တင်ဝင်းလေး(ကြည့်မြင်တိုင်)၊ ဓာတ်ပုံ-ကိုကြီးတင်

 

  • လယ်တောက အပြန်

    ပန်ချင်တယ်ခရေဖူးဆိုလို့

    မောင်ခူးကာပေး၊

  • မနက်တုန်းဆီ

     ကကြော့ဆုံးကို မောင်မြင်တော့

     သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့

     ဂုဏ်တင့်တယ်လေး။

သည်ကဗျာလေးကို ငယ်ငယ်ကတည်းက ကြိုက်ခဲ့သည်။ ကဗျာဆရာကြီး “မင်းသုဝဏ်”၏ ကဗျာတိုလေးဖြစ်သည်။ ကျေးလက်ဆန်သော ကဗျာလေးဖြစ်လင့်ကစား အလွန်အင်မတန်မှ အဓိပ္ပာယ်ကျယ်ဝန်းလှသည်ဟု ကဗျာသင်ပေးသော ဆရာများက ဆိုခဲ့ကြသည်။

ထိုကဗျာကိုပင် မြန်မာသံပိုင်နိုင်သော ကွယ်လွန်သူ ရုပ်ရှင်မင်းသား အကယ်ဒမီ သုမောင်က “နှောင်းတမြေ့မြေ့”ဇာတ်ကားထဲတွင် ဇာတ်ဝင်သီချင်းတစ်ပုဒ်အဖြစ် ဆိုထားသည်။ စာရေးဆရာကြီး “မြတ်ထန်”၏ ဝတ္ထုဖြစ်သည်။ ဝတ္ထုအမည်ကလည်း “နှောင်းတမြေ့မြေ့” ပင် ဖြစ်သည်။ ကောင်းပြီးရင်းကောင်းသကဲ့သို့၊ ကြိုက်ပြီးရင်း ကြိုက်ခဲ့ရသည်။

နှုတ်က အထပ်ထပ်ရွတ်ဖတ်မိ

အမှတ်မထင် ထိုကဗျာလေးက ယခုအလုံမြို့နယ် သခင်မြပန်းခြံအတွင်း၌ ဖတ်လိုက်ရခြင်း ဖြစ်သည်။ ဝမ်းသာစွာဖြင့် တစ်ခေါက်တည်းမက လေးငါးခေါက်အထိပင် နှုတ်က အထပ်ထပ်ရွတ် ဖတ်မိသည်။

ဗီနိုင်းဖြင့် အထောင်ဘုတ်ချိုးကာ တစ်ဖက်တွင် ဆရာကြီး၏ ရုပ်သွင်ကို မင်ခြစ်ဖြင့် ရေးဆွဲထားပြီး တစ်ဖက်တွင် ဆရာကြီး၏ ဘဝမှတ်တမ်း ကို ဖော်ပြထားသည်။ တစ်ဖက်တွင် ယင်းကဗျာ လေးကို ဖော်ပြထားခြင်းဖြစ်သည်။

နောက်တစ်ပုဒ်မှာ ကဗျာဆရာကြီး “တင်မိုး” ၏ “ဧည့်သည်ကြီး”ဟု အမည်ပေးထားသော ကဗျာတိုလေးပင်ဖြစ်သည်။

  • ဆေးလိပ်လည်းတို

     နေလည်းညိုပြီ

     ငါ့ကို ပြန်ပို့ကြပါလေ။ ။

သံဝေဂကဗျာလေးဖြစ်သည်။ “လိုရင်း တိုရှင်း”ဟု ပင်ဆိုရမည်လားမသိပေ၊ သုံးကြောင်းတည်းဖြင့် အဓိပ္ပာယ်ပြည့်ဝသော ကဗျာလေးဖြစ်သည်။ စာရူးပေရူးဘဝကတည်းက အလွန်ကြိုက်ခဲ့ရသော ကဗျာလေးဖြစ်သည်။ ယခု အများပြည်သူတို့ လာရောက်ရာအရပ်တွင် ထင်လင်းစွာ တွေ့မြင်ရခြင်းပင်ဖြစ်သည်။ ဝမ်းသာမိပါသည်။

ပန်းခြံအတွင်း ကုန်းမြင့်အရိပ်အာဝါသရှိသော နှစ်နေရာတွင် ဆရာ သိပ္ပံမောင်ဝ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာဒေါင်းနွယ်ဆွေ၊ ဆရာ တင်မိုး၊ ဆရာဒဂုန်တာရာ၊ ဆရာမြသန်းတင့်၊ ဆရာဗန်းမော်တင်အောင်၊ ဆရာမ လူထုဒေါ်အမာ၊ ဆရာမောင်ထင်တို့၏ မင်ခြစ်ပုံတူ၊ ကိုယ်ရေး အကျဉ်း၊ စာကဗျာ ကောက်နုတ်ချက်များကို တွေ့ရဖတ်ရသည်။ တန်ဖိုးကြီးလှပေစွ၊ မြန်မာ့စာပေလောက၏ မီးရှူးတန်ဆောင်ကြီးများ ဖြစ်ကြသည်။

ရန်ကုန်မြို့ရှိ ပန်းခြံများကို ဝင်ကြေးကောက်ခံမှုပယ်ဖျက်ပြီးနောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက အဆင့်မြင့် ပန်းခြံများအဖြစ် ပြန်လည်ပြုပြင်၍ အများပြည်သူတို့ လွတ်လပ်စွာအနားယူ အပန်းဖြေခွင့် ပြုခဲ့သည့်နောက်ပိုင်း ပန်းခြံတိုင်းလိုလို စည်ကားခဲ့သည်။

ဖျော်ဖြေပွဲများဖြင့် သက်ဝင်လှုပ်ရှား

မြို့လယ်ကောင်ရှိ မဟာဗန္ဓုလပန်းခြံဆိုလျှင် အပတ်စဉ် ဖျော်ဖြေပွဲများဖြင့် စီစဉ်ပေးခဲ့သည့်အပြင် အများပြည်သူတို့နှင့် သက်ဆိုင်သော ပွဲလမ်းသဘင်နှင့် အထိမ်းအမှတ်ပွဲများ ကျင်းပခွင့်ပြုခဲ့ရာ ပိုမိုသက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်စုံ လာခဲ့သည်။

ပန်းခြံတစ်ခုသည် ပြည်သူအများ လွတ်လပ်စွာ အနားယူနိုင်ခြင်း၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ခြင်း၊ ကလေးငယ်များ အတားအဆီးမဲ့ လွတ်လပ်စွာ ဆော့ကစားနိုင်ခြင်းတို့ဖြင့် ပြည့်စုံစေရာ၏။

ထိုသို့သော ပန်းခြံများထက် ယခု သခင်မြ ပန်းခြံ၌ စာပေပညာရှင်တို့၏ ရုပ်သွင်၊ စာပေပညာ ရှင်များ၏ဘဝ၊ စာပေပညာရှင်တို့၏ ကဗျာ၊ စာ၊ အဆိုအမိန့်ကောက်နုတ်ချက်များကို တစ်ခဏတာအတွင်း ဖတ်လိုက်ရခြင်းက ပန်းခြံလာပြည်သူများအတွက် အလင်းတန်းလေး တစ်ခုကို ဖြတ်သန်း စေခြင်းပင်ဖြစ်ပေသည်။

ယနေ့ လူကြီး၊ လူငယ် အတော်များများသည် စာအုပ်စာပေများနှင့် တဖြည်းဖြည်းချင်း အလှမ်းဝေးလာကြပြီဖြစ်သည်။ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုသော ဆောင်ပုဒ်လေးမျှကိုပင် မဖတ်ရှုကြတော့ပေ။

လက်တစ်ဝါးစာမျှရှိသော လက်ကိုင်ဖုန်းလေးများ၏ မျက်နှာပြင်ဆီသို့သာ မျက်လုံးနှင့် အာရုံတို့က နေ့စဉ်နှင့်အမျှ၊ အချိန်နှင့်အမျှ ရောက်ရှိနေ ကြပြီဖြစ်သည်။ ယခင်က ခရီးသွားခရီးလာ ယာဉ် များပေါ်၌ ဘာသာရေးစာအုပ်လေးများကိုသော် လည်းကောင်း၊ ဝတ္ထု၊ မဂ္ဂဇင်းတို့ ဖတ်ရှုမှုအလေ့အထသည် တစ်စတစ်စ ပျောက်ကွယ်လာပြီး လက်ကိုင်ဖုန်းလေးများဖြင့်သာ အချိန်ကုန်စေခဲ့ကြသည်။ သို့သော် ထိုလက်ကိုင်ဖုန်းလေးများဖြင့် ဓာတ်ပုံရိုက်ခြင်း၊ လူမှုကွန်ရက်စာမျက်နှာပေါ်သို့ တင်ကြခြင်းအပေါ် “ခရေစီ” ဖြစ်လာကြသည်။ အရှုံးထဲက အမြတ်ယူကြရမည်သာ ဖြစ်သည်။  

စာပေအသိအမြင်များ ကူးစက်နိုင်

အထက်က ဆိုသကဲ့သို့ ထင်သာမြင်သာ အလွယ်တကူ ဖတ်လိုက်ရသော စာလေးတစ်ပိုဒ်၊ ကဗျာလေးတစ်ပုဒ် အကြိုက်တွေ့ကြ၊ လက်ကိုင် ဖုန်းလေးဖြင့်ရိုက်ကြ၊ တင်လိုက်နိုင်ပါက တစ်ယောက်အစ တစ်ရာ ဆိုသကဲ့သို့ စာပေအသိ၊ စာပေအမြင်လေးများ ကူးစက်သွားနိုင်မည်ဖြစ်ရာ သခင်မြပန်းခြံကဲ့သို့ အခြားအခြားသော ပန်းခြံတို့တွင်လည်း တစ်ခေတ်တစ်ခါက စာပေပညာ ရှင်ကြီးများ၏ ရုပ်သွင်၊ ဘဝမှတ်တမ်း၊ ကဗျာ စာကောက်နုတ်ချက်တို့ကို ဖြည့်ဆည်းပေးနိုင်ပါက ပိုမိုပြည့်စုံသော ပြည်သူတို့အတွက် အပန်းလည်းပြေကြစေရာ ကျန်းမာမှုလည်းပြည့်စေရာ၊ အခြားဗဟုသုတ၊ အသိအမြင်တို့လည်း တိုးပွားစေရာ ဥယျာဉ်ကြီးများအဖြစ် မျှော်လင့်ရေးသားမိပါသည်။

မြန်မာ့အလင်း

mdn