ရွာငံ ၊ ၆ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံဒေသကို ကမ္ဘာ့အလယ်တွင် ထင်ရှားလာ စေရန် ခရီးသွားလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ရွာငံမြို့နယ် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတက်ရေးအဖွဲ့(YTO)မှ သိရသည်။
ရွာငံမြို့နယ်မှ ထွက်ရှိသော ဒေသထွက်ကုန်များ တန်ဖိုးမြင့်ဈေးကွက်ဖြစ်ပေါ်စေရေး၊ ဒေသ၏ ရိုးရာ ယဉ်ကျေးမှုဓလေ့များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်အတူ ရေရှည်တည်တံ့ခိုင်မြဲသည့် သဘာဝ အခြေခံစီးပွားရေးလုပ်ငန်းများကို ခရီးသွားလုပ်ငန်းများအဖြစ် ဝင်ငွေပိုမိုရရှိလာစေရန်အတွက် ခရီးသွားမြို့အဖြစ် မြန်မာသာမက ကမ္ဘာ့အလယ်တွင် ထင်ရှားပေါ်လွင်လာစေရန် ရှမ်းပြည်နယ် အစိုးရခရီးသွားရန်ပုံငွေမှ ချမှတ်ပေးထားသော အစီအစဉ်တွင် ရွာငံမြို့ YTO အဖွဲ့နှင့်အတူ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထုများ ပူးပေါင်းပြီး ရွာငံမြို့နယ် မြစေတီကျေးရွာအနီးရှိ အရှေ့မြင် အနောက်မြင်တောင်တက်ခရီးစဉ်ကို တောင်ထိပ်၌ သန့်စင်ခန်းများ တည်ဆောက်ခြင်းနှင့် တောင်ခြေတွင် ယာဉ်ရပ်နားနေရာများ၊ ဈေးဆိုင်ခန်းများ တည်ဆောက်ခြင်းအပြင် တောင်ခြေနဲ့ မြစေတီနှစ်မိုင်ခန့်ကို ကျောက်ချောလမ်းအဖြစ် လုပ်ဆောင် လျက်ရှိကြောင်း YTO မှ ဦးကျော်သန်းက ပြောသည်။
ရွာငံမြို့နယ်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အနေဖြင့် ရွာငံမြို့မြောက်ပိုင်းတွင်ရှိသည့် ပေပေါင်း ၃၀၀ မြင့်သည့် တလုပ်ချရေတံခွန်စခန်း၊ ဆင်ဆာပြားဆင်လည်ရေဝင်ဂူ၊ ကျောက်ငှက်ဝန် တွင်းဂူ၊ ပြဒါးလင်းဂူ၊ ပေပေါင်း ၇၇၅၂ ပေရှိ အရှေ့မြင်အနောက်မြင်တောင်တက် ခရီးစဉ်၊ တောင်ပိုင်းရှိ ရေဖြူစမ်း၊ ရေပြာအိုင် တောကျယ်ရေတံခွန်၊ အလယ်ချောင်ရှစ်ထပ်ရေတံခွန်၊ မိန်းမရဲသခင်မတောင်၊ ယူကလစ်တန်း၊ အလွမ်းတောင် View Point ၊ မြင်းမူး View Point များအပြင် အခြား လည်ပတ်စရာများ၊ လေ့လာစရာများနှင့် ကမ္ဘာ့ အဆင့်မီ ရွာငံဒေသထွက် ကော်ဖီများကိုလည်း လေ့လာ ခြင်းဖြင့် အလည်အပတ်ခရီးစဉ်များ လာရောက်နိုင်ရန် ကိုဗစ်အလွန်ခရီးသွား ဧည့်သည်များအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ရွာငံ)


