မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျား

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ရာစုနှစ်တစ်ခုနီးပါးအတွင်း မကြုံစဖူးဖြစ်ပွား ခဲ့သောငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့သည်။ ထိုအချိန်တွင် ကျွန်မသည် ပေကျင်းရောက်နေသည့်အတွက် ငလျင်သတင်းကိုကြားသိရချိန် လွန်စွာစိုးရိမ်ပူပန်နေပြီး ဒုတိယနေ့တွင်ပင် တရုတ်ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ မြန်မာနိုင်ငံသို့ပြန်လာခဲ့ပြီး ငလျင် ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သည်။ ထို့နောက် ကျွန်မသည် ကယ်ဆယ်ရေး၊ ထောက်ပံ့ပစ္စည်းများ၊ ဆေးဝါးကုသရေး၊ ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို သိရှိရန်အတွက် ငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက်ကြည့်ရှုခဲ့ပါသည်။ လမ်းမကြီးသည် ကွဲအက်ပြီး အက်ကြောင်းကြီးများအဖြစ် လည်းကောင်း၊ အိမ်များ ပြိုကျပျက်စီးပြီး အုတ်ကျိုးများအဖြစ် လည်းကောင်း၊ မျက်စိတစ်မှိတ်အတွင်း အိမ်များ၊ ကျောင်းဝင်းများနှင့် ပန်းခြံများ ယိုယွင်းပျက်စီးသွားသည်။ ပြင်းထန်သော ကပ်ဘေးသည် ကျွန်မနှင့် တရုတ်သံရုံးရှိ ကျွန်မ၏လုပ်ဖော်ကိုင်ဖက်များ၊ တရုတ်ပြည်သူပြည်သား ၁ ဒသမ ၄ ဘီလီယံတို့၏ စိတ်နှလုံးကို ထိခိုက်သွားစေသည်။ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကျွန်မတို့ စိတ်ရင်းမှန်ဖြင့် ဆုတောင်းပြီး တစ်ချိန်တည်းမှာပင် အရင်းအမြစ်များနှင့် နည်းလမ်းအားလုံးကိုအသုံးချကာ ငလျင်ဒဏ်သင့်ဒေသများကို ကူညီမှုနှင့် ထောက်ပံ့မှုများ ပေးအပ်ခဲ့ပါသည်။

သဘာဝဘေးအန္တရာယ်သည် အကြင်နာတရား ကင်းမဲ့သော်လည်း ပြည်သူများက မေတ္တာတရား ရှိခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံသာအတူ နာအတူနှင့် အပြန်အလှန်ဖေးမကူညီခြင်း၌ ထင်ဟပ်ပေါ်လွင်စေသည်။

မြန်မာနိုင်ငံ၏ ခင်မင်ရင်းနှီးသော အိမ်နီးချင်းနှင့် ဆွေမျိုးပေါက်ဖော်အနေဖြင့် တရုတ်နိုင်ငံသည် ငလျင်လှုပ်ခတ်ပြီးနောက် ချက်ချင်းဆိုသလို ဖေးမကူညီသောလက်ကို ကမ်းလှမ်းခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် ဝန်ကြီးချုပ် H.E. Mr. Li Qiang တို့က မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်း စိတ်မကောင်းဖြစ်မိပါကြောင်းနှင့် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ ၎င်းတို့၏ မိသားစုဝင်များအတွက် စာနာထောက်ထားပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် လိုအပ်သည့် အကူအညီများပေးရန် ဆန္ဒရှိကြောင်းနှင့် ထိခိုက် ခံစားရသည့် မြန်မာပြည်သူများ ဘေးဒဏ်အန္တရာယ် ကျော်လွှားနိုင်ရေးနှင့် မိမိတို့အနေဖြင့် မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်လည်တည်ဆောက်ရေးအကူအညီများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေး၊ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု ယွမ် ၁ ဒသမ ၁ ဘီလီယံ ထောက်ပံ့ပေးသွားမည်ဟု ကြေညာလိုက်ပါသည်။ တရုတ်နိုင်ငံအစိုးရ ကယ်ဆယ်ရေးအဖွဲ့ လေးဖွဲ့နှင့် အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့ ၃၀ နီးပါးမှ အဖွဲ့ဝင်ပေါင်း ၆၀၀ ကျော်သည် ဒဏ်သင့်ဒေသများသို့ ညတွင်းချင်း သွားရောက်ကြပြီး အသက်ရှင်ကျန်ရစ်သူများကို မရပ်မနား ရှာဖွေကယ်တင်နိုင်ခဲ့ကြသည်။ တစ်ချိန်တည်း၌ပင် အရေးပေါ်လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်း ကိုးကြိမ်ပို့ဆောင်ပေးခဲ့ကာ ရွက်ဖျင်တဲ ၃၉၄၀၊ စောင်အထည် ၁၀၀၀၀၊ ခြင်ထောင် ၄၀၀၀၀၊ တာပေါ်လင်အချပ် ၁၈၀၀၀၊ အရေးပေါ်ဆေးအိတ် ထုပ် ၅၅၀၀၀၊ ရေသန့်စင်စက် ၁၀၄၈ စုံ၊ အသင့်စား အစားအစာ ဖာ ၇၀၀၀၊ မီးဖိုချောင်သုံးပစ္စည်း အစုံ ၂၀၀၀၊ နေရောင်ခြည်စွမ်းအင်သုံး မီးလုံး ၁၀၀၀၀၊ နေ့စဉ်သုံးသန့်စင်ပစ္စည်းအစုံ ၄၀၀၀၀ အပြင် ကာလဝမ်းရောဂါကာကွယ်ဆေးတောင့် ၆၄၈၀၀၀ နှင့် မေးခိုင်ကာကွယ်ထိုးဆေး ၆၈၀၀၀၊ ဆေးဝါးဘူး ပေါင်း ၃ ဒသမ ၁၁၇ သန်းနှင့် ဆေးဘက်သုံးပစ္စည်းနှင့် စက်ကိရိယာ ၁၆၃၀၀၀ စသည်တို့ပါဝင်ပါသည်။ 

တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ငလျင်ဘေးသင့် ဒေသများတွင် ဆေးဝါးကုသမှုနှင့် ကပ်ရောဂါကာကွယ် ထိန်းချုပ်မှုများကို ဆောင်ရွက်ပေးခဲ့ပါသည်။ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်ရေးကျွမ်းကျင်ပညာရှင်အဖွဲ့များက ဘေးသင့်ဒေသများသို့ သွားရောက်၍ ၎င်းတို့ သက်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေကြသည်။ 

တရုတ်ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အလွှာပေါင်းစုံမှ ပြည်သူများက ငွေကြေးနှင့်ပစ္စည်းများကို စိတ်အားထက်သန်စွာ လှူဒါန်းကြပြီး စေတနာအလျောက် ဝန်ဆောင်မှုများ ပေးနေကြသည်။ တရုတ်မီဒီယာများက ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်ပြီး မြေပြင်အခြေအနေသတင်းများ တင်ဆက်ကာ ငလျင်ဘေးကယ်ဆယ်ရေးတွင် ဘက်အသီးသီး အားလုံးပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့ကြသည်။ တရုတ်နိုင်ငံသည် ပထမဆုံးအကူအညီပေးရန် ကြေညာသော၊ ပထမဆုံးကယ်ဆယ်ရေးအဖွဲ့ စေလွှတ်သော၊ ပထမဆုံးယာယီအခြေချစခန်း တည်ဆောက်သော နိုင်ငံဖြစ်သည့်အပြင် ကယ်ဆယ်ရေးအဖွဲ့နှင့် လူအင်အားအများဆုံးစေလွှတ်သော၊ အသက်ရှင်ကျန်ရစ်သူအများဆုံးကို ကယ်တင်နိုင်သော၊ ထောက်ပံ့ကူညီမှု အများဆုံးပေးအပ်ခဲ့သော နိုင်ငံလည်း ဖြစ်ပါသည်။ 

သဘာဝဘေးအန္တရာယ်သည် အကြင်နာတရား ကင်းမဲ့သော်လည်း ပြည်သူများက မေတ္တာတရား ရှိခြင်းသည် မြန်မာပြည်သူများ၏ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စိတ်ဓာတ်ကြံ့ခိုင်ခြင်းကို ထင်ဟပ်ပေါ်လွင်စေသည်။

ငလျင်လှုပ်ခတ်ခဲ့ပြီး တစ်လကျော်သွားချိန်တွင် ထိခိုက်ဒဏ်ရာရသူများအတွက်ကတော့ နာကျင်မှု ကို ဆက်လက်ခံစားနေကြရသော်လည်း မြန်မာ လူမျိုးများ၏ ရဲစွမ်းသတ္တိ၊ အကောင်းမြင်စိတ်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှုများက အနာဂတ်အတွက် မျှော်လင့်ချက်များ ထွန်းညှိပေးပြီး လူသားများ၏ ထက်မြက်မှုကလည်း ကျွန်မတို့အားလုံး၏ နှလုံးသားကို ကျေနပ်ပီတိဖြစ်စေခဲ့ပါသည်။ ငလျင် ဒဏ်သင့်ဒေသများရှိ ပြည်သူများသည် ဝမ်းနည်း ပူဆွေးမှုများနှင့် ပြည့်နှက်နေသော်လည်း အပြန် အလှန် ကူညီကယ်ဆယ်ရေးကို တက်ကြွစွာကြိုးစား နေကြဆဲဖြစ်သည်။ 

ဆရာ၊ ဆရာမများသည် မိမိလုံခြုံ‌ရေးကို အရေးမထားဘဲ အန္တရာယ်ရှိသောနေရာသို့ ပြန်သွားပြီး ကျောင်းသားများကို စည်းရုံးကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ပရဟိတအဖွဲ့အစည်းများနှင့် အလွှာပေါင်းစုံမှ ပြည်သူများက အမြန်ဆုံးလှုပ်ရှား ကြကာ အလှူရှင်များက အလှူငွေထည့်ခြင်းဖြင့်၊ ခွန်အားရှိသူများက လူအင်အားဖြင့် ဝိုင်းဝန်းကူညီခဲ့ကြပါသည်။ ဒေသခံပြည်သူများက အအေး၊ ဖရဲသီးနှင့် အစားအစာများကို နိုင်ငံတကာကယ်ဆယ်ရေး အဖွဲ့ဝင်များထံ ယူဆောင်လာပြီး အပူဒဏ်သက်သာ စေရန်နှင့် ခြင်ကိုက်ဒဏ်ကာကွယ်ရန်အတွက် သနပ်ခါးများကို လိမ်းပေးခဲ့သည်။ အဆိုပါမြင်ကွင်းများ သည် မြန်မာလူမျိုးများ၏ ရဲရင့်မှု၊ စိတ်သဘောထား ကောင်းမှုနှင့် စည်းလုံးမှုကို ပြသနေပါသည်။ စိတ်ဓာတ်ကြံ့ခိုင်မှုရှိသော မြန်မာလူမျိုးများသည် အတိုဆုံးအချိန်အတွင်း မိမိတို့၏နေရပ်ဌာနများကို ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်ပြီး ရွှေမြန်မာ ပြည်သည် ပို၍ပင်ကြီးကျယ်ခမ်းနား၊ ထွန်းလင်းတောက်ပသွားမည်မှာ ဧကန်မုချဖြစ်ကြောင်းကို ကျွန်မအကြွင်းမဲ့ယုံကြည်ပါသည်။

သဘာဝဘေးအန္တရာယ်သည် အကြင်နာတရား ကင်းမဲ့သော်လည်း ပြည်သူများက မေတ္တာတရား ရှိခြင်းသည် တရုတ်- မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး လက်တွေ့ဖော်ဆောင်မှုတွင် ထင်ဟပ်ပေါ်လွင်စေသည်။

တရုတ်-မြန်မာ ချစ်ကြည်ရေးသည် နှစ်ပေါင်း ၂၀၀၀ ကျော် တည်တံ့ခိုင်မြဲခဲ့သည်။ သမိုင်းတွင် မကြာခဏ ဖလှယ်မှုများမှသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို အတူတကွ အဆိုပြုခဲ့ခြင်းနှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ခြင်းအထိ ခင်မင် ရင်းနှီးမှုကို ထာဝစဉ် လက်ဆင့်ကမ်းသွားရုံသာမက ချစ်ခင်ရင်းနှီးမှု၊ ရိုးသားမှု၊ အပြန်အလှန်အကျိုးရှိမှု၊ အားလုံးပါဝင်မှုဟူသော သဘောတရားကိုလည်း ဖော်ဆောင်နေပါသည်။

သွေးချင်းသားချင်းလိုချစ်ခင်ရင်းနှီးခြင်း။ တရုတ်-မြန်မာနှစ်နိုင်ငံသည် ပထဝီဝင်အနေအထားအရ နီးကပ်ခြင်း၊ ယဉ်ကျေးမှုအရ တူညီကြခြင်း၊ ဘုရား၊ တရားကံကြမ္မာအရ သွယ်ဆက်နေကြသည်။ ဧရာဝတီမြစ်သည် တရုတ်နိုင်ငံမှ မြစ်ဖျားခံပြီး နှစ်နိုင်ငံပြည်သူများသည် တစ်မြစ်တွင်းရေ အတူ သောက်သုံးကြကာ ရှေးယခင်ကတည်းက ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံခဲ့ကြပါသည်။ မြန်မာ ပြည်သူများသည် မြန်မာဘာသာစကားတွင် သွေးချင်းညီအစ်ကိုဟုအဓိပ္ပာယ်ရသော“ပေါက်ဖော်” ဟူသောစကားလုံးဖြင့် တရုတ်ပြည်သူများကို ရည်ညွှန်းပြီး ခေါ်တွင်ကြသည်။ လက်ရှိခေတ်ကာလ တွင် နှစ်နိုင်ငံသည် ကိုလိုနီစနစ်(Colonialism) နှင့် နယ်ချဲ့ဝါဒ(Imperialism) ကို တော်လှန်ရန် လက်တွဲခဲ့ကြသည်။

မြန်မာနိုင်ငံသည် ကွဲပြားခြားနားသော လူမှု ရေးစနစ်ရှိသည့် နိုင်ငံများအနက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို အသိအမှတ်ပြုခဲ့သည့် ပထမဆုံး နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံဝန်ကြီးချုပ် ချူအင်းလိုင်း နှင့် မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးနုတို့ ကိုယ်စားပြုသည့် နှစ်နိုင်ငံ မျိုးဆက်ဟောင်းခေါင်းဆောင်များ မကြာခဏလာ‌ရောက်ကြသည့် တရားဝင်ခရီးစဉ် များသည် နှစ်နိုင်ငံကြား အပြန်အလှန်ဖလှယ်မှု သမိုင်းတွင် ချီးမွမ်းခံရသော အမှတ်ရမှုများဖြစ်လာ ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ အိမ်နီးချင်းနိုင်ငံများအကြား အပြန်အလှန်ဖလှယ်မှုတွင်လည်း ကောင်းချီးရွှေခွန်း ခေါ်ခံခဲ့ရပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် တရုတ် သမ္မတ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်အဖြစ် လာ‌ရောက်ခဲ့ခြင်းမှ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း ပူးပေါင်း တည်ဆောက်မည့် ခေတ်သစ်ကို အစပြုပေးခဲ့သည်။

နှလုံးသားဖြင့် ရိုးသားစွာဆက်ဆံခြင်း။ သံတမန် ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်အတွင်း တရုတ်- မြန်မာ နှစ်နိုင်ငံသည် အပြန်အလှန်ယုံကြည်မှု၊ လေးစားမှုနှင့် ပံ့ပိုးမှုများကို အစဉ်အမြဲထိန်းသိမ်း ခဲ့ကြသည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို အတူတကွအဆိုပြုကာ ကျင့်သုံးခဲ့ကြပြီး နိုင်ငံကြီး၊ ငယ်မရွေး တန်းတူညီမျှမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုစံနမူနာကို ထူထောင်ခဲ့ကြသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစား ပြီး မြန်မာနိုင်ငံ၏ ကိုယ်ပိုင်အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်းကို ထောက်ခံသည်။ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဘက်အသီးသီးများ၏ ဆန္ဒနှင့် တောင်းဆိုချက်များကိုအခြေခံ၍ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ရာတွင် မြန်မာနိုင်ငံအား တက်ကြွစွာကူညီ ပေးခဲ့သည်။ မည်သည့်အခြေအနေပြောင်းလဲမှုမျိုးတွင်မဆို တရုတ်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စီးပွားရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူ့ကောင်းကျိုးသယ်ပိုးရေး စသည့်မူဝါဒသည် ထာဝစဉ် မပြောင်းလဲပါ။

အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း။ တရုတ်-မြန်မာ “Belt and Road” နှင့် စီးပွားရေးစင်္ကြံ အတူ တည်ဆောက်ခြင်းတွင် တိုင်ပင်ညှိနှိုင်းမှု၊ ပူးပေါင်း တည်ဆောက်မှုနှင့် အတူတကွမျှဝေမှုကို အမြဲ အလေးထား ဆောင်ရွက်လျက်ရှိပြီး တန်းတူညီမျှမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုနှင့် အောင်မြင်မှုကို ဖော်ဆောင်ရန်ရည်ရွယ်ပါသည်။ တရုတ်နိုင်ငံ၏ ကျယ်ပြန့်သော ဈေးကွက်သည် မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရန် အခွင့်အလမ်းများကို ဆက်လက် တိုးချဲ့ပေးလျက်ရှိပါသည်။ တရုတ်လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများတွင် တက်ကြွစွာ ရင်းနှီးမြှုပ်နှံလျက်ရှိပြီး မီးရထား၊ ဆိပ်ကမ်း၊ စက်မှုဇုန်များတည်ဆောက်ရေးတွင် ပါဝင်လျက်ရှိသည်။ လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေသည် “သေးငယ်သော် လည်းကောင်းမွန်သည့်” စီမံကိန်း ၁၁၀ ကျော်ကို ပံ့ပိုးပေးခဲ့သည်။ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင်ဖန်တီးမှု၊ ပြည်သူ့လူနေမှုဘဝမြှင့်တင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အထောက်အကူများဖြစ်စေခဲ့သည်။ 

အားလုံးပါဝင်ခြင်းနှင့် အပြန်အလှန်လေ့လာသင်ယူခြင်း။ တရုတ်-မြန်မာ နှစ်နိုင်ငံသည် သမိုင်းကြောင်း ရှည်ကြာပြီး မွန်မြတ်တောက်ပသော ယဉ်ကျေးမှု သမိုင်းကို ပိုင်ဆိုင်ထားကြကာ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် အပြန်အလှန် လေ့လာသင်ယူခြင်းမှာလည်း နှစ်ပေါင်းများစွာရှည်ကြာခဲ့ပြီဖြစ်သည်။ သမိုင်းကို ပြန်ကြည့်လျှင် ထန်မင်းဆက်ခေတ် (Tang Dynasty) က ပျူမြို့ပြနိုင်ငံများ၏ သဘင်ဖျော်ဖြေမှုများသည် ချန်အန်းမြို့တော် (Changan) တွင် လူကြိုက်များခဲ့ပြီး တရုတ်ကဗျာဆရာ ပိုင်ကျွီးရိ (Bai Juyi) က နှစ်ပေါင်းထောင်ချီကြာရှည်သည်အထိ ကျော်ကြားခဲ့သည့် ကဗျာရေးသားခဲ့သည်။ ယူနန်-မြန်မာ ရှေးဟောင်းလမ်းမကြီးပေါ်၌ မြင်းလှည်းများဖြင့် ပြည့်ကျပ်နေပြီး လက်ဖက်ရည်မွှေးရနံ့များ ပျံ့နှံ့ခဲ့ သည်။ နှစ်နိုင်ငံအကြား စာပေ၊ အနုပညာ၊ ဗုဒ္ဓ ဘာသာအပါအဝင် နယ်ပယ်ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ်ရှိခဲ့သည်။ ယမန်နှစ်က မြန်မာနိုင်ငံမှ တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံ၏ အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ဝူရှူး၊ ပလွေ၊ စောင်း နှင့် မြန်မာမင်းဆက် ခြောက်ဆက်၏ ဂီတအကများ ပွဲတော်စင်မြင့်ထက်တွင် ပူးတွဲဖျော်ဖြေခဲ့ကြသည်။

သဘာဝဘေးအန္တရာယ်သည် အကြင်နာတရား ကင်းမဲ့သော်လည်း ပြည်သူများက မေတ္တာတရား ရှိခြင်းကို အာရှ၏ငြိမ်းချမ်းသော၊ သာယာဝပြောသော၊ ဖွံ့ဖြိုးတိုးတက်သော၊ လှပသော၊ ခင်မင်ရင်းနှီး သော “နေရပ်ဌာနေ ၅ ရပ်” တည်ဆောက်ခြင်းဘုံ ရှုမြင်ချက်တွင် ထင်ဟပ်ပေါ်လွင်စေသည်။ 

မြန်မာ နိုင်ငံ၏ ငလျင်ဘေးဒဏ်သင့်ပြည်သူများ အား အာရှနိုင်ငံများက ပံ့ပိုးကူညီမှုများပေးအပ်ခဲ့ ခြင်းသည် ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှု၊ တံခါးဖွင့်လှစ်မှုနှင့် အားလုံးပါဝင်မှုဟူသော အာရှ တန်ဖိုးများကို အထင်အရှားပြသခဲ့ပါသည်။
 
ယနေ့ကမ္ဘာသည် ရာစုနှစ်တစ်ခု၏ အပြောင်းအလဲများ အရှိန်အဟုန်မြင့်တက်လျက် ရှိကာ အာရှသည် ပြန်လည်ရှင်သန်နိုးထခြင်းဟူသော စမှတ်အသစ်ပေါ်၌ရပ်တည်နေပြီး ကြုံတွေ့နေရ သော ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများနှင့် စွန့်စားစိန်ခေါ်မှုများမှာ ယခင်ကတစ်ခါမျှမကြုံတွေ့ခဲ့ဖူးပါ။ ဧပြီလဆန်းပိုင်းတွင် ကျွန်မသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့်ပတ်သက်သည့် လုပ်ငန်း ဆိုင်ရာ ဗဟိုညီလာခံ “The Central Conference on Work Related to Neighboring Countries ” သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် အိမ်နီးချင်းနိုင်ငံများနှင့် မဟာဗျူဟာမြောက် ယုံကြည်မှုကို ခိုင်မာစေရန်၊ ဒေသတွင်းနိုင်ငံများ၏ကိုယ်ပိုင်ဖွံ့ဖြိုးရေးလမ်းကြောင်းကို မှန်ကန်စွာ လျှောက်လှမ်းနိုင်ရန် ထောက်ခံအားပေးခြင်းနှင့် အငြင်းပွားမှုများကို ထိရောက်စွာ စီမံခန့်ခွဲရန်၊ ဖွံ့ဖြိုး တိုးတက်ရေးပေါင်းစည်းမှုကို နက်ရှိုင်းစေရန်၊ အဆင့်မြင့်ဆက်သွယ်ရေး လမ်းကြောင်းများ ဖော်ဆောင်ခြင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် ထောက်ပံ့ရေးကွန်ရက်များ ပူးပေါင်းဆောင်ရွက် ခြင်းတို့ကိုအားဖြည့်ရန်၊ ဒေသတွင်းတည်ငြိမ်မှုကို အတူတကွ ထိန်းသိမ်းရန်၊ လုံခြုံရေးနှင့်ဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခြင်းဖြင့် စိန်ခေါ်မှုအသီးသီးများကို ရင်ဆိုင်ရန်၊ လူမှုဆက်ဆံရေးပြန့်ပွားစေရန်နှင့် နိုင်ငံသားများ အပြန်အလှန်သွားလာမှုအား လွယ်ကူချောမွေ့စေရန်တို့ကို အလေးပေးဆွေးနွေးခဲ့ကြပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာကြီးမတည်ငြိမ်မှုနှင့် ပြောင်းလဲမှုများကြား တည်ငြိမ်သောအင်အား၊ ပူးပေါင်းဆောင်ရွက်သောအင်အားနှင့် တိုးတက်သောအင်အားအဖြစ် ဆက်လက်ရပ်တည်သွားမည် ဖြစ်ကာ အိမ်နီးချင်းနှင့် ညီညွတ်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးမူဝါဒကို အမြဲ ကိုင်စွဲကျင့်သုံးကာ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေ၍ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ(GDI)၊ ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေးအစီအမံ(GSI)၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံ (GCI) တို့ကို အတူတကွ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်ပုံစံခေတ်မီမှု၏ အကျိုးရလဒ်များဖြင့် အိမ်နီးချင်းနိုင်ငံများအား ပိုမိုအကျိုးပြုသွားမည် ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့တောင်ဘက်ခြမ်း၏ စည်းလုံးညီညွတ်မှုနှင့် မိမိကိုယ်ကိုအားကိုးအားထားမှုအား ပိုမိုအားဖြည့်ပြီး ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူတကွထိန်းသိမ်းကာ အာရှ ခေတ်မီမှုဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်ကို ပူးပေါင်းမြှင့်တင်သွားမည်ဖြစ်ပါသည်။

ငလျင်သည် ကမ္ဘာမြေကြီးကိုအက်ကွဲစေခဲ့သော်လည်း တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဖြတ်တောက်၍မရသလို ကံကြမ္မာတူ၊ ဖေးမကူသော စိတ်ဓာတ်နှင့် ယုံကြည်မှုကိုလည်း မလှုပ်ခတ်နိုင်ပါ။ 

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ Prefabricated House များ၊ ရွေ့လျားခွဲစိတ်ခန်းများအစရှိသော အထောက်အပံ့များ ဆက်လက်ထောက်ပံ့ပေးသွား မည်ဖြစ်ပြီး အဆောက်အအုံဆိုင်ရာ စစ်ဆေးရေး ကျွမ်းကျင်ပညာရှင်များနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးပညာရှင်များကို မြန်မာနိုင်ငံသို့ စေလွှတ်၍ ငလျင်ဘေးဒဏ်ကြောင့်ပျက်စီးခဲ့သော အဆောက်အအုံများ တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၌ ပါဝင်ကူညီပြီး မြန်မာ ပြည်သူများ ပုံမှန်လူနေမှုဘဝသို့ မြန်ဆန်စွာ ပြန်လည်ရောက်ရှိစေရန် ပံ့ပိုးကူညီသွားမည် ဖြစ်သည်။
 
ကျွန်မတို့သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်း အမှတ်ကို ဤနှစ်တွင် အတူတကွဂုဏ်ပြုကျင်းပ ခြင်းအပေါ်အခြေခံကာ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကြီးမားသော တိုးတက်မှုများရရှိစေရန် လုပ်ဆောင်သွားမည်။ ခေတ်သစ် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ခြင်းကို တည်ငြိမ်စွာဖြင့် ခရီးပေါက်ရောက်စေရန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်သည်။ ။