မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင်သောင်းကျန်းသူ အဖျက်သမားများ အန္တရာယ်ကို တိုင်းရင်းသားပြည်သူများ ယနေ့ထက်တိုင် ကြုံတွေ့ခံစားနေကြရဆဲဖြစ်သည်။ လူမျိုးရေး၊  ဝါဒရေး၊ နိုင်ငံရေး၊ တော်လှန်ရေး အကြောင်းအမျိုးမျိုးခေါင်းစဉ်တပ်ပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို တိုက်ခိုက်ဖျက်ဆီးနေသည်မှာ ရက်စက်ယုတ်မာ သည့် အကြမ်းဖက်လုပ်ရပ်များသာဖြစ်သည်။

ခေတ်အဆက်ဆက်အစိုးရများက နိုင်ငံတော်နှင့် ပြည်သူများကို နှောင့်ယှက်ဖျက်ဆီးခဲ့ကြသော အဖျက်သမားသောင်းကျန်းသူများကို စဉ်ဆက်မပြတ် ရှင်းလင်းဖယ်ရှား တိုက်ဖျက်ခဲ့ကြသော်လည်း နိုင်ငံ၏ ပထဝီအနေအထား၊ ရှုပ်ထွေးနက်နဲသည့် ဝိသေသလက္ခဏာများနှင့် ပြည်တွင်း/ပြည်ပ အနှောင့်အယှက် တွန်းအား ပယောဂအမျိုးမျိုးတို့ကြောင့် သောင်းကျန်းသူအဖျက်သမားများ ချုပ်ငြိမ်းလိုက်၊ ပြန်ပေါ်လိုက်နှင့် အဆိုးသံသရာတွင် ဝဲလည်လျက်ရှိသည်။  အကျိုးဆက်မှာ နိုင်ငံတော်နှင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

သောင်းကျန်းသူအဖျက်သမားများသည် ဆက်ကြေးကောက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ နိုင်ငံ၏သယံဇာတများကို ခိုးထုတ်ရောင်းချခြင်း၊ မူးယစ်ဆေးဝါးများ ထုတ်လုပ်သယ်ဆောင်ရောင်းချခြင်း စသည့်တရားမဝင် လုပ်ငန်းများကို လုပ်ကိုင်ပြီး ငွေကြေးလက်နက် တောင့်တင်းလာအောင်ပြုလုပ်ကာ သက်ဆိုးရှည်နေကြခြင်း ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်း သာယာဝပြောမှုများ ပျက်ပြားစေရန်နှင့် အကြောက်တရား ကြီးမားလာစေရန်အတွက် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊  အများပြည်သူအသုံးပြုနေသည့် လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံများ ပျက်စီးအောင်ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

လတ်တလောဖျက်ဆီးမှုအနေဖြင့် ရန်ကုန်မြို့မှ မုံရွာမြို့သို့ မောင်းနှင်ထွက်ခွာသည့် ခရီးသည်တင်ယာဉ်များအား ဇွန်လ ၃၀ ရက်နေ့က ချောင်းဦးမြို့နယ် ငါးယှန် ကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ခရီးသွားပြည်သူသေဆုံးမှုနှင့် အများအပြား  ထိခိုက်ဒဏ်ရာရရှိသည့်သတင်းကို စိတ်မကောင်းဖွယ် ကြားသိရသည်။ ခရီးသည်တင်မှန်လုံယာဉ် ရှစ်စီးတွင် စီးနင်းလိုက်ပါခဲ့သည့် ခရီးသွားပြည်သူအမျိုးသမီး တစ်ဦး သေဆုံးပြီး သံဃာတော်တစ်ပါး နှင့် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ဖြစ်ပွားမှုကို ကြားသိသည်နှင့် နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့များက လိုအပ်သည့် လုံခြုံရေးကိစ္စများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရေး အမြန်ဆုံးသွားရောက်ခဲ့ရာ အသင့်စောင့်ဆိုင်း နေရာယူထားသည့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ထိတွေ့မှုများဖြစ်ပွားပြီး အကြမ်းဖက်သမားများမှာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြသည်။ ပစ်ခတ်တိုက်ခိုက်ခံရသည့် ပတ်ဝန်းကျင်တစ်ဝိုက်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ရာ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းအလုံး ၃၀ တွေ့ရှိ သိမ်းဆည်းခဲ့ပြီး ခရီးသွားပြည်သူများနှင့် ဒဏ်ရာ ရသူများကို လုံခြုံဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ မဲမသမာမှုကို အကြောင်းပြု၍ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့ရာတွင် ဒီမိုကရေစီရေး၊ အာဏာရှင်တော်လှန်ရေးဟု ကြွေးကြော်ပြီး ဖွဲ့စည်းခဲ့သည် CRPH နှင့် NUG အကြမ်းဖက် အဖွဲ့သည် ပြည်တွင်း၌ ဒေသခံပြည်သူများကို သွေးထိုးလှုံ့ဆော်မြှောက်ပင့်ပေးပြီး ဖြစ်ပေါ်လာသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို ထောက်ပံ့ကူညီအားပေးကာ အဖျက်လုပ်ရပ်များကို လုပ်ကိုင်ခဲ့ရာ ယခုဖြစ်ရပ်အထိ ရဟန်း၊ သံဃာ၊ သီလရှင်နှင့် ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူ အမြောက်အမြား သေဆုံးထိခိုက် ဒဏ်ရာရမှုများဖြစ်ခဲ့သည်။ ထို့အပြင် ပြည်သူတို့၏ နေအိမ်ဥစ္စာများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံများကို ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ရာ ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့သည်။

ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်ဘဲ အေးချမ်းစွာ ခရီးသွားလာလျက်ရှိသည့် အများပြည်သူတို့၏ အသက်အန္တရာယ်ကို ထိခိုက်သေကျေပျက်စီးသည်အထိ စက်ဆုပ်ရွံရှာဖွယ် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သည့် CRPH နှင့် NUG အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများကို ရှင်းလင်းဖယ်ရှား ချေမှုန်းနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်း၊ ဆုတ်ခွာသွားသော အကြမ်းဖက်အဖျက်သမားများအား လိုက်လံရှင်းလင်းချေမှုန်းခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။ ပြည်သူများ ဘေးကင်းလုံခြုံစွာ နေထိုင်သွားလာနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တာဝန်သိပြည်သူများနှင့် လက်တွဲဆောင်ရွက် လျက်ရှိသည်။

တောင်ပေါ်မြေပြန့် နယ်စပ်ဒေသများအပါအဝင် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးအတွက် အဖျက်သမားသောင်းကျန်းသူများအန္တရာယ် ကင်းဝေးရေးကို ဝိုင်းဝန်းလက်တွဲ၍ အရှိန်အဟုန်မြှင့် တိုက်ဖျက် ကြရမည်ဖြစ်သည်။ အဖျက်သမားသောင်းကျန်းသူကင်းဝေးမှသာ ပြည်သူအားလုံး စိတ်အေးချမ်းသာစွာ သွားလာနေထိုင် လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်ထောင်စုကြီးတစ်ခုလုံး တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်လာရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန်အတွက် အဖျက်သမားသောင်းကျန်းသူများကို အရှိန်အဟုန် မြှင့်တင်ချေမှုန်းတိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။

ကြေးမုံ