နေပြည်တော် မတ် ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ တာဝန်ရှိသူများ၊ အပင်မျိုးမွေးမြူသည့် သုတေသီပညာရှင်များနှင့် တွေ့ဆုံ၍ အပင်မျိုးကူးစပ်ခြင်း၊ အပင်မျိုးမွေးမြူခြင်း လုပ်ငန်းဆိုင်ရာများကို စာတွေ့လက်တွေ့ တိုးချဲ့လုပ်ကိုင်နိုင်ရေး ဆွေးနွေးသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက အပင်မျိုးကူးစပ်မွေးမြူသည့် သုတေသီများအနေဖြင့် မျိုးကူးစပ်မည့် သီးနှံများတွင် သီးနှံမျိုးစိတ်များ၏ မျိုးရိုးဗီဇဆိုင်ရာ စုဖွဲ့မှုကိုစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ သီးနှံမျိုးကူးစပ်မွေးမြူသည့် သုတေသနလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သီးနှံမျိုးဗီဇကွဲများနှင့် လူသားအရင်းအမြစ် လိုအပ်ချက်များ ဖြည့်ဆည်းရန်၊ တောင်သူများ လက်ရှိစိုက်ပျိုးနေသည့် စပါးမျိုးများကို စစ်တမ်းကောက်ယူပြီး ရောဂါဒဏ်၊ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိ၊မရှိ သုတေသနများ ဆောင်ရွက်ရန်နှင့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အပင်မျိုးကူးစပ်ခြင်း၊ မျိုးရိုးဗီဇများကို ပိုမိုကောင်းမွန်စေရန် သုတေသနပြု ဆောင်ရွက်ခြင်း၊ မျိုးစေ့အရည်အသွေး၊ သီးနှံသုတေသနများ၊ ဇီဝနည်းပညာများနှင့် မျိုးစေ့အရည်အသွေး စစ်ဆေးခြင်း လုပ်ငန်းစဉ်များကို စိုက်ပျိုးရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဌာနစုတာဝန်ခံများ၊ အပင်မျိုးမွေးမြူသည့် သုတေသန ပညာရှင်များ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
သတင်းစဉ်