အဖိုးတန်ရေကို ချွေတာသုံးစွဲကြပါစို့

ဖြိုးဇင်

“ရေအသက်တစ်မနက်  ထမင်းအသက် ခုနစ်ရက်”။

လူတို့သည် အစာမစားဘဲ တစ်လခန့်  အသက်ရှင်နေနိုင်သော်လည်း  ရေမသောက်ဘဲ ငါးရက် (အလွန်ဆုံး ရက်သတ္တပတ်) ထက်ပို၍ အသက်မရှင်နိုင်ကြပေ။ ထို့ကြောင့် ရေလိုအပ်နေသူတစ်ဦး ရေမရလျှင် ချက်ချင်းအသက်ဆုံးရှုံးနိုင်သဖြင့် “ရေအသက်တစ်မနက် ထမင်းအသက် ခုနစ်ရက်”ဟု ဆိုရိုးစကား ထွက်ပေါ်လာခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် သက်ရှိများ အသက်ရှင်သန်နိုင်ရန်အတွက် ရေကိုအဓိကလိုအပ်သည်။ ရေတွင် ကယ်လိုရီနှင့် အာဟာရဓာတ်များ မပါဝင်သော်လည်း လူသားများနှင့် သက်ရှိများအတွက် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးသည် များစွာအရေးပါလျက်ရှိသည်။

 

ရေချိုရရှိနိုင်မှုမှာ ကမ္ဘာ့ရေအားလုံး၏ ၃ ဒသမ ၅ ရာခိုင်နှုန်းသာရှိ

 

ကမ္ဘာကြီး၏ မြေမျက်နှာပြင် ၇၁ ရာခိုင်နှုန်း ခန့်သည် ရေများဖြင့်ဖုံးလွှမ်းနေပြီး ကမ္ဘာ့ရေ အားလုံး၏ ၉၆ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို သမုဒ္ဒရာ များက ပိုင်ဆိုင်ထားသည်။ သို့သော် သက်ရှိများ အတွက် မရှိမဖြစ်လိုအပ်သည့် ရေချိုရရှိနိုင်မှုမှာ ကမ္ဘာ့ရေအားလုံး၏ ၃ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသည်။ ဆိုလိုသည်မှာ ကမ္ဘာကြီးတွင် ရေအများ အပြားရှိသော်လည်း သောက်သုံးရန် ရေပမာဏမှာ လွန်စွာနည်းပါးနေသည်။

ယနေ့ခတ်ကာလတွင် ကမ္ဘာ့နိုင်ငံအတော်များများ၌ သန့်ရှင်းသော သောက်သုံးရေရေချိုရရှိ နိုင်မှုနှင့်ပတ်သက်ပြီး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေ ကြရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန် ထားသည့် အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ၁ ဒသမ ၇ ဘီလီယံသည် သန့်ရှင်းမှု မရှိသော၊ ရောဂါပိုးမွှားများပါဝင်သော၊ ညစ်ညမ်းသော ရေများကို သောက်ရေအဖြစ် အသုံးပြုခဲ့ရသဖြင့် ကမ္ဘာပေါ်တွင် နှစ်စဉ် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြောင့် သေဆုံးသူ ၅၀၅၀၀၀ ခန့်ရှိကြောင်း သိရ သည်။ ထို့အပြင် သန့်ရှင်းသောသောက်သုံးရေ မရရှိ ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များအဖြစ် ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ အရေပြားရောဂါများ၊ ရေဓာတ် ခန်းခြောက်သည့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများအပြင် ဂေဟစနစ်ပျက်စီးမှုများနှင့်လည်း ကြုံတွေ့နေရသည်။

လူသားများ၏ လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရေးနှင့် နိုင်ငံများ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးပုံဖော်ရာတွင် ရေသယံဇာတ ရေရှည်တည်တံ့ရေးသည် အရေးကြီးသဖြင့် ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ၏ ပန်းတိုင်(၆)တွင် “လူသားတိုင်း လက်လှမ်းမီရရှိသော သောက်သုံးရေနှင့် မိလ္လာစနစ် ရရှိရေးနှင့် စဉ်ဆက်မပြတ်သော စီမံခန့်ခွဲမှုဖြစ်ပေါ်စေရေး”နှင့် ပန်းတိုင်(၁၄)တွင် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေရန် ပင်လယ်၊ သမုဒ္ဒရာနှင့် ရေချိုသယံဇာတများကို ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့နိုင်သည့် နည်းလမ်းများဖြင့် အသုံးပြုရေးကို အကောင် အထည်ဖော်ဆောင်ရွက်ရန်” ဟူ၍ ပါရှိသည်။

 

စီးပွားရေးနှင့် လူမှုရေးကဏ္ဍတို့ကိုလည်း အထောက်အကူပြု

 

ထို့အပြင် ရေသည် သက်ရှိတို့အတွက် ကဏ္ဍပေါင်းစုံနှင့်ချိတ်ဆက်နေသည်။ လူသားတို့အတွက် သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိပါက လူသားတို့၏ ကျန်းမာရေးကဏ္ဍကို တိုးတက်လာစေ မည်ဖြစ်သည်။ ကျန်းမာရေးကဏ္ဍတိုးတက်လာ သည့်အတွက် စီးပွားရေးနှင့် လူမှုရေးကဏ္ဍတို့ကိုလည်း အထောက်အကူပြုလာနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဟု ဆိုနိုင်သည်။ ပြည်တွင်းတွင် သဘာဝ ရေသယံဇာတဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်ဟူသည့် ရေချို မြစ်ကြီး လေးစင်း၊ ယင်းမှ ခွဲဖြာစီးဆင်းသော မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည်၊ တာတမံနှင့်ရေတွင်း၊ ရေကန်များစွာရှိပြီး ၎င်းတို့အားလုံးသည် မြန်မာ့ ရေချို အရင်းအမြစ်များပင် ဖြစ်သည်။ နိုင်ငံအတွင်း ရေအရင်းအမြစ် ပိုင်ဆိုင်မှုသည် အာဆီယံတွင် အဆင့်(၁)၊ အာရှတွင် အဆင့်(၅)ဟူ၍ သတ်မှတ် ထားကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ ၈၁ ဒသမ ၇ ရာခိုင်နှုန်းသည် အခြေခံ (အနိမ့်ဆုံး)သောက်သုံးရေ ဝန်ဆောင်မှုမှရရှိသော ရေကို အသုံးပြုနေကြရပြီး ၄၁ ဒသမ ၄ ရာခိုင်နှုန်းသည်သာ သန့်ရှင်းပြီး ဘေးကင်းစိတ်ချရသော သောက်သုံးရေ ဝန်ဆောင်မှုကို အသုံးပြုနေကြောင်း သိရသည်။

မကြာမီတွင် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိတော့မည်ဖြစ်ရာ အညာဒေသအပါအဝင် ပူပြင်းခြောက်သွေ့သည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် မိုးရာသီကုန်၍ နွေရာသီသို့ ရောက်လာသည်နှင့် ရေရှားပါးမှု အခက်အခဲကို နှစ်စဉ်ကြုံတွေ့ကြရသည်။ အချို့ဒေသများတွင် နွေရာသီမရောက်ခင် မိုးကုန်ကတည်းက ရေတွင်း၊ ရေကန်များမှ ရေများ ခန်းခြောက်ကာ သန့်ရှင်းသော သောက်သုံးရေကို သုံးစွဲခွင့်မရကြဘဲ နွေခေါင်ခေါင် ကာလတွင်မူ ပရဟိတအဖွဲ့များက လှူဒါန်းမည့် ရေအလှူရှင်များ ကိုသာ အားကိုးနေကြရသည့် ဒေသများလည်း ရှိသည်။

 

ရေအလှည့်ကျပေးသည့်စနစ်ဖြင့် သီးနှံများ စိုက်ပျိုးကြရ

 

အချို့ အပူပိုင်းဒေသများတွင် စိုက်ပျိုးရေးအတွက် ဆည်မြောင်းများမှရေကို အဓိကအားထား၍ လုပ်ကိုင်ကြသော်လည်း ပူပြင်းခြောက်သွေ့၍ ရေပေးဝေမှု အားနည်းချိန်တွင် ရေအလှည့်ကျပေးသည့် စနစ်ဖြင့် သီးနှံများ စိုက်ပျိုးကြရသည်။ ရေရရှိမှု နည်းပါးသည့်အခါ စိုက်ပျိုးရေးထွက်ကုန် အားနည်းခြင်း၊ သီးနှံ အရည်အသွေး မပြည့်မီခြင်းနှင့် ရောင်းပန်းမလှခြင်းတို့ကြောင့် တောင်သူများ အခက်အခဲများနှင့် ရင်ဆိုင်ကြရလေ့ရှိသည်။ ထို့ပြင် စိုက်ခင်းများ၌ ဓာတ်မြေဩဇာများ အလွန်အကျွံ သုံးစွဲခြင်း၊ ပိုးသတ်ဆေးများ အလွန်အကျွံ သုံးစွဲခြင်း တို့ကြောင့် ရေအောက်ရှိ သတ္တဝါများ၊ မြေဆီပေါ်ရှိ သတ္တဝါများ သေကျေပျက်စီးသဖြင့် ဂေဟစနစ်များ ပျက်စီးခြင်း၊ မြေအောက်ရေ ပျက်စီးခြင်းများသည်လည်း ရေရှားပါးမှုဖြစ်လာရန် အကြောင်းတရား များပင်ဖြစ်သည်။

ယင်းအပြင် နွေရာသီတွင် စိုက်ပျိုးရေးအတွက် အဓိကလိုအပ်သည့် ရေကိုရယူရာတွင် ချောင်းပိတ်၊ မြောင်းပိတ်၊ မြစ်ရေတင်လုပ်ငန်းများဖြင့် ရယူရခြင်း များလည်းရှိရာ အချို့ ဒေသများ၌ ရေအရင်းအမြစ် နှင့် ဝေးကွာသဖြင့် ရေအလဟဿ ပြုန်းတီးမှုများလည်း ဖြစ်ပေါ်နေသည်။ ထို့ကြောင့် စိုက်ပျိုးရေ သုံးစွဲမှုများ စနစ်တကျဖြစ်အောင်၊ မျှတစွာရရှိအောင်၊ လေလွင့်ပြုန်းတီးမှု နည်းပါးစွာဖြင့် အကျိုးရှိစွာ သုံးစွဲနိုင်အောင်၊ ခေတ်မီ နည်းစနစ်များအသုံးပြု စိုက်ပျိုးနိုင်အောင် သက်ဆိုင်ရာဌာနများက အသိပညာပေးခြင်း၊ နည်းပညာမျှဝေခြင်းများ ထိရောက်စွာ ပြုလုပ်ကြရန်လိုသလို စိုက်ပျိုးရေးအတွက် မရှိမဖြစ်သောရေကို စိုက်ပျိုးရေးကပင် မဖြုန်းတီး မိစေရန် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတိုင်းက သတိချပ်သင့်သည်။

 

မိုးခေါင်ရေရှား ပြဿနာများကို ကြိုတင်ကာကွယ်

 

ရေဆုံးရှုံးမှု ကာကွယ်နိုင်စေရန်အတွက် Organic Farm များ တည်ထောင်ခြင်း၊ ရေလေလွင့်မှုမရှိအောင် နည်းပညာအသုံးပြုထားသည့် ရေဆိုး ပြန်လည်သုံးစွဲသည့် စနစ်များကျင့်သုံးခြင်း၊ ပိုးသတ် ဆေးနှင့်မြေဩဇာများ မလိုအပ်ဘဲမသုံးစွဲခြင်းစသည့် နည်းလမ်းများဖြင့် ရေအသုံးပြုမှုကို ကန့်သတ်သင့်ကြောင်း ရေပညာရှင်များက ဆိုကြသည်။ ထို့အတူ ရေဝေရေလဲဒေသများကို ထိန်းသိမ်းစောင့် ရှောက်ခြင်း၊ သစ်တောနှင့် သစ်ပင်များကို ခုတ်ထွင် ခြင်းမပြုရန်နှင့် ဂေဟစနစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းတို့ဖြင့် မိုးခေါင်ရေရှား ပြဿနာများကို မကြုံတွေ့စေရန် ကြိုတင်ကာကွယ် ထားသင့်သည်။

ထို့အပြင် မိမိတို့နိုင်ငံတွင် ရေအားကို အဓိကထား၍ လျှပ်စစ်မီးကို ရယူနေကြသည်ဖြစ်ရာ ရေအားလျော့နည်းချိန် နွေရာသီတွင် လျှပ်စစ်လုံလောက်စွာ မထုတ်လုပ်နိုင်။ ထို့ကြောင့် လျှပ်စစ်ထုတ်လုပ်ရာဒေသများရှိ ရေလှောင်ကန်များ၊ ရေပေးဝေရာနေရာများတွင် ရေအဝင်နည်းသည့်အခါ လျှပ်စစ်ထုတ်လုပ်ရာတွင်လည်း အခက်အခဲဖြစ်နိုင် သလို မြို့ပြနေပြည်သူများအဖို့ ရေတင်ရဖို့ အရေးပင် အတော်ပင် အခက်အခဲဖြစ်ကြရသည်။

မြို့ပေါ်ဒေသများအတွက် မိမိတို့အိမ်အရောက် ရေကောင်းရေသန့်များရရှိရေး၊ ကျေးလက်ဒေသ များအတွက် စိုက်ကွင်းများအရောက် စိုက်ပျိုးရေ ရရှိရေးတို့ကို နိုင်ငံတော်က ငွေကြေးအမြောက် အမြားအကုန်အကျခံကာ ဆောင်ရွက်ပေးထားသည်။ မိမိ၏အမှတ်တမဲ့ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ အသိပညာနည်းမှုကြောင့်ဖြစ်စေ ရေလေလွင့်ဆုံးရှုံး မှုများဖြစ်ပေါ်တိုင်း ကမ္ဘာပေါ်တွင် လူဦးရေများစွာ မိမိတို့ကဲ့သို့ ရေသုံးစွဲခွင့် မရခြင်းကိုလည်းကောင်း၊ သန့်ရှင်းသော သောက်သုံးရေမရရှိသဖြင့် ဝမ်းရောဂါများဖြင့် နှစ်စဉ် ကလေးငယ်များ သေဆုံးနေရမှု ကိုလည်းကောင်း အမှတ်ရမြင်ယောင်ကာ ရေကို ချွေတာသုံးစွဲသင့်ပါသည်။

ရေချွေတာရေး နည်းလမ်းများစွာရှိသည့်အနက် လူတစ်ဦးချင်းစီမှစတင်ကာ လွယ်လင့်တကူ လိုက်နာနိုင်မည့် နည်းလမ်းများဖြင့် လူတိုင်းလူတိုင်း ရေကိုချွေတာသုံးစွဲမည်ဆိုလျှင် ရေသယံဇာတ ထိန်းသိမ်းရာလည်း ရောက်သလို ရေရှားပါးသော ဒေသမှပြည်သူများကိုလည်း ကူညီရာရောက်မည် ဖြစ်ပါသည်။ ရေကို အောက်ပါ နည်းလမ်းများအတိုင်း ခြိုးခြံချွေတာသင့်ပါသည်-

 

(၁) သွားတိုက်နေစဉ် သို့မဟုတ် ခေါင်းလျှော်နေစဉ် ရေပိုက်ခေါင်းများကို ပိတ်ထားခြင်း၊

(၂) ရေပိုက်ခေါင်းများကို မလိုအပ်လျှင် ပိတ်ထားခြင်း၊

(၃) နေအိမ်တွင် ရေစိမ့်/ယိုနေသော ရေပိုက် ခေါင်းများကို ပြုပြင်ထားခြင်း၊

(၄) ရေချိုးခန်းတွင် ရေပန်းခေါင်းကို လိုသလောက်သာ ဖွင့်ခြင်း၊

(၅) ရေကို ခွက်သေးသေးဖြင့်သာချိုးခြင်း၊

(၆) မိုးရေကို စုဆောင်းထားခြင်း၊

(၇) ဘုရားပန်းအိုးရေ၊ ဆန်ဆေးရေ စသည့် စွန့်ပစ်ရေများကို အပင်ရေလောင်းခြင်း စသည့် ပြန်လည်အသုံးပြုနိုင်သည့် နေရာများတွင် အသုံးပြုခြင်းဖြင့် နွေရာသီ၌ ရေကို ချွေတာနိုင်ပါသည်။

ရေအရင်းအမြစ် ရှားပါးသည့် နွေရာသီတွင် စိုက်ပျိုးရေးအတွက် ရေမလုံလောက်မှုများ မဖြစ်ပေါ်စေရန် အစက်ချရေသွင်းစနစ်အသုံးပြုခြင်း၊ အချိန်ကိုက် ရေသွင်းစနစ်များ အသုံးပြုခြင်း၊ ရေငတ်ဒဏ်ခံနိုင်သော အပင်များ ရွေးချယ်စိုက်ပျိုးခြင်း၊ အခြောက်စိုက်ပျိုးခြင်း နည်းလမ်းများ၊ သဘာဝမြေဩဇာများအသုံးပြုခြင်း၊ အော်ဂဲနစ် သီးနှံများစိုက်ပျိုးခြင်းနှင့် ရေသိုလှောင်ကန်များထားရှိခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။

ထို့အပြင် တစ်ဦးချင်းမဟုတ်သည့် အစိုးရဌာန ဆိုင်ရာများ၊ စာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံ များတွင်လည်း ရေသုံးစွဲမှုလျော့နည်းကာ အလေအလွင့်မရှိစေရေးအတွက်ဌာနဆိုင်ရာအလိုက် အသိပညာများဖြန့်ဝေခြင်း၊ စောင့်ကြည့် အကဲဖြတ်ခြင်းတို့ဖြင့် ရေအရင်းအမြစ်များ မဆုံးရှုံးစေရန် ကာကွယ်ထိန်းသိမ်းရန် လိုအပ်ပါသည်။ ကမ္ဘာပေါ်တွင် လူတိုင်းရေချိုးသည့်အခါ အလေအလွင့်မရှိစေရေး ထိန်းသိမ်းလုပ်ဆောင်ပါက တစ်မိနစ်လျှင် ရေဂါလန် သန်း ၅၀၀ သက်သာစေသည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။

နိုင်ငံတော်အနေဖြင့် ရေရှားပါးသည့် ဒေသများတွင် သောက်သုံးရေအတွက် စိမ့်စမ်းရေသွယ်တန်း ပေးခြင်း၊ အဝီစိတွင်းများတူးဖော်ပေးခြင်း၊ ဆည်တာတမံများဆောက်လုပ်၍ ထိန်းသိမ်းပေးခြင်း၊ မြစ်ရေတင်စီမံကိန်းများ ဖော်ဆောင်ပေးခြင်း၊ မြေအောက်ရေထိန်းတာတမံများ ဆောက်လုပ်ပေးခြင်း၊ ရေအရင်းအမြစ် စီမံခန့်ခွဲရေး လုပ်ငန်းများ အပါအဝင် ရေဝေရေလဲဒေသများထိန်းသိမ်းရေး၊ ရေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး၊ မြစ်ချောင်း အင်းအိုင်ကန်များ စသည့်ရေအရင်းအမြစ်များ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက နည်းလမ်းမျိုးစုံဖြင့် စီစဉ်ဆောင်ရွက်ပေးလျက် ရှိနေသည်။

ထို့အပြင် ရာသီဥတုပြောင်းလဲမှု၏သက်ရောက် မှုများနှင့် ရေဆိုင်ရာအခက်အခဲပြဿနာများကို ဖြေရှင်းနိုင်ရန် အမျိုးသားအဆင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲရေး ဗဟိုကော်မတီ၊ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ၊ အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီတို့ကို စနစ်တကျဖွဲ့စည်းထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရေသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံတော်က အင်တိုက်အားတိုက် ဆောင်ရွက်လျက် ရှိနေပါသည်။

မြန်မာတို့၏ ရိုးရာစကားပုံတွင် “ရွှေကိုမလို ရေကိုသာလိုသည်”ဟု ဆိုရိုးတစ်ခုရှိသည်။ မိုးခေါင်ရေရှား အရပ်ဒေသရှိ ကျေးလက်ဒေသမှ ပြည်သူများအတွက်မူ အဖိုးတန်ရွှေကို မလိုအပ်ဘဲ ရွှေထက်တန်ဖိုးကြီးသည့် ရေသယံဇာတကိုသာ လိုချင်ကြောင်း ညွှန်းဆိုထားခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် ငွေရှိလျှင်တောင်မှ ပူပြင်းသည့်နွေရာသီ၌ ရေကို ငွေပေးဝယ်၍ မရနိုင်သော ဒေသများလည်း ရှိနေသည်။ ထို့ကြောင့် ပြည်သူတိုင်း သန့်ရှင်းသော ရေ သုံးစွဲနိုင်ရေး ငွေကြေးအမြောက်အမြား အကုန်အကျခံကာ တတ်နိုင်သမျှ ဆောင်ရွက်ပေး လျက်ရှိသလို ပြည်သူတစ်ဦးချင်းစီတိုင်းကလည်း ရှိရင်းစွဲ ရေသယံဇာတများကို ခြိုးခြံချွေတာသုံးစွဲ ခြင်းဖြင့် ရေသယံဇာတကို ပူးပေါင်းပါဝင်ထိန်းသိမ်း ရာရောက်သလို မိမိတို့အတွက် အရေးပါလွန်းလှသည့်ရေကို မိမိမှစ မိသားစု၊ အဖွဲ့အစည်း၊ ရပ်ရွာ/မြို့နယ်အလိုက် ထိန်းသိမ်းချွေတာသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။