နေပြည်တော် ၂၈ ဇူလိုင်
မည်သည့်အရာ မည်သည့်အကြောင်းကိစ္စတွင်မဆို တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီသဟဲပြုသည်ကို လောကသဘောအားဖြင့် မြင်တွေ့နိုင်ပါသည်။ သိပ္ပံပညာရှင် နယူတန်၏နိယာမတွင်လည်း “သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်” ဟု ဆိုထားပါသည်။ ယနေ့ မြန်မာနိုင်ငံအတွက် အရေးကြီးပြီး အဓိကကျသည့် အကြောင်းကိစ္စဖြစ်သော စီးပွားရေးနယ်ပယ်နှင့် ငြိမ်းချမ်းရေး နယ်ပယ်တို့သည်လည်း အပြန်အလှန်ဆက်စပ်မှုရှိပြီး တစ်ခုနှင့်တစ်ခု အမှီသဟဲပြုနေသည်ဟု ရှုမြင်ပါသည်။
စီးပွားရေးနှင့်ငြိမ်းချမ်းရေးသည် ဆက်စပ်မှုရှိသည်။ ငြိမ်းချမ်းရေး ရှိလျှင် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သလို ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်လျှင် ငြိမ်းချမ်းရေးသည် အဓွန့်ရှည်ခိုင်မာပြီး ထာဝရ ငြိမ်းချမ်းရေး ဖြစ်ထွန်းလာမည်ဖြစ်သည်။ ပိုမို၍ရှင်းလင်းစွာ ရှုမြင်မည်ဆိုပါက မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ ပေါများကြွယ်ဝသောနိုင်ငံဖြစ်သည်။ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်မည်ဆိုပါက ရေမြေသဘာဝ သင့်တင့်မျှတ ကောင်းမွန်သည့် နိုင်ငံဖြစ်သည်။ သို့သော် မငြိမ်းချမ်းသောနယ်မြေ၌ သဘာဝအရင်းအမြစ်များကို စနစ်တကျ စီမံလုပ်ကိုင်ပြီး တိုင်းရင်းသားပြည်သူများ မျှဝေခံစားနိုင်သည့် အခြေအနေမရှိသည်ကို တွေ့ရမည် ဖြစ်သည်။
သဘာဝသယံဇာတပေါများသော တိုင်းရင်းသားနယ်မြေဒေသများမှာ လွတ်လပ်ရေးရပြီးစဉ် အချိန်ကတည်းက ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် တန်းတူညီမျှခံစားရေး၊ ဖြူစင်သည့်ဝါဒ ထွန်းကားရေးတို့ကို မဆောင်ရွက်နိုင်။ ယုံကြည်မှု၊ အယူအဆ၊ ဝါဒကွဲပြားမှုများကြောင့် ယနေ့ထက်တိုင် မငြိမ်းချမ်းဘဲ ပဋိပက္ခများဖြစ်ပွားလျက်ရှိသည်။ အကျိုးဆက်မှာ တိုင်းရင်းသားဒေသအချို့မှ ပြည်သူများ ဒုက္ခဆင်းရဲများကို ခံစားနေရသည့်အပြင် ၎င်းတို့၏ဒေသများတွင် ဖွံ့ဖြိုးမှုနောက်ကျလျက် ရှိသည်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး နိမ့်ကျလျက်ရှိသည်။ လူမှုဘဝလောကတွင် “အူမ တောင့်မှ သီလစောင့်မည” ဟုဆိုကြသည်။ အူမတောင့်ခြင်းမှာ လူမှုဘဝ နယ်ပယ်တွင် ဖွံ့ဖြိုးတိုးတက်ပြီး စားဝတ်နေရေးအဆင်ပြေနေသည့် ဘဝကိုဆိုလိုသည်။ ထိုအခါ “သီလ” စိတ်ထားဖြူစင်ပြီး ကောင်းသောအမှုများကို တည်ဆောက်နိုင်ကာ ငြိမ်းချမ်းသာယာသောဘဝကို ဖန်တီးနိုင်ခြင်းဖြစ်သည်။ ပဋိပက္ခများ ဖြစ်ပွားရာဒေသများတွင် ပြည်သူများဘဝမှာ မငြိမ်းချမ်း။
စားဝတ်နေရေးအတွက် အာမခံချက်မရှိ။ ထိုအရပ်ဒေသများမှာ အေးချမ်းသာယာ လှပသော်လည်း လောဘ၊ ဒေါသ၊ ပူပင်သောကများကြောင့် လူအများ သီလမစောင့်နိုင်သည့်အခြေအနေကို ညွှန်းဆိုခြင်းဖြစ်သည်။ ရန်ကုန်မြို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ဇူလိုင်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည့် Public Private Partnership (PPP) အစီအစဉ်မှတစ်ဆင့် ငြိမ်းချမ်းရေးကိုမြှင့်တင်သော စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးအတွက် စီးပွားရေးကို တည်ဆောက်ရေး၊ စီးပွားရေးအတွက် ငြိမ်းချမ်းရေးကို တည်ဆောက်ရေး သို့ ဦးတည်ပေသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရမည်။ နိုင်ငံတစ်နိုင်ငံ ငြိမ်းချမ်းမှ ထိုနိုင်ငံ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး၊ ဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးတို့သည် အပြန်အလှန်အမှီသဟဲပြုနေသည်။ မငြိမ်းချမ်း၍ မဖွံ့ဖြိုး၊ မဖွံ့ဖြိုး၍ မငြိမ်းချမ်းဖြစ်နေကြရသည်။ ထို့ကြောင့် ငြိမ်းချမ်းအောင် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ကြရမည်။ ဖွံ့ဖြိုးတိုးတက်အောင် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းကြရမည်။ သို့ဖြစ်ရာ ထိုအရေးကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရေးရှုထောင့်တွင် ငြိမ်းချမ်းရေး ရရှိအောင် (၂၁)ရာစုပင်လုံ အစည်းအဝေးများတွင် ဆွေးနွေးကြသည်။ စီးပွားရေးရှုထောင့်တွင် NCA တွင် လက်မှတ်ရေး
ထိုးပြီး အပစ်အခတ် ရပ်စဲသည့်နယ်မြေများတွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ကြမည်။ ဤသို့ အပြန်အလှန် အကျိုးပြု၊ အပြန်အလှန် အမှီသဟဲပြုခြင်းဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောဖို့ တိုင်းရင်းသားညီနောင်များ အားလုံး ဝိုင်းဝန်းကြိုးပမ်း ဖော်ဆောင်ကြရမည်ဖြစ်ပေသည်။
ကြေးမုံ