တပ်မတော်သည်  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်မှုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် စတင်ခဲ့ပြီး ယခုနှစ်ကုန်အထိ ထုတ်ပြန်မှုပေါင်း ၂၁ ကြိမ် ထုတ်ပြန်ခဲ့သည်။ ယခုနှစ် (၂၀၂၂ ခုနှစ်) ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးအတွက် NCA စာချုပ်ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်လျက်ရှိသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို ကမ်းလှမ်းဖိတ်ခေါ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ယင်းသို့ ဆွေးနွေးရာတွင်လည်း ပွင့်လင်းရိုးသားမှုကို အခြေခံကာ ကြိုတင်ကန့်သတ်မှုများမထားဘဲ နိုင်ငံတော်နှင့် တိုင်းရင်းသား  ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ဖြစ်သင့်ဖြစ်ထိုက်သည်များကို အတူတကွ ညှိနှိုင်းအဖြေရှာခဲ့ကြခြင်းလည်းဖြစ်သည်။ တွေ့ဆုံ ဆွေးနွေးမှုများတွင် ပြည်သူလူထု၏ ဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်ပြီး ဖြစ်သင့်သည်နှင့် ဖြစ်ချင်သည်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး သဘောတူညီချက်များ ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

 

နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် အကြမ်းဖက် တိုက်ခိုက်မှုများမှာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများဖြင့် ပိုမိုဆောင်ရွက်လာနိုင်သည်နှင့်အမျှ တဖြည်းဖြည်းလျော့နည်းလာသည်။ PDF အမည်ခံ အကြမ်းဖက်သမားတို့ အင်အားစုဖွဲ့ သောင်းကျန်းနိုင်သည့် ဒေသများကိုကြည့်လျှင် နောက်ကွယ်မှ လူ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်များ ထောက်ပံ့ပေးနေသည့် KIA၊ KNU နှင့် KNPP နယ်မြေများတွင်သာ ဖြစ်ပေါ်နေခြင်းဖြစ်သည်ကို တွေ့မြင်နိုင်သည်။ ယခုရက်ပိုင်းအတွင်း KIA လက်နက်ကိုင် အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များရှိရာ နေရာနှစ်နေရာကို လိုအပ်သော စစ်ဆင်ရေးများ တန်ပြန်ပြုလုပ်ခဲ့ရသည်။ အဆိုပါဒေသများအတွင်း KIA နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်၊ နှောင့်ယှက်ဖျက်ဆီးမှု အကြိမ်ပေါင်းများစွာ ကျူးလွန်ပြုလုပ်ခဲ့သည့်အပြင် ဒေသတွင်းရှိ ကျေးရွာသူ၊ ကျေးရွာသားများအား ၎င်းတို့၏ အကြမ်းဖက်အဖွဲ့အတွင်းသို့ အဓမ္မသွတ်သွင်းခြင်း၊ စည်းရုံး၍မရပါက ရွာလုံးကျွတ် အကြမ်းဖက်ခြင်းတို့ကို ပြုလုပ်လျက်ရှိခြင်းတို့ကြောင့် ဒေသနေပြည်သူများက တိကျမှန်ကန်ခိုင်မာသည့် သတင်းကို တပ်မတော်သို့ လျှို့ဝှက်ပေးပို့ခြင်းအားဖြင့် အကြမ်းဖက် အဖွဲ့တို့ကို ဟန့်တားတိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။

 

နိုင်ငံတစ်ဝန်းလုံး အေးချမ်းသာယာရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေးသည် မိမိတို့ နိုင်ငံသားအားလုံး၏ ဆန္ဒအစစ်အမှန်ပင်ဖြစ်သည်။ နိုင်ငံကို ဖျက်ဆီးလိုသည့် နိုင်ငံရေးပယောဂများနှင့် ပြည်ပလက်ဝေခံ မီဒီယာများ၏ အဖျက်အမှောင့် လုပ်ရပ်များကို သတိဖြင့် သိမြင်ကာ အကြမ်းဖက်အဖျက်လုပ်ငန်းများကို ဆန့်ကျင် ကြရပါမည့် အကြောင်း။ ။

 

မြန်မာ့အလင်း