အဖျက်အမှောင့် အင်အားစုတို့၏ ဇာတိရုပ်အစစ်အမှန်

၂၂  ဖေဖော်ဝါရီ

 

ရခိုင်ပြည်နယ်၌ တည်ငြိမ်ပြေလည်မှုမရရှိစေရန် သွေးထိုးလှုံ့ဆော်နေသော အင်အားစုတို့၏ ဇာတိရုပ်အစစ်အမှန်ကို ထင်းခနဲ ပေါ်လွင်စေသော သတင်းဆောင်းပါးတစ်ပုဒ်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် နေ့စွဲ ဖြင့် Aljazeera အင်တာနက်စာမျက်နှာ၌ ဖတ်ရှုရပါသည်။ ဤသတင်း ဆောင်းပါးရေးသားသူက ထွန်းခင်ဆိုသူ၏ယခုအချိန်သည် နေရပ်သို့ ပြန်လည်ပို့ဆောင် နေရာချထားရေးကို ပြောဆိုဆွေးနွေးရမည့် အချိန်မဟုတ်ဟူသော စကားကို ကိုးကားဖော်ပြထားပါသည်။ ဤသတင်းဆောင်းပါးသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီမျိုးနွယ်တို့အား ပြန်လည်လက်ခံ နေရာချထားရေး အသေးစိတ်အစီအစဉ်တို့ကို ညှိနှိုင်းပြီးစီး၍ လက်တွေ့ ပြန်လည်လက်ခံနေရာချထားတော့မည့် အချိန်၌ ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။ တိကျသော စကားဆိုရပါက ပြေလည်တော့မည့် အနေအထားကို ပျက်ပြားစေရန် ခြေထိုးလိုက်ခြင်း ဖြစ်ပါသည်။

 

ဤသတင်းဆောင်းပါး၌ ဇာနည်ဆိုသူကရိုဟင်ဂျာမျိုးနွယ် (မူရင်း ဆောင်းပါး၌ သူတို့ စိတ်ကြိုက်အမည်ကို သုံးထားပါသည်) တို့ လိုအပ် နေသည်မှာ အိမ်ဟုခေါ်ဆိုနိုင်သော နယ်မြေတစ်ရပ် လိုအပ်ပါသည်။ ဤနယ်မြေသည် ရိုဟင်ဂျာတို့အတွက် ဥပဒေမဲ့ သတ်ဖြတ်ခံရမည်ကို စိုးရိမ်ပူပန်စရာ မလိုအပ်သော၊ သူတို့ကျေးရွာ၊ သူတို့နေအိမ်များ မီးရှို့ခံရမည်ကို စိုးရိမ်စရာမလိုသော နယ်မြေဖြစ်ရမည်ဟု ဆိုထားပါသည်။ အမှန်မှာမူ နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက် နေထိုင်ကြမည့် ဘင်္ဂါလီမျိုးနွယ်တို့၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်စရာ မလိုအပ်ကြောင်းကို နိုင်ငံတကာသို့ ရှင်းလင်းစွာ ပြောကြားထားပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါက အဆိုပါ ဇာနည်ဆိုသူက အဘယ်ကြောင့် အတွန့်တက်ပါသနည်း။

 

ဇာနည်ဆိုသူ အတွန့်တက်ပုံမှာ သာမန်အတွန့်တက်ခြင်း မဟုတ်၊ ပြေလည်တော့မည့် အခြေအနေ ရှုပ်ထွေးသွားစေရန် အချွန်နှင့် မလိုက်ခြင်းသာ ဖြစ်ပါသည်။ ဤဇာနည်ဆိုသူကဘင်္ဂါလီမျိုးနွယ်တို့ ရခိုင်ပြည်နယ်သို့ ပြန်နိုင်ရန် ကုလသမဂ္ဂက လုံခြုံရေးအရ ကာကွယ်မှုပြုထားသည့် နယ်မြေတစ်ရပ် လိုအပ်ပါသည်ဟု အစပျိုးစကား ထည့်လိုက်ပါသည်။

 

မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းအခြေချသူတို့က မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လျစ်လျူရှုလျက် မြန်မာ့လုံခြုံရေး တပ်ဖွဲ့တို့က စိတ်မချရ၊ ကုလသမဂ္ဂက ကာကွယ်ရမည်ဟု မည်ကဲ့သို့သော စိတ်ဓာတ်ဖြင့် ဇာနည်ဆိုသူက ဆိုလိုက်ပါသနည်း။ ဇာနည်ဆိုသူအား အသုံးချရေးလိုက်သော ဤဆောင်းပါး၏ ရည်ရွယ်ချက်က စတင်ပုံပေါ်လာပြီ ဖြစ်ပါသည်။ သို့သော် ဤဆောင်းပါး၏ ရည်ရွယ်ချက်သည် အရိပ်ကိုသာ ပြရန်မဟုတ်၊ အကောင်အထည်ကိုပါ ပီပြင်ရှင်းလင်းစွာ ပြသရန် ဖြစ်ပါသည်။

 

အဆိုပါ သတင်းဆောင်းပါး၌ ဇာနည်ဆိုသူကကျွန်ုပ်တို့အတွက် လိုအပ်နေသည်မှာ အမှန်တကယ်စိုးရိမ်ပူပန်သော ကမ္ဘာ့ခေါင်းဆောင်တို့က ဘင်္ဂါလီမျိုးနွယ်တို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ရဒေသတစ်ရပ် ထူထောင်နိုင်ရန် အထူးညီလာခံတစ်ရပ်ကို ခေါ်ယူရမည်ဖြစ်ပါသည်။ ဤကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ရ ဒေသ၌ ဘင်္ဂါလီမျိုးနွယ်တို့၏ လုံခြုံရေးကို ကုလသမဂ္ဂ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် တခြားနိုင်ငံတို့က ကာကွယ်စောင့်ရှောက်ရမည် ဖြစ်သည်ဟု ဆိုလိုက်ခြင်းသည် အဖျက်အမှောင့် အင်အားစုတို့၏ ဇာတိရုပ်ကို ပီပြင်ရှင်းလင်းစွာ ပြသလိုက်ခြင်း ဖြစ်ပါသည်။ တိကျစွာဆိုရပါက အဖျက်အမှောင့် အင်အားစုတို့သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင် နယ်မြေတစ်ရပ်ကို ဖဲ့ထုတ်သိမ်းပိုက်နိုင်ရန် ကောက်ကျစ်သောစကားတို့ကို ဆိုလိုက်ခြင်းသာ ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးသည် အဖျက်အမှောင့် အင်အားစုတို့၏ ကောက်ကျစ်ခြေထိုးမှုတို့ကို တုန်လှုပ်မည်မဟုတ်၊တိုင်းပြည်၏ ဥပဒေသတ်မှတ် ပြဋ္ဌာန်းချက်တို့နှင့် ညီညွတ်ပြည့်စုံသောသူတိုင်းအား တန်းတူနိုင်ငံသား အခွင့်အရေး ပေးမည်ဟူသော အခြေခံမူအပေါ်တွင် မြဲမြဲမြံမြံရပ်တည်လျက် မိမိတို့၏ ကျင့်ဝတ်သိက္ခာ ကို စောင့်ထိန်းသွားမည် ဖြစ်ကြောင်း ခိုင်မာပြတ်သားစွာ တင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)