အဖိုးမဖြတ်နိုင်သော ရန်ကုန်အမွေအနှစ်ဟောင်းများ

ထင်ပေါ်ဝင်း၊ ဓာတ်ပုံ - အာကာစိုး

တစ်ချိန်က မြန်မာနိုင်ငံ၏ မင်းနေပြည်တော်ဖြစ်ခဲ့ ဖူးသော ရန်ကုန်မြို့တော်. . .

ယခုအခါ စီးပွားရေးနှင့် ဆိပ်ကမ်းမြို့အဖြစ် ဆက်လက်တည်ရှိနေသည့် ရန်ကုန်မြို့တော် . . . နိုင်ငံ၏ လူဦးရေအများဆုံးနေထိုင်ရာ ရန်ကုန် မြို့တော် . . .

ဤမည်သောဂုဏ်သတင်းများနှင့် ပြည့်စုံနေသော ရန်ကုန်မြို့တော်တွင် အဖိုးတန်သမိုင်း မှတ်တိုင်တို့က နေရာအသီးသီးတွင် တည်ရှိနေပြန်သည်။ သမိုင်းသုတေသီ ပညာရှင်တို့က ရန်ကုန်မြို့တော်တွင် ရှေးဟောင်းအမွေအနှစ် ၆၀ဝ၀ ခန့်ရှိမည်ဟု ခန့်မှန်းထားကြသည်။ နှစ်ပေါင်း ထောင်ကျော် တည်တံ့ခဲ့သော ရွှေတိဂုံစေတီတော်၊ ဆူးလေစေတီတော်တို့သာမက သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀ဝ ကျော်က တည်ဆောက်ခဲ့သော ကိုလိုနီခေတ် လက်ကျန် အဆောက်အအုံတို့က ရန်ကုန်မြို့နေရာအနှံ့တွင် ယနေ့ထက်တိုင် တည်ရှိနေဆဲဖြစ်သည်။

အပြာရောင်ကမ္ပည်း

အဆောက်အအုံများ နေ့စဉ်ဖြတ်သန်း သွားလာနေသော်လည်း အမှုမဲ့ အမှတ်မဲ့သဘောဖြင့် ရန်ကုန်မြို့ ပြအမွေ အနှစ်တို့ကို ရန်ကုန်သူ ရန်ကုန်သားတို့က မေ့လျော့ နေကြသည်။ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများကိုပင် မဆိုထားဘဲ မိမိသားငယ်သမီးငယ်တို့ကိုပင် ရန်ကုန်၏ မြို့ပြအမွေအနှစ်တို့ကို ရှင်းလင်း ပြောဆိုရန် ခက်ခဲနေခဲ့သည်။ ယခုအခါ ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့၏ အစီအစဉ်ဖြင့် အဆိုပါအခက်အခဲကို ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းတို့က သမိုင်းအမွေအနှစ် အဆောက်အအုံများတွင် အပြာရောင် ကမ္ပည်းပြားများ လိုက်လံတပ်ဆင်ပေးခြင်းကြောင့် အဆောက်အအုံတစ်ခု၏ သမိုင်းကြောင်းနှင့် အရေးပါမှုများကို မြို့သူမြို့သားတို့ သိရှိခွင့်ရရှိခဲ့ပြီ ဖြစ်သည်။ ထိုမျှသာမက ကမ္ဘာလှည့်ခရီးသွားများကိုလည်း သမိုင်းဝင် အဆောက်အအုံအများအပြား ရှိသော မြို့တစ်မြို့အဖြစ် သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။

ရန်ကုန်မြို့ ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က၂၀၁၈ ခုနှစ်မှ စတင်၍ ယခင်ငါးနှစ်အတွင်း ရန်ကုန်မြို့၏ အမွေအနှစ် တန်ဖိုးရှိအဆောက်အအုံများနှင့် အများပြည်သူပိုင် နေရာများကို ရေရှည်တည်တံ့အောင် လက်ရာမပျက် ထိန်းသိမ်းပြုပြင်ခဲ့သည့် စီမံကိန်းများကို အသိအမှတ်ပြုကာ မူလအတိုင်းပြုပြင်ထိန်းသိမ်းမှု အကောင်းဆုံးဆု (Best Restoration Award) နှင့် အသုံးပြုပုံအသစ်ဖြင့် ပြောင်းလဲအသုံးပြုမှု အကောင်းဆုံးဆု (Best Adaptive Reuse Award)) များကို ရွေးချယ်ချီးမြှင့်လျက်ရှိသည်။ “ရှေးဟောင်းအဆောက်အအုံ ဒါမှမဟုတ် နေရာပေါ့နော်။ အဲဒါကို အခုခေတ်နဲ့ သင့်တော်သလို ပြောင်းလဲသုံးစွဲတယ်၊ ဒါပေမယ့် အမွေအနှစ် တန်ဖိုးကိုလည်း မလျော့စေရဘူးဆိုတဲ့ ဆုမျိုး ဒါမှ မဟုတ်လည်း အမွေအနှစ်နေရာတစ်ခုခုကို အရင်လို မူလတန်ဖိုး မယိုယွင်းဘဲ မူလလက်ရာအတိုင်း ဆက်လက်ထိန်းသိမ်းတဲ့ ဟာမျိုးပေါ့။ တချို့ကျတော့ ပြောင်းလဲသုံးစွဲတယ်။ အခုခေတ်နဲ့ လျော်ညီအောင် ပြောင်းလဲသုံးစွဲတယ်။ ဒါပေမယ့် လုပ်တဲ့ကိုင်တဲ့နေရာမှာ သူ့ရဲ့အရေးကြီးတဲ့ တန်ဖိုးတွေကို လျော့ပါးမသွားအောင် ဘယ်လို လုပ်မလဲပေါ့။ အဲဒီလိုဟာတွေအပေါ်မှာ ဆုပေး သွားမှာပါ”ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောသည်။

အမွေအနှစ်တန်ဖိုးရှိရမည်

ဆုရွေးချယ်ရေးအတွက် သတ်မှတ်ချက်များ အနေဖြင့် နိုင်ငံပိုင်(သို့) ပုဂ္ဂလိကပိုင် အဆောက်အအုံများ အားလုံးအကျုံးဝင်ပြီး အစိုးရဌာနဖြစ်စေ၊ ပုဂ္ဂလိကကဏ္ဍဖြစ်စေ၊ အစိုးရနှင့်ပုဂ္ဂလိက အကျိုးတူ ပူးပေါင်း၍ဖြစ်စေ ဆောင်ရွက်ခဲ့သော ထိန်းသိမ်းခြင်း လုပ်ငန်းများပါဝင်ကြောင်း သိရသည်။ ဆုများကိုရွေးချယ်ရာတွင် အဆောက်အအုံ (သို့) အများပိုင် နေရာတစ်ခုသည် အနည်းဆုံး နှစ် ၄၀ ကျော် သက်တမ်းရှိပြီး အမွေအနှစ်တန်ဖိုးရှိ ရမည်ဖြစ်ပြီး အဆိုပြုစီမံကိန်းသည် အမွေအနှစ်ဆိုင်ရာ တန်ဖိုးရှိ မရှိ မသေချာပါက တင်သွင်းသူက အဆိုပြုလွှာမပေးပို့မီ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းနိုင်သည်ဟု ဆိုသည်။

အမွေအနှစ် ထိန်းသိမ်းရေးဆုကို ရွေးချယ်ရာတွင် မြန်မာနိုင်ငံဗိသုကာအသင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့၏ အကဲဖြတ်မှုဖြင့် ချီးမြှင့်မည်ဖြစ်သည်။ ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် အတွက် ဆုများရွေးချယ်ခဲ့ရာတွင် ပြောင်းလဲ အသုံးပြုမှု အကောင်းဆုံးဆုကို ကုန်သည်လမ်းပေါ် ရှိ Gekko Bar and Restaurant နှင့် ၃၁ လမ်းရှိ Scott Hostel  တို့က ရရှိခဲ့ပြီး မူလ အတိုင်း ပြုပြင်ထိန်းသိမ်းမှုအကောင်းဆုံးဆုကို ရွှေတောင်တန်းလမ်းရှိ Bridge Office  နှင့် ShweTaung Tan Office  အဆောက်အအုံတို့ က ရရှိခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့၏ အထင်ကရရှေးဟောင်း အဆောက်အအုံဟောင်းများကို လေ့လာရင်း လမ်းလျှောက်သည့် အစီအစဉ်တစ်ခုကို ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းအနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ရန်ကုန်မြို့ ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းပါဝင်ကူညီကာ The Yangon Steps 2019 ကို ဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ကြီး၏ ခရီးသွားကဏ္ဍ ပိုမို တိုးတက်လာစေရန်၊ စိတ်ဝင်စားစရာကောင်း သော ကိုလိုနီခေတ် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများအပြင် ကောင်းမွန်စွာ ထိန်းသိမ်းသင့်ကြောင်း အများပြည်သူသိရှိစေရန် နှင့် လမ်းလျှောက်ခြင်းမှရရှိနိုင်တဲ့ အကျိုးကျေးဇူးများ သိရှိစေရန် ရည်ရွယ်ပြုလုပ်ခဲ့တဲ့ The Yangon Steps 2019 ပွဲကလေးကို မဟာဗန္ဓုလပန်းခြံ၊ ဆူးလေဘုရားလမ်း၊ ဘဏ်လမ်း၊ ပန်းဆိုး တန်းလမ်း၊ ကုန်သည်လမ်း၊ ဆိပ်ကမ်းသာလမ်း၊ ကမ်းနားလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ ဘိုကလေးဈေးလမ်း၊ မဟာဗန္ဓုလလမ်း၊ သိမ်ဖြူလမ်း၊ ဗိုလ်ချုပ်လမ်းတစ်လျှောက်မှာ ဆင်နွှဲခဲ့တယ်လို့ သိရပါသည်။

 

aya  $ amanwela

 

မြို့ပြရန်ကုန်လက်ကျန်အမွေအနှစ်

ရန်ကုန်မြို့ရဲ့ ကိုလိုနီအဆောက်အအုံများ အကြောင်းကို လေ့လာမည်ဆိုပါက မဟာဗန္ဓုလ ပန်းခြံ၊ မြို့တော်ခန်းမ၊ ဆူးလေစေတီ၊ ယခင်မြန်မာ အဆွေကုန်တိုက်၊ ယခင်ပြည်ထောင်စုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ ယခင်ကော့ဘဇာ အဆောက်အအုံ၊ တရားရုံးချုပ်သစ် (စုပေါင်းရုံး)၊ ပင်စင်ဦးစီးဌာန၊ ကျောက်တံတားမြို့နယ် တရားရုံး၊ မြန်မာ့စီးပွားရေးဘဏ်-၂၊ ဆိပ်ကမ်းအာဏာပိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးမှုဘဏ်၊ လောကနတ်အဆောက်အအုံ (သို့) ဆိုဖရဲအဆောက်အအုံ၊ စာပေဗိမာန်၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်၊ အထူးစုံစမ်းစစ်ဆေးရေး၊ စထရန်းဟိုတယ်၊ ဗြိတိသျှသံရုံး၊ ဗဟိုစာတိုက်ကြီး၊ အာမေးနီးယန်းဘုရားကျောင်း၊ ဂန္ဒီခန်းမ၊ ဂမုန်းပွင့်ကုန်တိုက်၊ YWCA ၊ ယခင်အတွင်းဝန်ရုံး (သို့) ဝန်ကြီးများရုံး၊ အစိုးရပုံနှိပ်စက်ရုံ၊ အထက (၆) ဗိုလ်တထောင်၊ အထက(၄)ဗိုလ်တထောင်၊ အိုးအိမ်ရုံး၊ စိန်မေရီဘုရားကျောင်း၊ ဗိုလ်အောင်ကျော်လမ်း၊ ယခင် မစ်စကစ်တူရိယာစတိုး၊ ယခင် တီကျူးမားကုန်တိုက်၊ ကြေးနန်းရုံး၊ ဧရာဝတီဘဏ်၊ ဧမာနွေလ ဘုရားကျောင်းတို့ဟာ မသိမဖြစ် လေ့လာရမယ့် မြို့ပြရန်ကုန်ရဲ့ လက်ကျန်အမွေအနှစ် အဆောက်အအုံများပဲ ဖြစ်ပါသည်။

နောက်ဆုံးအနေနဲ့ အနှစ်ချုပ်တင်ပြရမယ် ဆိုရင် ရှေးဟောင်းအမွေအနှစ် မြို့ပြအဆောက်အအုံ ဟောင်းများဟာ မြို့တော်ရန်ကုန်ရဲ့ နေရာဒေသအတော်များများမှာ တည်ရှိနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်သူ ရန်ကုန်သားတို့အနေနဲ့ ရှေးခေတ်အဆက်ဆက်က ကျန်ရစ်ခဲ့တဲ့ တန်ဖိုးဖြတ်မရသော အမွေအနှစ် အဆောက်အအုံဟောင်းများနှင့် ယဉ်ကျေးမှုများကို ဆက်လက်တန်ဖိုးထားထိန်းသိမ်းနိုင်ကြပါစေဟု ဆန္ဒပြုရင်း . . .

ကိုးကား- YHT, The Yangon Steps

mec bank