မိုးကေနိုင်

 

ခေတ်အခြေအနေအရ လူတွေမှာ အပျက်သဘောတွေးခြင်းတွေ များလာတယ်၊၊ အပျက်သဘော အတွေးများတော့ အပျက်စိတ် များလာတတ်သည်မှာမဆန်း။ မူလအပြု စိတ်မထားတတ်သူတွေမှာ အပျက်စိတ်ထားဖန်များရင် အပျက်မှာပျော်လာကြတာ သဘာဝပါ။ အပျက်သဘောဟူသည် အဖျက်စွမ်းအားကို ပို၍ကြီးမားသွားစေတယ် ဆိုတာကို သတိမထားမိတဲ့အခါ...၊၊

 

အပျက်တွေကြား ပျော်နေသူတွေ

   

အပျက်တွေကြားမှာ အပျက်ကိုကြည့်ပြီး ပျော်နေသူတွေ တွေ့ရတဲ့အခါ အံ့ဩမိပါတယ်။ လောကမှာ ပျော်တတ်သူရှိသလို ဒုက္ခရောက်စိတ်ညစ်တတ်သူ ရှိတတ်တာလည်း သဘာဝပါ။ သူ့ခံယူချက်နဲ့သူပေါ့။ ဒါပေမဲ့ ယခုလိုအခြေအနေမျိုးမှာ စားဝတ်နေရေးအရ ခက်ခဲနေသူတွေရှိတယ်၊ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေသူတွေရှိတယ်၊ နိုင်ငံရဲ့နေရာအချို့မှာ စစ်ရှောင်ဒုက္ခသည်တွေရှိနေတယ်၊ စစ်ပွဲကြားမှာ ပြေးလွှားနေကြတဲ့ မိမဲ့ဖမဲ့ အငိုမျက်လုံးနဲ့ကလေးတွေ အဖိုးတွေအဖွားတွေ၊ စာသင်ချိန်မှာ စာမသင်ရတဲ့ လူငယ်တွေ၊ ပျက်စီးနေတဲ့ လမ်းတွေ တံတားတွေ၊ မီးလောင်နေတဲ့ အိုးအိမ်တိုက်တာတွေ၊ မီးရှို့ခံရလို့ နေစရာဘုံပျောက် အိုးမဲ့အိမ်မဲ့ရောက်ရသူတွေ၊ ကုန်သွယ်ရေးလမ်း‌ကြောင်း တစ်လျှောက် မီလောင် ပျက်စီးသွားတဲ့ ကုန်တင်ယဉ်ကြီးတွေနဲ့ လမ်းဘေးမှာ မရောင်းလိုက်ရလို့ ပုတ်ပွနေတဲ့ ရာသီသီးနှံတွေနဲ့အတူ ဘဝပျက်သွားသူတွေ...။ ဒီလို ဒုက္ခတွေကို ကြည့်ပြီးတော့ကို ပျော်နေကြ ဝမ်းသာနေကြသူတွေရှိနေပါတယ်၊၊

 

အားနာလို့ အပျော်မျက်နှာမပြတတ်ပေမဲ့ စိတ်ထဲကြိတ်ပြီး ကျေနပ်နေသူတွေလည်း ဒုနဲ့ဒေးပေါ့။ အဖျက်လုပ်ရပ်တွေနဲ့ အပျက်တွေမြင်နေရတာတောင်မှ ဒီလုပ်ရပ်တွေဟာ တစ်ချိန်မှာ အောင်မြင်လိမ့်မယ်လို့ ထင်နေသူတွေလည်းရှိသေးတယ်။ အဖြစ်အပျက်တွေအပေါ် ဝမ်းနည်းစကားပြောနေပေမဲ့ ကျေနပ်နေတဲ့မျက်နှာအရိပ်ကို မဖုံးနိုင်သူတွေ ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။ လူတွေသေတာကိုကြည့်ပြီး စိတ်ထဲမှာ ကြိတ်ပျော်နေသူတွေလည်း တွေ့ဖူးတယ်၊ ဘယ်သူဘယ်ဘက်က ဘယ်လိုသေသေ ယဉ်ကျေးပြီး အပြုသဘောမြင်တတ်သူအနေနဲ့တော့ ဝမ်းနည်းတတ်ကြမှာပါ။ ဒါပေမဲ့ တချို့က တည်ဆောက်ရင်း ကာကွယ်ရင်း အသက်စွန့်နေရသူတွေ၊ တချို့က အဖျက်လုပ်ရပ်နဲ့အတူ သေရသူတွေ၊ တရားမှုမတရားမှုအကြား အမှန်နဲ့အမှားကြား ခွဲခြားမသိလောက်အောင်ကို ဖြစ်နေတာကိုကြည့်ရတာတော့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းနဲ့ ဘယ်လိုမှမစပ် ဟပ်ဘူး ထင်ပါတယ်။

 

အပျက်သဘောပြောဖန်များတော့

 

အမှန်နဲ့အမှားကို ခွဲခြားသိသူအဖို့တော့ ယခုလို ဒုက္ခတွေအပေါ် ပျော်ရွှင်နေသူ တွေ အပေါ်မှာ ဘယ်လိုမှ မုဒိတာပွားနိုင်မှာမဟုတ်ပါဘူး။ မဟုတ်တဲ့အပေါ်မှာ မုဒိတာ ပွားဖို့ထက် ဒုက္ခရောက်နေသူတွေအပေါ်မှာ ကရုဏာထား၊  မေတ္တာအစားထိုးနိုင်ရင် ပိုကောင်းတာပေါ့။ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ဘာလာလာ အပြစ်ပြောလိုက်ရမှ ကျေနပ်တဲ့ လူတန်းစားတစ်ရပ်လည်းရှိသေးတယ်။ အပျက်တွေးသူအများစုဟာ အပြစ် ပြောတတ်တာများတဲ့အတွက် အပျက်သဘောများလွန်းလာတဲ့အခါ စိတ်လည်းမရှင်း၊ အလုပ်လည်း မရှင်း၊ နောက်ဆုံးလုပ်ငန်းလည်း မတွင်ကျယ်ဘူးဖြစ်ကုန်‌ရော။ မငြိမ်းချမ်းတဲ့ဝန်းကျင်မှာ တိုင်းပြည်က လုံးဝပျက်စီးနေသယောင် မငြိမ်းချမ်းကြောင်း ပုံကြီးချဲ့ရင်း ကိုယ်ကိုယ်တိုင် သာသာယာယာ နေတတ်သူတွေလည်းရှိတယ်။ တချို့က အဖြစ်အပျက်ပေါ်မှာ ကိုယ်လိုရာဆွဲတွေး ကိုယ်ဖြစ်ချင်တာ ဆွဲပြောတတ်သူတွေ လည်းရှိတယ်။ သူတို့ဟာ အပြင်မှာဖြစ်နေတဲ့ အမှန်တရားနဲ့ကွဲပြားစွာ ပြဿနာကို ကိုယ်ကိုယ်တိုင် ဖန်တီးယူနေသူ‌တွေပါပဲ။ သူတို့ရဲ့ ပြောစကားတွေက ကျင့်ဝတ်နဲ့မညီများသောအားဖြင့် စိတ်မချမ်းသာစရာတွေက များပါတယ်။ အောင်မြင်မှုကို တွေ့သည့်တိုင် အပျက်သဘောမှတ်ချက်ကိုသာ ပေးလေ့ရှိတတ်ကြတယ်။ မကောင်းတာများများပြော တတ်သူဟာ နောက်ပိုင်းမှာ သူလုပ်တာမှန်သမျှမှာ မကောင်းတာအများဆုံး ကြုံရ တတ်တာလည်း တိုက်ဆိုင်မှုတစ်ခုလို့တော့ မဆိုချင်ပါဘူး။

 

ကရုဏာလိုလို၊ အားနည်းချက်ထောက်ပြသလိုလို ပြောနေပေမဲ့ မျက်နှာဟန်အမူအရာက အပျက်သဘော သွင်ပြင်ကို မဖုံးနိုင်သူတွေလည်း ပတ်ဝန်းကျင်မှာ အများသား။ အပြောက စင်ကြယ် သလိုလိုရှိပေမဲ့ စိတ်ကမစင်ကြယ်၊ လောကကြီးကို အများဆုံးအပြစ် ပြောနေပြီဆိုရင် သူကိုယ်တိုင်လည်း ကောင်းတဲ့သူတစ်ဦးတော့မဟုတ်ဘူးဆိုတာတော့ ယျေဘူယျသုံးသပ်ကြတယ်။  ကောင်း / မကောင်း ကိုယ့်ကိုယ်ကိုယ်မသိပေမဲ့ ဘေးလူက အသိဆုံးဖြစ်နေတတ်တာမျိုး၊ ဖြစ်၊  တည်၊ ပျက်သဘော နားမလည်ဘဲ အပျက်ကိုချည်း အယူမှားသူဟာ နောက်ဆုံးကိုယ်ကိုယ်တိုင်ပျက်စီးမှုနဲ့ ကြုံရပြီး တွေတွေဝေဝေပူဆွေး သောကနဲ့ နိဂုံးချုပ်ရတတ်တယ်ဆိုတာ တရားသဘောနဲ့ယှဉ်ပြီး သတိပြုဖို့လိုပါတယ်။ ဆိုလိုတဲ့အကြောင်းရင်းက သူတို့ထံမှာ ကုသိုလ်စိတ်ထက် အကုသိုလ်စိတ်က ပိုများနေ လို့ပါပဲ။

 

အပျက်ကိုပြန်လည်တည်‌ဆောက်နေသူများ

       

လောကကြီးမှာ အပျက်သဘောကြီးလည်းမဟုတ်ပါဘူး။ အဖျက်တွေကြား အပျက်အစီးတွေရှိသလို ဖျက်လို့ပျက်သွားတဲ့နေရာမှာ ပြန်လည်ပြင်ဆင်ပြုပြင်နေတဲ့သူတွေကို တွေ့ရမြင်ရတဲ့အခါ ဝမ်းမြောက် ဝမ်းသာနဲ့ သာဓုအကြိမ်ကြိမ်ခေါ်မိပါတယ်။ အမှန်လည်း အတ္တကြားမှာ ပရဟိတ စိတ်ဓာတ်ရှိသူတွေ များစွာရှိပါတယ်။ သူတို့က အပျက်ကိုမတွေး၊ အဖြစ်ကိုပဲတွေးပြီး အပြုသဘောဆောင်သူတွေပါ။ လူလူချင်းအမုန်း တွေပြိုင်နေတဲ့ လောကကြီးမှာ ဒီလိုလူမျိုးဟာ သူ့ကိုယ်သူ ထပ်ဆင့်အမုန်းတွေ မဖြန့်မိအောင်နေပါတယ်၊ မီးလောင်ရာလေပင့်သဘောမျိုး လူ့အဖွဲ့အစည်းအပေါ် သစ္စာမဖောက် တတ်ပါဘူး။ မြင်တတ်မယ်ဆိုရင် ယနေ့ခေတ်ကြီးမှာ လူ့အဖွဲ့အစည်းကို မပျက်ပျက်အောင် ဖျက်ဆီးနေသူတွေ မငြိမ်းချမ်းအောင်လုပ်နေသူတွေရှိသလို ဒီလိုလူတွေကြားထဲ သူများဖျက်ပြီးသား အပျက်အစီးကို ပြန်လည်ပြုပြင်‌နေသူတွေ ငြိမ်းချမ်းမှုမရရအောင် တည်ငြိမ် အေးချမ်းမှုမရှိရှိအောင် တည်ဆောက်နေသူတွေလည်း ရှိပြန်ပါတယ်။

 

ဉပမာပြရရင် ချိုးတဲ့သူကချိုး၊  ခွဲတဲ့သူကခွဲတဲ့ကြားမှာ အန္တရာယ်ကြားမှာ အလင်းဆောင်သူမျိုးတွေပါ။ ၇ ရက်သားသမီး သွားလမ်းသာလို့၊  လာလမ်းဖြောင့်အောင် တည်ဆောက် ပြုပြင်လုပ်နေသူတွေကို တွေ့ရတော့ သာဓုအကြိမ်ကြိမ်ခေါ်စရာ၊ ဒုက္ခအပူတွေရှိရာကို ခက်ခက်ခဲခဲသွားပြီး ဒုက္ခရောက်သူတွေ၊ မပြည့်စုံသူတွေကို အစာအာဟာရ အဝတ်အထည် အသုံးအဆောင် ဖြည့်တင်းပေးတဲ့မြင်ကွင်းတွေ၊   ဆေးမကုနိုင်သူတွေကို ဆေးကုပေးသူတွေ၊ ‌စိတ်ဓာတ်အကြီးအကျယ် ကျ‌နေသူတွေကို တတ်နိုင်သမျှ ဖေးမစောင့်ရှောက် ကူညီသူတွေကိုတွေ့ရတဲ့အခါ အားတက်မိပါတယ်၊၊ တကယ်လက်တွေ့ လုပ်သူတွေဟာ အများကြီးမပြောတတ်ကြပါဘူး။ သူတို့ဟာ အဖြစ်နဲ့အပျက်၊ အကြောင်းနဲ့အကျိုးကို ကောင်းကောင်းဆင်ခြင် သုံးသပ်နိုင်သူ‌တွေဖြစ်ပြီး သူများကို အပြစ်မပြော၊ ငြီးတွားခြင်းဖြင့် အချိန်မဖြုန်း၊   ကိုယ်လုပ်တဲ့အလုပ်မှာ လုပ်စရာရှိတာကိုလုပ်တယ်၊ အကောင်းဆုံးဖြစ်အောင် လုပ်တတ်ကြသူတွေဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

 

အကောင်းနဲ့အဆိုးကြားအပြုသဘောသာမြင်တတ်ရင်

   

တစ်ခါတရံ ပတ်ဝန်းကျင်မှာ အပျက်သဘောချည်း ပြောသူများကြား တချို့အပြုသဘောဆောင်တဲ့ မှတ်ချက်လေးတွေနဲ့ဝင်ပြီး ဖာထေးပြောဆိုတတ်သူတွေလည်း ရှိပါတယ်။ သူတို့ဆီက အကောင်းမြင် စိတ်ကလေးနဲ့ ဝင်ပြီးထောက်ခံလိုက်တဲ့စကား ကြားရတဲ့အခါ စိတ်ဓာတ်ကျသူဟာ တဒင်္ဂအားဖြင့်တော့ စိတ်ချမ်းသာမှုလေးရပြီး အားတက်သွားပါတယ်။ မျှော်လင့်ချက်လေးတွေရှိလာတယ်၊ ယုံကြည်ချက်တွေတိုး လာတယ်။ သောကအပူနဲ့ ဆောက်တည်ရာမရဖြစ်သူ့ရဲ့အပူကို နှစ်သိမ့်ကူညီတတ်သူတွေမှာ ငြိမ်းချမ်းနေတဲ့ အသွင်အပြင်ကို တွေ့ကို တွေ့ရမှာပါ။

 

အမှန်တော့ သူတို့ဟာ အပြုသဘောဆောင်သူ၊ လက်တွေ့ကျကျ တည်ဆောက် နေကြသူတွေသာဖြစ်ပါတယ်။ သို့ပေမဲ့ တစ်ချိန်လုံးပူပန်သောက စိတ်တွေကြား အပြု သဘော မဆောင်တာတွေချည်း ကြားရတဲ့သူအဖို့မှာတော့ အားငယ်ငြီးငွေ့ ၊ စိတ်ဓာတ်ကျမိမှာ သေချာပါတယ်။ တချို့စိတ်ခံအားနည်းသူတွေဆို တွေးတောယုံမှား သံသယဖြစ်ပြီး ကိုယ့်မှာရှိတဲ့သတ္တိ စွမ်းရည်တောင် ပျောက်သွားတတ်ပါတယ်။

 

လောကမှာ တစ်ဦးချင်းပဲဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံချင်းပဲကြည့်ကြည့် အကောင်းအဆိုး ရောပြွန်းပြီး ရှိနေတတ်ပါတယ်။ အနည်းနဲ့အများကွာတာရှိသလို အကြောင်းတရားအမျိုးမျိုးကြောင့် အဆိုးဘက် များတာလည်း ရှိနိုင်ပါတယ်။ အကောင်းအဆိုးမှာ ကောင်းတာကို ကောင်းသထက် ကောင်းအောင်လုပ်ရမှာ တာဝန်တစ်ခုဖြစ်သလို အရေးကြီးဆုံးက ဆိုးနေတာကို ပိုဆိုးမသွားအောင်နဲ့ ဆိုးတဲ့အပိုင်းတွေကို ပြန်လည်ပြင်ဆင် ပြုပြင်နိုင်အောင် အားထုတ်ဖို့ လိုအပ်ခြင်းပါပဲ။ ဒါမှသာ လောကကြီးဟာ နေထိုင်ချင်စရာကောင်းပြီး ဟန်ချက်ညီတဲ့ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးရာ ရောက်ပါလိမ့်မယ်။

 

ထပ်ပြီးမှတ်ချက်ပြုလိုတာက ပျက်စီးမှုတွေကိုကြည့်လိုက်ရင် မကောင်းတာလုပ်သူတွေကြောင့် ဖြစ်ရသလို ဒီလိုမကောင်းတာလုပ်နေတာကိုပဲ လက်ပိုက်ကြည့်နေသူတွေကြောင့်လည်း ပိုပြီး ပျက်စီးသွားရတာမျိုး ဖြစ်နေခြင်းပါပဲ။ အားလုံးအကျပ်အတည်း နဲ့ဒုက္ခရောက်နေချိန်မှာ တချို့ဝိသမ လောဘစိတ်နဲ့ မတရားအမြတ်ထုတ် ခေါင်းပုံဖြတ်တဲ့ အတ္တလူတန်းစား တစ်ရပ်လည်းရှိသေးတယ်။ ဘယ်သူသေသေ ငတေမာပြီးရော ကျင့်ဝတ်မရှိ မလုပ်သင့်မလုပ်အပ်ရာတွေကြောင့် ပြဿနာက ပိုပြီးဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် တချို့အရာတွေမှာ မျက်စေ့ပိတ်မနေသင့်ဘူး။ တားသင့်တာတား၊ ပြင်သင့်တာပြင်၊ တည်ဆောက်သင့်တာ ပြန်လည်တည်ဆောက်ယူရပါမယ်။ ခဏလေးနဲ့ ပျက်စီး တာမြန်ပေမဲ့ အချိန်ယူပြန်တည်ဆောက်ရတာ အလွန်ခက်ခဲပါတယ်။ ဒါကြောင့် မပျက်စီးအောင် အဖျက်ဆီးမခံရအောင် အားလုံးက ဝိုင်းဝန်းကာကွယ်ထိန်း သိမ်းကြခြင်းသည်သာ အကောင်းဆုံးလို့ ယူဆမိပါတယ်။           

 

အားလုံးဟာ တွက်ကြည့်လိုက်ရင် သင်ခန်းစာယူစရာတွေချည်းပါပဲ။ နောက်ဆုံး အပျက်စိတ်နဲ့ အဖျက်လုပ်ရပ်မျိုးဟာ အရှုံးနဲ့ပဲကြုံရမှာဖြစ်သလို အဖျက်တွေအပေါ်မှာ အပျက်စိတ်နဲ့လိုက်တွေးပြီး အပြုသဘော မဆန်ရင်လည်း ကိုယ်ကိုယ်တိုင်လည်း ပျက်စီးခြင်းကိန်းဆိုက်တတ်ပါတယ်။ အပျက်သဘော အလေ့အထရှိသူအများစုမှာ အခြားသူတွေထက် လောဘ၊ ဒေါသအရာမှာ အားကြီးနေတဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့် အပျက်တွေ များတဲ့လူ့အဖွဲ့အစည်းတစ်ခုဟာ အဆိုးသံသရာက ဘယ်တော့မှမလွတ်မြောက် နိုင်ကြခြင်းဖြစ်ပါတယ်။

 

အဆိုးများတဲ့ဝန်းကျင်မှာ ခံနိုင်ရည်ရှိအောင်လည်းကြိုးစားရပါမယ်။ အကောင်းဘက်ကို ပိုမြင်ပေးပြီး ခံနိုင်ရည်ရှိမှ မိမိမျှော်လင့်ချက်လည်း ပြည့်ဝနိုင်မှာမို့ပါ။ စိတ်ခံစားမှုကို ဦးစားမပေးဘဲ လက်ရှိဖြစ်ပျက်နေတာ‌တွေကို အလွယ်တကူခံစားသိမြင် နားလည်နိုင်အောင် ဦးစွာလေ့လာသင့်ပါတယ်။ ဒါမှသာ ကိုယ့်ထက်ဆိုးသူ ကိုယ့်ထက်ဒုက္ခရောက်သူတွေကို လူသားချင်းစာနာစိတ်လေးနဲ့ အားပေးကူညီရာရောက်ပါမယ်။ အားပေးလိုတာက အလွယ်တကူစိတ်ဓာတ်မကျ ၊ နောက်မဆုတ်ဘဲ တည်ဆောက်သူတွေဖြစ်အောင် ကြိုးစားဖို့ပါ။

 

လောကကြီးမှာ ဘာမှမတည်မြဲဘူးဆိုတာ ဆင်ခြင်ရုံနဲ့တင် လုံလောက်သွား ပါလိမ့်မယ်။ ဖြစ်လာတဲ့ အရာဟာလည်း သူ့အလိုလို ဖြစ်လာတာမဟုတ်၊ အကြောင်းတရား တွေပေါင်းစုံညီညွတ်သွားလို့ အကျိုးတရားအ‌နေနဲ့ မဖြစ်မနေဖြစ်လာရတာပါ။ ဒါဟာ မှန်ကန်တဲ့သဘောတရားတစ်ခုပါ။ ဒီလိုဖြစ်လာလို့ ဖြစ်တဲ့အရာဟာလည်း ခဏတာပဲ တည်တတ်ပါတယ်၊ အကြာကြီးရှိမနေပါဘူး။ ပြီးလျှင် ပြန်ပျက်သွားတာပဲရှိတယ်၊ ဒီသဘောလေးပါပဲ။ ယခုလို ဖြစ်၊ တည်၊ ပျက်ခိုက်မှာ ကောင်းတဲ့ အဖြစ်ကလေး ဖြစ်ပေါ်လာအောင်၊ ဖြစ်လာတဲ့အကောင်းလေးကို ကြာရှည်တည်နေအောင်လေး လုပ်နိုင်ရင်ကို လောကကြီးမှာ အတော်ငြိမ်းချမ်းနေပါပြီ။

 

ဒါကြောင့် ကျွန်တော်တို့အားလုံး အပျက်သဘောမှာဝမ်းနည်းမနေဘဲ ၊ ပျော်မနေ ကြ၊ ရပ်တန့်မနေကြဘဲ ဖြစ်နေတဲ့အဖြစ်သဘောလေးတွေကို အပြုသဘောရှာကြံပြီး ကောင်းသောတည်ဆောက်သူတွေ ဖြစ်ကြရလေအောင် ကြိုးစားကြပါစို့ဟူ၍ ရေးသား တင်ပြလိုက်ရပါတယ်....။

 

မိုးကေနိုင်