော်။
အဖိုးအဖွားတွေ ဘာလို့ ခံတွင်းပျက်ကြတာလဲ
အပေါ်မှာ ပြောခဲ့သလိုပဲ အစာစားချင်စိတ် နည်းလာတာဟာ ဇရာရဲ့သဘာဝတရားကြောင့်ပါ။ ဒါပေမယ့် လူကြီးတွေကို ခံတွင်းပျက်စေတဲ့ တခြားအကြောင်းရင်းတွေလည်းရှိပါတယ် –
ရောဂါအခံတချို့
သောက်သုံးနေရတဲ့ဆေးဝါးတချို့ရဲ့ဆိုးကျိုးသက်ရောက်မှု
စိတ်ကျရောဂါနဲ့ အထီးကျန်ခြင်းလို စိတ်ခံစားချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။
နောက်တစ်ချက်ကတော့ သွားမကောင်းလို့ အရင်လိုမစားနိုင်တော့တာလည်း ပါဝင်ပါတယ်။
အစာစားချင်စိတ် တိုးလာအောင် ဘာတွေလုပ်ပေးရမလဲ
(၁) အစားစားချိန်မှာ တစ်ယောက်တည်းမစားခိုင်းပါနဲ့
တစ်ယောက်တည်းအစားစားတာက ဘယ်အသက်အရွယ်အတွက်မဆို စားချင်စိတ်လျော့နည်း စေနိုင်ပါတယ်။ အပေါင်းအသင်းတွေနဲ့တွေ့ဆုံဖို့ အရင်လိုမလွယ်ကူတော့တဲ့ အသက်ကြီးသူတွေ အတွက်ဆို တစ်ယောက်တည်းစားသောက်ရတဲ့ အခြေအနေက သက်ရောက်မှုကြီးမား တတ်ပါတယ်။
၂၀ဝ၃ ခုနှစ်က “ International Psychogeriatrics” ဂျာနယ်မှာဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ အထီးကျန်မှု၊ အဖော်အပေါင်းတွေနဲ့ဝေးကွာမှုတို့ကြောင့်ဖြစ်လာတဲ့ စိတ်ကျဝေဒနာက အစာစားချင်စိတ် နည်းလာရတဲ့ အကြောင်းရင်း တစ်ခုဖြစ်တယ်လို့ တွေ့ရှိရပါတယ်။
ဒါ့ကြောင့် လူကြီးမိဘတွေကို အပေါင်းအသင်းတွေတိုးလာအောင်လုပ်ပေးသင့်သလို မိတ်ဆွေတွေနဲ့ အတူ စားသောက်ဖြစ်အောင် တတ်နိုင်သမျှ စီစဉ်ပေးသင့်ပါတယ်။ မိသားစုလူစုံတက်စုံနဲ့ မိသားစု ထမင်းဝိုင်းဖြစ်အောင်လည်း စီစဉ်ပါ။ ဒီလိုအချိန်မျိုးမှာ တခါတလေ မိဘတွေရဲ့ မိတ်ဆွေတွေကိုပါ ဖိတ်လို့ရပါတယ်။
လူကြီးမိဘတွေကို သက်တူရွယ်တူတွေနဲ့တွေ့ဆုံဖြစ်စေဖို့ ကျောင်းကန်ဘုရားမှာ၊ တရားပွဲမှာ၊ ရပ်ရွာသာရေးနာရေး ကိစ္စတွေမှာ သွားရောက်ဖို့ အားပေးတိုက်တွန်းပေးပါ။
(၂) ထမင်းစားချိန်ကို သတ်သတ်မှတ်မှတ်ထားပါ
လူကြီးတွေရဲ့ ဆာလောင်မှုကို သိရှိနိုင်စွမ်းက အသက်အရွယ်နဲ့လိုက်ပြီး ကျဆင်းလာပါတယ်။ ဆာရင် ဆာမှန်းမသိကြတာများတာကြောင့် သူတို့ဆာတယ်ပြောမှ ပြင်ဆင်ကျွေးတာထက် ထမင်းစားချိန်နဲ့ သရေစာစားချိန်တွေကို သတ်သတ်မှတ်မှတ်ထားရှိပေးတာ ပိုကောင်းပါတယ်။
အစားစားချိန်ပုံမှန်ရှိတာက လူကြီးတွေကို သင့်လျော်တဲ့ အစားအစာ အမျိုးအစားနဲ့ ထိုက်သင့်တဲ့ ပမာဏကို စားမိစေဖို့ အထောက်အကူပေးပါတယ်။
(၃) ပမာဏအနည်းအများထက် အာဟာရဓာတ်ပြည့်ဝဖို့ကိုပဲ အဓိထားပါ
လူကြီးမိဘတွေကို ပမာဏနည်းနည်းနဲ့ အာဟာရဓါတ်ပါဝင်မှုပြည့်ဝတဲ့အစားအစာတွေပဲကျွေးပါ။ လူကြီးတွေအနေနဲ့ ထမင်းစားပွဲပေါ်က ပန်းကန်အကြီးကြီးကို မြင်လိုက်ရရင် ဒါကို ကုန်အောင်စားနိုင်ပါ့မလားဆိုပြီး ဝန်ထုပ်ဝန်ပိုးစိတ် ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ခါတည်းနဲ့ အများကြီးကျွေးမယ့်အစား စားစရာကို အကြိမ်များများခွဲပြီး အချိန်ခြားကာ နည်းနည်းချင်း ကျွေးတာပိုကောင်းပါတယ်။
ဒါ့အပြင် ဒီလိုကျွေးတဲ့အစားအသောက်တွေက အာဟာရဓာတ်ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေဖြစ်ဖို့ သတိထားပါ။
သရေစာအတွက်ဆိုလည်း စားရလွယ်တဲ့ သရေစာလေးတွေပြင်ဆင်ပေးလို့ရပါတယ်။ လူကြီးတချို့က သရေစာကိုပဲ တောင့်တပြီး ထမင်းကို မစားချင်ကြတာတွေ ရှိပါတယ်။ ဒါ့ကြောင့် အရသာရှိတဲ့ သရေစာ လေးတွေက တစ်နေ့တာမှာလိုအပ်တဲ့ ကယ်လိုရီပမာဏကို အလုံအလောက်ရရှိအောင် ဖြည့်ဆည်းပေးပါလိမ့်မယ်။ ဥပမာ –
အသီးအနှံများ
ခရက်ကာ
ကြက်ဥ
အဆီမပါတဲ့အသား
အစေ့အဆန်
ကြက်ဥပူတင်း
ကွေကာအုပ်
ပေါင်မုန့်
တကယ်လို့ အစာမျိုချရတာအခက်အခဲရှိနေတယ်ဆိုရင် နွားနို့၊ ဒိန်ချဉ်၊smoothies ၊milkshakes ဒါမှမဟုတ်သောက်သုံးရတဲ့ဖြည့်စွက်အာဟာရတွေကို တိုက်ကျွေးနိုင်ပါတယ်။
(၄) ဘာတွေကို ကြိုက်တယ်၊ မကြိုက်ဘူးလဲဆိုတာစောင့်ကြည့်နေပါ
လူကြီးတွေသဘောကျတတ်တဲ့ အစားအစာတွေ၊ မကြိုက်တဲ့အစားအစာတွေ၊ သူတိုနဲ့မတည့်တဲ့ အရာတွေကို မှတ်ထားပါ။ သူတို့ အစာစားချင်စိတ်ပိုဖြစ်လာတတ်တဲ့အချိန်တွေ၊ ရက်တွေကိုလည်း မှတ်ထားသင့်ပါတယ်။
လူကြီးတွေရဲ့ အစာစားချင်စိတ်တိုးလာအောင် လုပ်ရတာ တော်တော်လေးပင်ပန်းပါတယ်။ အဓိကကတော့ စိတ်ရှည်ပါ၊ ဖြတ်ထိုးဉာဏ် သုံးပါ၊ စိတ်မလျှော့လိုက်ပါနဲ့။
ဘယ်လိုပဲကြိုးစားကြိုးစား၊ နောက်ဆုံးမှာ ထင်ထားသလို အစာစားချင်စိတ်တိုးမလာခဲ့ရင်တော့ ဆရာဝန်ပြပြီး အကြံဉာဏ်တောင်းခံတာအကောင်းဆုံးပါပဲ။ အစားစားချင်စိတ်နည်းနေတာ ဆက်ဖြစ်နေရင် အားဆေးတွေသုံးပြီး စားချင်စိတ်ကို နှိုးဆွပေးတာမျိုးက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”