ရန်ကုန် မေ 

 

၂၀၂၅ ခုနှစ်၊ မေ() ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ခန်းမ တွင် ကျင်းပသည်။

 

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုး ရအဖွဲ့ဝင်ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ချုပ်(CTUM)မှ အလုပ်သမားကိုယ်စား လှယ်များ၊စက်ရုံ၊အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမား များ  တက်ရောက်ကြသည်။ 

 

ဉီးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ အပြည်ပြည် ဆိုင်ရာအလုပ်သမားနေ့သို့ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ဖတ်ကြားပြီး အလုပ်သမားကိုယ်စားလှယ်တစ်ဦးနှင့် အလုပ်ရှင်ကိုယ်စားလှယ်တစ်ဦးတို့က အပြည်ပြည် ဆိုင်ရာအလုပ်သမားနေ့နှင့်စပ်လျဉ်း၍ ဂုဏ်ပြုဆွေးနွေးပြောကြားကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အပြည်ပြည် ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုကျင်းပသည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fiar) အခမ်းအနား ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အလုပ်သမားမှတ်ပုံတင် ကတ်ပြား (LabourCard)ပြုလုပ်ပေးနေသော အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အလုပ်လာရောက်လျှောက် ထားသူများ၊ ပြပွဲတွင် ပါဝင်ပြသသော စက်ရုံ၊ အလုပ်ရုံနှင့်ကုမ္ပဏီများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

အလုပ်သမားဝန်ကြီးဌာနသည် အရည်အချင်း ပြည့်ဝသောလုပ်သား အင်အားထု ဖွံ့ဖြိုးတိုးတက်လာစေရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးတို့အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များရရှိစေရန် စည်းကြပ်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှု လျော့နည်းကျဆင်းရေး၊ ပြည်တွင်း၊ ပြည်ပတို့၌ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိစေရေးနှင့် ဘေးကင်းသည့် ရွှေ့ပြောင်း သွားလာမှု ဖြစ်ပေါ်စေရေး၊ လုပ်သားထု၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ပေးရန် လုပ်ငန်းခွင်ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေး၊ လူမှုဖူလုံရေး အာမခံအလုပ်သမားများအတွက် လူမှုအကာအကွယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှုများကို သက်ဆိုင်ရာဥပဒေနှင့်အညီ ညှိနှိုင်းဖျန်ဖြေ ဆောင်ရွက်ပေးရေး၊ အလုပ်သမားရေးရာ သုတေသနလုပ်ငန်းများဆောင်ရွက်ရေးနှင့် အလုပ်သမားဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းပြုစုရေး၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာအလုပ်သမားရေးရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် အလုပ်လုပ်နိုင်သော အသက်အရွယ်အပိုင်းအခြားအတွင်း ရှိသူများကို ၎င်းတို့၏ အရည်အချင်း၊ ကျွမ်းကျင်မှုတို့နှင့်အညီ အလုပ်ရှင်၏ လိုအပ်ချက်နှင့် သင့်လျော်သည့် အလုပ်အကိုင်များရရှိစေရေး အတွက် အလေးထား‌ဆောင်ရွက်ပေးလျက်ရှိသည်။

 

အလုပ်သမားဝန်ကြီးဌာနသည် အလုပ်ရှာဖွေသူများနှင့် အလုပ်ရှင်များကို တစ်နေရာ တည်း၌ တွေ့ဆုံ၍ အချိန်ကုန်၊ ငွေကုန်သက်သာစွာနှင့် One Stop Service ဖြင့် အလုပ်အကိုင်များ ရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲများကို ကျင်းပလျက်ရှိရာ ယနေ့ကျင်းပသည့် အလုပ်အကိုင် အခွင့်အလမ်း ပြပွဲတွင် စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီများ၊ ပြည်တွင်းအလုပ် အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ စုစုပေါင်း (၅၂) ခုတို့မှ အလုပ်အကိုင်ရရှိရေး ပြခန်းများ ပါဝင်ပြသခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဦးစီးဌာန၊အဖွဲ့ရုံးများမှ တာဝန်ခံအရာရှိများနှင့်တွေ့ဆုံ၍ လူမှုဖူလုံရေး အာမခံ အလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြားနေသော သားသမီးများအတွက် ပညာသင်စရိတ်နှင့် ငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစု ထောက်ပံ့မှု အကျိုးခံစားခွင့်(၄၀ရာခိုင်နှုန်း)ကို ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နည်းစနစ်မှန်ကန်စွာ ပေးအပ်နိုင်ရေးအတွက် ဦးစီးဌာန၊အဖွဲ့ရုံးများမှ ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)