သတင်းဆောင်းပါး - ဒေါက်တာ ပပဝင်း (သုတေသနအရာရှိ)
အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ် အကာအကွယ်ပေးရေးအဖွဲ့ ကမ္ဘာ့လူဦးရေ တိုးတက် များပြားလာသည်နှင့်အမျှ စိုက်ပျိုးနိုင်သည့် မြေဧရိယာနှင့် အခြားသောပတ်ဝန်းကျင် သဘာဝအရင်း အမြစ်များ ရှားပါးလာပါသည်။ ၎င်းအပြင် ယနေ့ကမ္ဘာပေါ် ရှိ လူသားများအားလုံးသည် ခန့်မှန်းမရ သည့် ရာသီဥတုပြောင်းလဲ မှုကိုလည်း ရင်ဆိုင်နေကြရသည်။ အဆိုပါ ပြဿနာများသည် ကမ္ဘာ့ လူသားများ၏ စားဝတ်နေရေးတို့ကို စိန်ခေါ်လျက်ရှိရာ ဖြေရှင်းနိုင်သည့် နည်းလမ်းများကို အမြဲရှာဖွေနေကြရပါသည်။ နည်းလမ်းများစွာရှိသည့်အနက် အထွက်နှုန်းကောင်း၊ အရည် အသွေးကောင်းပြီး ပြောင်းလဲရာသီနှင့် ရောဂါ၊ ပိုးမွှားဒဏ်ခံနိုင် ရည်ရှိသည့် အပင်မျိုးသစ်များ မွေးမြူ ထုတ်လုပ်ခြင်းနည်းလမ်းသည် အရေးပါသော နည်းလမ်းတစ်ခု ဖြစ်သည်။ အပင်မျိုးသစ် တစ်မျိုးရရှိရန် အပင်မျိုးမွေးမြူသူများသည် အချိန်၊ ငွေ၊ နည်း ပညာ၊ လူသားအရင်းအမြစ်များကို များစွာရင်းနှီးလုပ်ကိုင် ကြရပါသည်။
အပင်မျိုးမွေးမြူသူများ ရင်းနှီးမြှုပ်နှံလိုက်သည့် အရင်း အနှီးများအပေါ်မှ အကျိုးအမြတ် ပြန်လည်ရရှိရန် အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေအောက်ရှိ အပင်မျိုးသစ်အကာ အကွယ်ပေးရေးစနစ်မှ ထိန်းချုပ်ကာကွယ်ပေးထားပါသည်။ အဆိုပါစနစ်အား ကမ္ဘာ့နိုင်ငံများတွင် တူညီစွာလက်ခံကျင့်သုံး လာနိုင်ရေးကို အားပေးကူညီ ဆောင်ရွက်ရန်အလို့ငှာ အပြည် ပြည်ဆိုင်ရာ အပင်မျိုးသစ် အကာအကွယ်ပေးရေးအဖွဲ့(The International Union for the Protection of New Varieties of Plants- UPOV) ကို ၁၉၆၁ ခုနှစ်၌ ပြင်သစ် နိုင်ငံတွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ရုံးစိုက်ထားပါသည်။ အဆိုပါအဖွဲ့ ကြီး၏ အဓိက မျှော်မှန်းချက်မှာ လူမှုအသိုက်အဝန်းအား အကျိုးအမြတ်ရှိ စေသည့် အပင်မျိုးသစ်များ ရရှိစေရန်အလို့ငှာ အပင်မျိုး မွေးမြူ ခြင်းလုပ်ငန်းကိုအားပေးသည့် အပင်မျိုးသစ်အကာအကွယ် ပေးရေးစနစ် လက်ခံကျင့်သုံးလာ ရေးအပိုင်းများတွင် ကူညီ ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ နိုင်ငံတကာတွင် (harmo- nized) လိုက်လျောညီထွေသည့် အပင်မျိုးသစ်အကာ အကွယ်ပေးရေး စနစ်ကျင့်သုံးလာနိုင်ရန် လိုက်နာသင့်သည့် ဥပဒေပုဒ်မများကိုလည်း ၁၉၇၂၊ ၁၉၇၈နှင့် ၁၉၉၁ ခုနှစ်များ တွင် အဆင့်ဆင့်ပြင်ဆင်ပြုစုခဲ့ပါသည်။ ယခုအခါ UPOV အဖွဲ့ဝင်နိုင်ငံပေါင်း ၇၅ နိုင်ငံရှိခဲ့ပြီးဖြစ်ပါသည်။
ဒေသတွင်း အပင်မျိုးသစ်အကာအကွယ်ပေးရေးစနစ် ကျင့်သုံး နေသည့်အဖွဲ့အစည်းများ
ဒေသတွင်းအဖွဲ့များဖြစ်သည့် ဥရောပဒေသရှိနိုင်ငံနှင့် အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားသည့် Community Plant Variety Office- CPVO (၁၉၉၄)၊ အာဖရိက ဒေသရှိနိုင်ငံနှင့် အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားသည့် African Intellectual Property Organization (၁၉၉၉) နှင့် အရှေ့အာရှ ဒေသတွင်းနိုင်ငံများနှင့် ဖွဲ့စည်း ထားသည့် East Asia Plant Variety Protection For- um- EAPVP Forum (2007) အဖွဲ့များသည် UPOV မှ ချမှတ်ထားသည့် ဥပဒေမူဝါဒများနှင့်အညီ အချင်းချင်း အပြန်အလှန်ပူးပေါင်းကာ လူမှုအသိုက်အဝန်းအား အကျိုးပြုစေမည့် အပင်မျိုးမွေးမြူထုတ်လုပ် သည့်လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်လာ စေရေးကိုရည်ရွယ်၍ ချီတက်လျက်ရှိကြပါသည်။
အရှေ့အာရှ အပင်မျိုးသစ်အကာအကွယ်ပေးရေး (East Asia Plant Variety Protection Forum - EAPVP)အဖွဲ့ ကြီးကို ၂၀ဝ၇ခုနှစ်တွင် အာဆီယံ ၁၀ နိုင်ငံ အပေါင်း သုံးနိုင်ငံဖြင့် စတင်ဖွဲ့စည်းတည်ထောင်ပြီးကတည်းက မြန်မာ နိုင်ငံသည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါသည်။ အဆိုပါအဖွဲ့ ကြီး ၏ အဓိကမျှော်မှန်းချက်မှာ အဖွဲ့ဝင်နိုင်ငံများကြား UPOV စနစ်ကို အခြေခံသည့် အပင်မျိုးသစ်အကာအကွယ်ပေးရေး စနစ်တူညီစွာ ကျင့်သုံးရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့သည့် အပင်မျိုးသစ်မွေးမြူခြင်းလုပ် ငန်းများမှတစ်ဆင့် လူမှုအဖွဲ့အစည်းအတွက် စားနပ်ရိက္ခာဖူလုံမှုရှိ စေရန်ဖြစ်ပါသည်။
အပင်မျိုးသစ် အကာအကွယ်ပေးစနစ်ကျင့်သုံးခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ
သဘာဝသယံဇာတ၊ သစ်တောနှင့် ပင်လယ်ထွက်ပစ္စည်းများ ပေါများပြီး စိုက်ပျိုးရေးကို အဓိက စီးပွားရေးအဖြစ် လုပ်ကိုင်နေသောမြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် အပင်မျိုး သစ်အကာ အကွယ်ပေးရေးစနစ် ကျင့်သုံးလာပါက စီးပွားရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်သာယာရေးနှင့် နိုင်ငံရေး ကဏ္ဍတို့တွင် အကျိုးကျေးဇူးများစွာ ရရှိလာနိုင်မည်ဖြစ်ပါသည်။ အဆိုပါအကျိုးတရားနှင့် ပတ်သက်၍ ရှင်းလင်းဖော်ပြရလျှင် ဥပမာ အထွက်ကောင်း အပင်မျိုးသစ်များ ရရှိအသုံးပြုစိုက်ပျိုး ထုတ်လုပ်ရောင်းချလာနိုင်ပါက လက်ရှိစိုက်ပျိုးလျက်ရှိသည့် မျိုးများထက် အထွက်သာ လွန်ကောင်းမွန်သောကြောင့် ပိုမို ထွက်ရှိသဖြင့် စိုက်ပျိုးသူတောင်သူများ ဝင်ငွေကောင်းလာသကဲ့ သို့ ထုတ်လုပ်ရောင်းချသူများအတွက် ပေါပေါများများထုတ်လုပ် ရောင်းချရ၍ အကျိုးအမြတ် ပိုမိုရရှိနိုင်သလို စားသုံးသူများ အတွက်လည်း ဈေးနှုန်းချိုသာစွာဝယ်ယူ စားသုံးနိုင်သည့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။ ကျန်းမာရေးဆိုင်ရာ အကျိုးတရားရှုထောင့်ကကြည့်လျှင် ဥပမာ iron rich rice/ vitamin rich rice ကဲ့သို့သော စပါးမျိုး သစ်များ၊ အာဟာရပြည့်ဝသည့် ဟင်းသီးဟင်းရွက်မျိုးသစ်များ မွေးမြူထုတ်လုပ် စိုက်ပျိုးသုံးစွဲရပါက လူမှုအသိုက်အဝန်းအတွက် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။ ထို့အတူ ပိုးမွှားရောဂါနှင့် ပေါင်းဒဏ်ခံနိုင်ရည်ရှိသည့် (biotic stress resistance) အပင်မျိုးသစ်များ၊ ရာသီဥတုပြောင်းလဲ သည့်ဒဏ်ခံနိုင်သည့်အပင်မျိုးသစ်များ မွေးမြူထုတ်လုပ်စိုက်ပျိုး သုံးစွဲနိုင်ပါက ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ သုံးစွဲမှုလျှော့ ချနိုင်မည်ဖြစ်သောကြောင့် ပတ်ဝန်းကျင်လေထု ရေထုညစ်ညမ်းမှုကို လျှော့ချနိုင်၍ သဘာဝပတ်ဝန်းကျင်သာယာနိုင်သည့် အကျိုးတရားကို ရရှိမည်ဖြစ်ပါသည်။ ထို့အပြင် အပင်မျိုးသစ် အကာအကွယ်ပေးရေးစနစ်သည် အခြားသော ကုန်သွယ်မှု ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရခြင်း၊ နိုင်ငံတကာအဖွဲ့အစည်း၊ ဒေသတွင်း အပင်မျိုးသစ်အကာအကွယ် ပေးရေးအဖွဲ့များနှင့် ချိတ် ဆက်ဆောင်ရွက်ရခြင်းတို့ကြောင့် နိုင်ငံရေးကဏ္ဍတွင်လည်း များစွာအကျိုးတရားများ ရရှိပါသည်။
အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း အပင်မျိုး သစ်၊ မျိုးဆန်းများကိုသာ စိုက်ပျိုးထုတ်လုပ် ရောင်းချသုံးစွဲလာ နိုင်ပါက ရေမြေသဘာဝပတ်ဝန်းကျင်မျိုးစုံရှိသည့် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး ကိုအခြေခံသည့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် စိုက်ပျိုးရေးကဏ္ဍ အတွက်လိုအပ်လျက်ရှိသည့် အပင်မျိုးသစ် အကာအကွယ် ပေးရေးဥပဒေ ( New Plant Variety Protection Law) ကို၂၀၁၆ခုနှစ် ဇန်နဝါရီ ၂၀ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ စနစ်ကို စတင်ကျင့်သုံးနေပြီလည်းဖြစ်ပါသည်။ အပင်မျိုးသစ် အကာအကွယ်ပေးရေး စနစ်အောက်တွင် လုပ်ကိုင်ဆောင် ရွက်ရမည့် နည်းပညာပိုင်းနှင့် စီမံဆောင်ရွက်မှုအပိုင်းများကို အရှိန်အဟုန်မပျက် လုပ်ကိုင်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတွင် အပင်မျိုးသစ် အကာအကွယ်ပေးရေးဌာန စုကို ၁၀.၅.၂၀၁၆ နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယခုအခါ အပင်မျိုးမွေးမြူသူများသည် ယင်းတို့၏ စပါး၊ ပြောင်းဖူး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ကြံ၊ ဝါနှင့် ထောပတ်သီးနှံ အပင်မျိုးသစ်များကို အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့် လျှောက်ထား၍ အကာအကွယ် ပြုသွားရန် အပင်မျိုးသစ် အကာအကွယ်ပေးရေးဌာနစုသို့ ဆက်သွယ် လျှောက်ထားလျက်ရှိပါသည်။
၂၀၁၉ ခုနှစ် အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေ
မြန်မာနိုင်ငံအနေဖြင့် UPOV အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ဆောင်ရွက်လိုသည်ဖြစ်စေ၊ အခြားသော ပြည်ပအဖွဲ့အစည်း များမှ အပင်မျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရန် မျှော်မှန်းလိုသည်ဖြစ်စေ လက်ရှိအပင်မျိုးသစ် အကာအကွယ်ပေးရေးဥပဒေကို UPOV မှ ချမှတ်ထားသည့် ဥပဒေအပိုဒ်များနှင့်အညီ ပြဋ္ဌာန်းသွားရန်လိုအပ်ပါသည်။ ထို့ကြောင့်ယခုအခါ UPOV မှချမှတ်ထားသည့် ၁၉၉၁ ဥပဒေနှင့် ကိုက်ညီမှုရှိသည့် ၂၀၁၉ခုနှစ် အပင်မျိုးသစ် အကာအကွယ် ပေးရေးဥပဒေပြဋ္ဌာန်းသွားရန် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါဥပဒေကြမ်းကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ လွှတ်တော် သို့တင်သွင်းခြင်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော် မတီဝင်မှ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကော်မတီ၏အစီရင် ခံစာကို ဖတ်ကြားရှင်းလင်းခြင်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ အဆိုပါဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ် စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့ခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းလည်း သတင်း ကောင်းပါးအပ်ပါသည်။