၂၀၂၀ မတ်လ ၁၁ရက်နေ့က အမေရိကန် CDC ကနေ ကိုရီးယား ကုမ္ပဏီတစ်ခုကနေ တင်ပို့တဲ့ Enoki အပ်မှိုမှာ Listeria monocytogenes ဘက်တီးရီးယားပိုးကို တွေ့ရှိခဲ့တဲ့လို့ ဆိုပါတယ်။ မတ်လ ၉ရက်နေ့က အမေရိကန်ပြည်နယ် ၁၇ခုမှာ ရောဂါပိုးရှိသူ ၃၆ ယောက်ကို တွေ့ရှိခဲ့ပြီး ၄ ဦး သေဆုံးခဲ့ပါတယ်။

 

မကျန်းမာသူများသည် အသက်၁နှစ်မှ ၉၇နှစ်အတွင်းဖြစ်ပြီး ပျမ်းမျှတွက်ကြည့်ရင် ၆၇နှစ် ပတ်ချာလည်ပါ။ ဖျားနာသူ ၈၈ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ကြပြီး ရောဂါဖြစ်ပွားမှု ၆ခုမှာ ကိုယ်ဝန်ဆောင်တွေ ဖြစ်ပြီး သန္ဓေသား ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။

 

လက်ရှိမှာတော့ တခြားအပ်မှိုတွေမှာ ရောဂါပိုးရှိမရှိကို စစ်ဆေးနေပြီး လတ်တလောမှာတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊  အသက်၆၅နှစ်အထက် လူကြီးများ၊ ကိုယ်ခံအား နည်းသူများကို အပ်မှို မစားဖို့ တားမြစ်ထားပါတယ်။

 

မြန်မာနိုင်ငံမှာတော့ အပ်မှို အစားများကြတဲ့အတွက် သတိထားသင့်ပါတယ်။ Listeria ဆိုတာ ဘယ်လိုရောဂါပိုးလဲ။ ဘာဖြစ်နိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။

 

Listeria ဆိုတာ ဘာလဲ။

 

Listeria monocytogenes ဆိုတာ ဘက်တီးရီးယားပိုးဖြစ်ပြီး သူကြောင့်ဖြစ်တဲ့ ရောဂါကိုတော့ Listeriosis လို့ ခေါ်ပါတယ်။ အဓိကကတော့ ပိုးရှိတဲ့ အစားအစာကို စားမိရာကနေ ဖြစ်တာပါ။ ကိုယ်ဝန်ဆောင်တွေ၊ မွေးကင်းစ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေက ပိုပြီး ခံရပါတယ်။ သာမန်လူတွေကတော့ ရောဂါပိုးဝင်ဖို့ ခက်ပါတယ်။

 

ရောဂါပိုးက သွေးထဲရောက်ရင် သွေးဆိပ်သင့်တာ၊ ဦးနှောက် အမြှေးပါး ဒါမှမဟုတ် ဦးနှောက်သား ရောင်ရမ်းတာ၊ တခြား ကိုယ်တွင်း အင်္ဂါတွေဖြစ်တဲ့ အရိုးအဆစ်တွေ၊ အဆုတ်နဲ့ ဝမ်းဗိုက်ကို ပိုးဝင်တာတွေလည်း ဖြစ်နိုင်ပါတယ်။

 

Listeria ပိုးဝင်ခြင်းရဲ့ လက္ခဏာတွေက ဘာလဲ။

 

သာမန်လူတွေ မှာဆိုရင်တော့

•           ဖျားမယ်

•           ချမ်းတုန်မယ်

•           ကိုယ်လက်ကိုက်ခဲမယ်

•           ပျို့မယ်

•           ဝမ်းလျှောမယ်

ဒီလက္ခဏာတွေက ပိုးရှိတဲ့ အစားအစာတွေကို စားပြီး ရက်အနည်းငယ်အတွင်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ရက် ၃၀လောက်နေမှ လက္ခဏာပြတာမျိုးလည်း ရှိနိုင်ပါတယ်။

 

မတော်တဆများ ဦးနှောက်နဲ့ အာရုံကြောကို ရောက်သွားရင်တော့

•           ခေါင်းကိုက်တာ

•           ဇက်တောင့်တာ

•           သတိမကောင်းတာ

•           ဟန်ချက်မထိန်းနိုင်တာ

•           တက်တာတွေ ဖြစ်နိုင်ပါတယ်။

 

ကိုယ်ဝန်ဆောင်တွေနဲ့ မွေးကင်းစ ကလေးတွေမှာ ဆိုရင်တော့

 

ကိုယ်ဝန်ဆောင်တွေမှာဆိုရင်တော့ သာမန်ဖျားတာ၊ ကိုယ်လက်ကိုက်တာလောက်ပဲ ဖြစ်တာပါ။ ပြဿနာက ဗိုက်ထဲက ကလေးမှာပါ။ ကလေးပျက်ကျတာ၊ အသေမွေးတာ ဖြစ်နိုင်သလို မွေးပြီး သိပ်မကြာခင်မှာ ပြင်းထန်တဲ့ လက္ခဏာတွေပြတာလည်း ဖြစ်နိုင်ပါတယ်။

 

မွေးစကလေးတွေမှာ ဘာလက္ခဏာတွေ ပြမလဲ ဆိုတာက ပြောရခက်ပါတယ်။ အတွေ့များတာကတော့

 

•           နို့ကောင်းကောင်းမစို့တာ

•           ဂျီကျတာ

•           ဖျားတာ

•           အန်တာ

•           အသက်ရှူကြပ်တာ စတာတွေ ဖြစ်တတ်ပါတယ်။

 

သတိမထားမိရင် အသက်သေဆုံးတဲ့အထိ ဖြစ်သွားတတ်ပါတယ်။

 

Listeria ပိုးကို ဘယ်မှာတွေ့နိုင်လဲ။

 

Listeria ပိုးက မြေကြီး၊ ရေနဲ့ တိရစ္ဆာန်တွေရဲ့ မစင်ထဲမှာ ရှိပါတယ်။ လူတွေ ဘယ်လိုကူးတာလဲ ဆိုတော့

 

•           မြေကြီးကပ်နေတဲ့ အသီးအရွက်တွေ ဒါမှမဟုတ် မြေသြဇာ အနေနဲ့ တိရစ္ဆာန် မစင်တွေကို သုံးထားတဲ့ အသီးအရွက်တွေကို သေချာမဆေးဘဲ စားမိတဲ့အခါ

•           ပိုးရှိနေတဲ့ အသားကို စားမိတဲ့သူတွေ

•           ပိုးမသတ်ထားတဲ့ နို့ ဒါမှမဟုတ် အဲ့ဒီ နို့နဲ့ လုပ်ထားတဲ့ အစားအစာကို စားမိတဲ့သူတွေ

•           တချို့သော အသင့်စား အစားအစာတွေ (ဥပမာ ချိစ်၊ deliveryနဲ့ ပို့လာတဲ့ အေးစက်စက်အစားအစာကို မနွေးဘဲ စားမိတာ) ကနေ ကူးစက်နိုင်ပါတယ်။

 

အမေကနေ ဗိုက်ထဲက ကလေးကိုတော့ အချင်းကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။

 

ဘယ်သူတွေ အန္တရာယ် ရှိလဲ။

 

ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ခုခံအားနည်းတဲ့ သူတွေက ကူးစက်နိုင်ချေပိုများပြီး ကူးခဲ့ရင်လည်း ရောဂါပြင်းထန်တတ်ပါတယ်။

 

ကိုယ်ဝန်ဆောင်နဲ့ မွေးစ ကလေးများ

 

ကိုယ်ဝန်ဆောင်တွေက တခြားသူတွေထက် ပိုးကူးနိုင်ချေ ပိုများပါတယ်။ ကိုယ်ဝန်ဆောင်မှာ ဖြစ်ခဲ့ရင် သာမန် ဖျားတာ နာတာလောက်ပဲ ဖြစ်ပေမယ့် ကလေးတွေကတော့

 

•           ပျက်ကျတာ

•           အသေမွေးတာ

•           လမစေ့ဘဲ မွေးတာ

•           မွေးပြီးရင်လည်း ရောဂါပြင်းထန်တာကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်တာတွေ ဖြစ်နိုင်ပါတယ်။

 

ခုခံအားနည်းသူများ

 

•           အသက်၆၅နှစ် အထက်တွေ

•           AIDS ရှိသူတွေ

•           ကင်ဆာဆေး သွင်းနေသူတွေ

•           ဆီးချိုရောဂါ ရှိသူ၊ ကျောက်ကပ်မကောင်းသူ

•           စတီးရွိုက် သောက်နေတဲ့သူ

•           ကိုယ်တွင်း အင်္ဂါ အစားထိုးထားလို့ ခုခံအား ထိန်းညှိဆေး သောက်နေတဲ့သူတွေက ပိုပြီး သတိထားသင့်ပါတယ်။

 

နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။

 

များသောအားဖြင့်တော့ ရောဂါသိပ်မဆိုးတဲ့အတွက် ဘာမှမခံစားရဘဲ ပြန်ကောင်းသွားတတ်ကြပါတယ်။ တချို့တွေမှာတော့ ပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်တဲ့

•           သွေးထဲ ပိုးဝင်ပြီး သွေးဆိပ်သင့်တာ

•           ဦးနှောက်အမြှေးရောင်တာ၊ ဦးနှောက်သား ရောင်တာတွေ ဖြစ်နိုင်ပါတယ်။

 

ဘယ်လို ကာကွယ်ကြမလဲ။

 

ကာကွယ်ဖို့ဆိုရင်

 

•           မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ လက်ကို သန့်ရှင်းအောင် ထားပါ။

အစားအစာ မပြင်ခင်နဲ့ ပြင်ပြီးမှာ လက်ကို ရေနဲ့ ဆပ်ပြာနဲ့ သေချာဆေးပါ။ ချက်ပြုတ်ပြီးတဲ့ အခါမှာလည်း မီးဖိုချောင်သုံးပစ္စည်းတွေ၊ စဉ်တီတုံးတွေ၊ ဓားတွေကို သေချာ ဆေးကြောပါ။

•           အသီးအရွက်တွေကို သေချာ ဆေးကြောပါ။

အသီးအရွက်တွေကို ရေနဲ့ နိုင်မသေပါဘူး။နိုင် ဆေးကြောပါ။ အထူးသဖြင့် အစိမ်းစားမယ့်၊ တို့စရာအနေနဲ့ စားမယ့် အသီးအရွက်တွေကို ပိုပြီး သတိထားပေးပါ။

•           အစားအစာတွေကို သေချာကျက်အောင် ချက်ပါ။

 

အစားအစာတွေကို ချက်ပြုတ်တဲ့ နေရာမှာ အပူချိန်များများနဲ့ သေချာကျက်အောင် ချက်ပါ။ Deliveryနဲ့ မှာစားတာတွေကိုလည်း အေးနေရင် သေချာပြန်နွေးပါ။ နို့စိမ်းတွေ မသောက်ပါနဲ့။

ဘယ်လိုကုသမလဲ။

 

Listeria ကို ရောဂါပိုးရှိတဲ့သူဆီက သွေးကို ယူပြီး ဓာတ်ခွဲခန်းမှာ ပိုးကောင်မွေးမှသာ ရောဂါရှိမရှိ သေချာသိနိုင်တာပါ။

 

ဘက်တီးရီးယားဖြစ်တဲ့ အတွက် ပဋိဇီဝဆေးနဲ့ ကုလို့ရပါတယ်။

 

မြန်မာနိုင်ငံ အနေနဲ့ လတ်တလောမှာ အပ်မှိုကနေ ပိုးတွေ့တယ်လို့ မကြေညာသေးပါဘူး။ ဒါပေမယ့် သတိထားသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ခုခံအားမကောင်းတဲ့သူတွေက ဒီတလောမှာ ရှောင်ထားတာ အကောင်းဆုံးပါ။

 

ရေးသားသူ Dr. Htet Htet Zaw Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win